တောင်ရိုးဓနုတွေရဲ့ လေသံထူး


(တောင်ရိုးလူမျိုး)

ဘာသာစကားတွေကို လေ့လာတဲ့အခါမှာ “လေသံ”[ Linguistics term: Tone ] အပိုင်းကလည်း စိတ်ဝင်စားစရာအပိုင်းတစ်ခုပါ။ လေသံအနိမ့်အမြင့် အတက်အကျ သံတွေက ပြောလိုတဲ့
အဓိပ္ပါယ်ကို ဖော်ဆောင်ပေးတတ်တာက ဘာသာစကားတစ်ခုရဲ့ သဘာဝပါ။ တခါတရံမှာ
“သြော်”ဆိုတဲ့ အသံပြုမှုလေးကပဲ အသံအလေးအနက်ကိုလိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုးယူဆ
လို့ရနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေပြန်ပါတယ်။ “သြော်”ဆိုတဲ့ သံပြေလေးကတော့ တစ်ဖက်
လူပြောတာကို လက်ခံပြီး နားလည်သဘောပေါက်သွားတဲ့ အဓိပ္ပါယ်ရှိပေမယ့် ”သြော်”ဆိုပြီး
အမြင့်သက်သံကနေ နိမ့်ဆင်းလာတဲ့ စောင့်အောက်ပြောသံဆိုရင်တော့ စိတ်မရှည်တဲ့
သဘော ငေါ့ပြောတဲ့သဘော ဆောင်သွားပြန်ပါတယ်။ ဒါကိုကြည့်ရင်ပဲ ဘာသာစကားတွေ
ကို ပြောဆိုရာမှာ နိမ့်မြင့်တက်ကျသံတွေဖြစ်တဲ့ “လေသံ”အပိုင်းဟာ အထူးတလည်လေ့လာ
သင့်တဲ့ အပိုင်းဖြစ်သလို ဘာသာစကားတိုင်းမှာလည်း တစ်ခုနဲ့တစ်ခုမတူညီတဲ့ “လေသံ”
အစွမ်းသတ္တိတွေ ရှိနေပြန်ပါတယ်။
ဒီလို “လေသံ”နဲ့ အဓိပ္ပါယ်ဖော်ဆောင်ပြောဆိုတာကို တိဗက်-မြန်မာ အနွယ်ဝင် ဘာသာ
စကားတွေမှာ အများဆုံးတွေ့ရပါတယ်။
တရုတ် [Chinese]၊ ဟာဆာ [Lhasa] ၊ ဘူတန် [Bhutan]၊ မြန်မာ [Burmese] ၊ ဗီယက်နမ်
[Vietnam] ၊ ထိုင်း [Thailand]၊ လာအို [Laos] စတဲ့ဘာသာစကားတွေမှာ လေသံနဲ့ အဓိပ္ပါယ်
ဖော်ဆောင်ပြောဆိုတဲ့ စကားတွေလှိုင်လှိုင်တွေ့နိုင်တာပေါ့။ တခြားအာဖရိကတိုက်က ဆိုမာလီ
[Somali] ၊ ယိုရုဘာ [Yoruba] ၊ ဇူးလူး [Zulu] ဘာသာစကားတွေမှာလည်း နိမ့်မြင့်တက်ကျ
သံစကားတွေ တွေ့နိုင်ပါသေးတယ်။

(ဓနုလူမျိုး)
လူဦးရေသန်း၅၀ကျော် နေထိုင်ရှင်သန်နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ အဓိက ပြောဆိုသုံးနှုန်း
နေတဲ့ တိဗက်-မြန်မာအနွယ်ဝင် မြန်မာစကားအပြင် တခြားတိုင်းရင်းသား ဘာသာစကား
မျိုးပေါင်း ၁၁၃မျိုးရှိတယ်လို့ UNESCOဘာသာစကားထိန်းသိမ်းရေးအဖွဲ့က အတည်ပြုထား
ပါတယ်။ ဒီအထဲက ရှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသတွေမှာ အများဆုံးနေထိုင်ကြတဲ့
တောင်ရိုး၊ ဓနု လူမျိုးတွေရဲ့ “လေသံ”အပိုင်းဟာလည်း တမျိုးထူးခြားလှပါတယ်။
တိဗက်-မြန်မာ အနွယ်ဝင်တွေဖြစ်တဲ့ တောင်ရိုး၊ ဓနုလူမျိုးတွေဟာ ရှမ်းပြည်တောင်ပိုင်း
မြေလတ်နယ်လို့ခေါ်တဲ့ ရပ်စောက်၊ ရွာငန်၊ ရေဦး၊ ပင်းတယ၊ အောင်ပန်း၊ ဟဲဟိုး၊ ပွေးလှ၊
တောင်ကြီး၊ ဘော်ဆိုင်း အစရှိတဲ့ ဒေသတဝိုက်မှာ အများဆုံးနေထိုင်ကြတာကို တွေ့ရပါ
တယ်။ ဓနုလူမျိုး (တချို့ကရှမ်းဓနုလို့ခေါ်) တွေကိုတော့ တောင်ပိုင်းက မြေလတ်နယ်တွေ
မှာသာမက ရှမ်းပြည်မြောက်ပိုင်း မေမြို့၊ နောင်ချို၊ ကျောက်မဲမြို့ တဝိုက်မှာလည်း တွေ့ရှိ
နိုင်ပါတယ်။ တောင်ရိုး၊ ဓနုတွေပြောဆိုတဲ့ ဘာသာစကားဟာ မြန်မာဘာသာစကားနဲ့ အသုံး
ပိုင်းမှာ သိပ်မကွာခြားလှပေမယ့် စကားပြောဆိုတဲ့ အသံအပေါ့ အလေးပိုင်းမှာတော့ ကွဲပြား
တာကို တွေ့ကြရပါတယ်။

(တောင်ရိုး အမျိုးသမီးများ)
တောင်ရိုးလူမျိုးတွေ ဒီကနေ့အထိ ပြောဆိုနေတဲ့ လေသံတချို့ထဲမှာ ရှေးမြန်မာကျောက်စာ
အသုံးတွေနဲ့ တူညီနေတာကို အထောက်အထားပြုပြီး တောင်ရိုးနဲ့ဓနုလူမျိုးဟာ တကောင်း
မြန်မာတွေရဲ့ အစဖြစ်တယ်လို့ ဆိုကြတာလည်း ရှိပါတယ်။ ဒီသွေးချင်းလူမျိုးသုံးမျိုးတို့ဟာ
အသားအရောင်အရရော၊ ပြောဆိုသုံးနှုန်းတဲ့ ဘာသာစကားအရပါ သိပ်မကွာခြားပုံတွေ
ကြောင့် အခုလို ကြံဆကြတာလည်း ဖြစ်မှာပါ။ ဒီအဆိုတွေအရ ဒီကနေ့အထိ တိကျရေရာတဲ့
လေ့လာသုတေသနပြုမှုတွေ လိုနေသေးတယ်ဆိုတာကို ထောက်ပြနေကြပါတယ်။ တောင်ရိုး၊
ဓနု ကျောင်းသူကျောင်းသားတွေ စုပေါင်းထုတ်ဝေထားတဲ့ “ကျေးလက်တေးသံများ”ဆိုတဲ့
စာအုပ်ဟောင်းလေးထဲက သီချင်းလေးတွေ၊ ကဗျာလေးတွေကိုကြည့်ရင် အဲဒီလူမျိုးတွေရဲ့
လေသံအထင်းသားပေါ်လွင်နေပါတယ်။ တဆက်တည်း မြန်မာတွေပြောဆိုနေတဲ့ လေသံနဲ့
အနည်းငယ်ကွာခြားတာကို တွေ့ကြရမှာပါ။ ကဗျာ အတို အရှည်နဲ့ ကျေးလက်တေးသံပေါင်း
၅၅ပုဒ်လောက်ရှိတဲ့ အဲဒီစာအုပ်လေးအရ အဲဒီလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ လေသံထူး
လေးတွေကို သတိထားမိရာက ဒီဆောင်းပါးလေးကို ရေးချင်စိတ်ပေါက်လာရပါတယ်။
လေသံထူးတွေကို တင်ပြရာမှာ ထင်ရှားသိသာစေတဲ့ ကဗျာ သီချင်းလေးတွေထဲကပဲ သာဓက
ထုတ်နုတ်တင်ပြသွားပါမယ်။

(တောင်ရိုး (ဓနု) လုံမငယ်)
မြန်မာတွေ ပြောဆိုလေ့ရှိတဲ့ နာမ်နှစ်ခုကိုဖြစ်စေ နာမ်နဲ့ကြိယာကိုဖြစ်စေ ဆက်စပ်ပေးတဲ့
ကြားဆက်စကား “နဲ့” (အရပ်ပြောစကား) “နှင့်”(စာပေသုံး) ဆိုတာကို တောင်ရိုး ဓနုတွေ
ကတော့ သံထပ်အမြန်ပြောလေ့ရှိတာကို “တောင်ပို့လုလင်”ဆိုတဲ့ ကဗျာတိုလေးမှာ တွေ့နိုင်
ပါတယ်။
တောင်ပို့လုလင်
ဟင်းချိုပင်
တပင်တရွက်
ခူးလို့ချက်
အိုးပဲ့ ချက်
ခွက်ပဲ့ ခူး
တို့လင်မယား စားလောက် ပူး..........။

ဒီကဗျာတိုလေးမှာ “လင်”နဲ့“ပင်”၊ “ရွက်”နဲ့“ချက်”၊ “ခူး”နဲ့“ပူး”ဆိုပြီးတော့ ကာရံယူပုံတွေက မြန်မာတွေနဲ့တူတာကို တွေ့ရပါတယ်။ လေသံသုံးထူးခြားတာကတော့ “အိုးငယ်နဲ့ချက်” “ခွက်ငယ်နဲ့ခူး”လို့ ဆိုလိုချင်တဲ့နေရာကို “အိုးပဲ့နချက်” “ခွက်ပဲ့နခူး” ဆိုတဲ့ စကားသံထပ် ရွတ်ဆိုရတဲ့ နေရာလေးမှာ တွေ့ကြရပါတယ်။ နောက် မြန်မာတွေက “စားလောက်ဖူး”လို့ ပြောလေ့ရှိတဲ့ “ဖူး”ကိုလည်း “ပူး”လို့ အသံထွက်တာကို တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာတွေသုံးလေ့ရှိတဲ့ “တူရွင်း>>တရွင်း(အသံထွက်)” ကိုတော့ တောင်ရိုးဓနု တွေက ဗျည်းအုပ်စုတူတဲ့ “ရ”ကောက်နေရာမှာ “လ”နဲ့ လှယ်ပြီး “တလွင်း”လို့ အသံထွက်ပြောဆိုကြသလို “ရွှေချ” ဆိုတာကိုတော့ ဗျည်းအုပ်စုမတူတဲ့ “ဆ”လိမ်ကိုယူပြီး “ဆွေချ”လို့ ပြောဆိုကြတာကို တွေ့ရပါတယ်။
နောက်ပြီး “မနေနိုင်>>မနေနှိုင်(အသံထွက်)”ကို “မနေနိန်”
“ဇွန်းကိုင်” ကိုတော့ “စွန်းကိန်”
“အိမ်သား” ဆိုတာကိုတော့ “အိုင်သား”
“မြေညို” ကိုကျတော့ “မလေညို”
“ဆေးညွှန့်ပျို” ဆိုတာကိုတော့ “ဆေးညွန့်ပလို”
“ပျိုလေ ပျိုလန်း” ကို “ပလိုလေ ပလိုလန်း”
“ရေနဲ့ဖျန်း” ဆိုတာကို “ရေနဖလန်း”
“စမ်း” ကို “ဟမ်း”
အစရှိသလို သရတွဲ “.....ိုင်”ကို “...ိန်” ၊ “...ိမ်” ကို “...ိုင်” ၊ ယပင့် ရရစ်အသုံးတွေကိုကျ ဗျည်းသပ်သပ် သရသပ်သပ် သံထင်အဖြစ် ခွဲခြား အသံထွက်ကြတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ဒီလိုလေသံထူးလေးတွေကို ခွဲခြားပြီးမလေ့လာထားရင် သိမထားခဲ့ရင် မြန်မာတစ်ယောက်အနေနဲ့ သူတို့ရဲ့ကဗျာတွေကို ဖတ်ရာမှာဖြစ်စေ ရွတ်ဆိုသံကိုကြားရင်ဖြစ်စေ နားလည်သဘောပေါက်နိုင်ကြမယ် မထင်ပါဘူး။ အခု တောင်ရိုးဓနုတွေရဲ့ အသံထွက်အတိုင်း ရေးထားတဲ့ ကဗျာတိုလေးနှစ်ပုဒ်ကို အသံထွက်ဖတ်ကြည့်နိုင်ပါတယ်။ မြန်မာလေသံတွေနဲ့ မတူတဲ့ အသုံးတွေကို စာလုံးစောင်းနဲ့ ပြထားပါတယ်။

(အခါလူမျိုး)
တရွာသူ တရွာသား
တောင်ယာ သခွား
အခွံ နွေး လို့ အစိမ်းစား
အအားဖြစ်မယ် ထင် ပူး လေး။
တကုန်းခွာ
တရွာသူ တရွာသား
အိုင် သားဖြစ်မယ် ထင် ပူး လေး။

မယ်လေး ဆေးလိပ်ကို စုတ်လိုက်ဟမ်း
တောင်ပို့ မလေညို
ဆေးညွန့် ပလို
ပလိုလေ ပလိုလန်း
ရေ န ဖလန်း
ရေ ဖလန်းပီး
ယွန်းထားငယ် အသာလီး။
ဖျင် ဖလူ န ခံ
ခြင်း ဖလူ န ရုပ်
မယ်ဆေးလိပ်ကို စုတ်လိုက် ဟမ်း အေး
ပန်းဖူးစ မောင်လလေး.........။

ဒီလို ဒေသအလိုက် ကွဲပြားခြားနားတဲ့ “လေသံ”လေးတွေကို လေ့လာရတာဟာ အလွန်စိတ်ဝင်စားစရာကောင်းပြီး တိတိကျကျ လေ့လာရင် ဘာသာဗေဒ ပညာရပ်ဆိုင်ရာ သီအိုရီတစ်ခုတောင် ထွက်လာနိုင်ပါတယ်။ ဒီအဖိုးတန်စာအုပ်လေးဟာ ၁၉၇၀ခုနှစ်က တက္ကသိုလ်ကောလိပ်အသီးသီးမှာ တက်ရောက်နေကြတဲ့ တောင်ရိုး ဓနုလူမျိုးတွေကိုယ်တိုင် ပြုစုထုတ်ဝေခဲ့တာဖြစ်ပြီး မျက်နှာဖုံးပန်းချီ ကတော့ နိုင်ငံကျော်အနုပညာရှင်ကြီး “ဘီအီးဒီအောင်သိုက်”ဖြစ်နေတာ တွေ့ရပါတယ်။ ကဗျာ တို/ရှည်နဲ့ သီချင်းပုဒ်ရေပေါင်း ၅၀ကျော် ပါဝင်တဲ့အတွက် ဒီတစ်အုပ်တည်းနဲ့ကို တောင်ရိုးဓနုဘာသာစကားတွေရဲ့ လေသံတွေ၊ အနက်ကွဲဝေါဟာရအသုံးအနှုန်းတွေ၊ ဒေသိယ စကားတွေကို တော်တော်များများ လေ့လာတွေ့ရှိ နိုင်နေပါပြီ။ လက်တွေ့ကျကျ လေ့လာလိုပါကလည်း အဲဒီလူမျိုးတွေ အများဆုံးနေထိုင်ရာ ရှမ်းပြည်တောင်ပိုင် မြေလတ်နယ်တွေမှာ လည်ရင်းပတ်ရင်း လေ့လာနိုင်ပါတယ်။ ဒါပေမယ့် ဒီ တောင်ရိုး ဓနု ဘာသာစကားဟာ တိုင်းရင်းသားဘာသာစကား ၁၁၃မျိုးထဲက တိမ်မြုပ်ပျောက်ကွယ်တော့မယ့် ဘာသာစကား၂၈မျိုးထဲမှာလည်း ပါဝင်နေတဲ့အတွက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးပေါ်လိုအပ်နေပါပြီ။ ဒီစာအုပ်လေးကို လေ့လာခြင်းဟာ အုတ်တစ်ချပ် သဲတစ်ပွင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတစ်မျိုး ဆိုရင်ဖြင့် ဒီဆောင်းပါးလေး ရေးရကျိုးနပ်ပါပြီ။

ဖြူဖြူဝင်း(မြန်မာစာ)
ကိုးကားစာရင်း
တောင်ရိုးဓနု ကျေးလက်တေးများ (၁၉၇၀)
2009 World’s Languages in Danger Map By UNESCO [ Web page]
Nyilynnseck 18+DEN [ Blog page ]
Tone (Linguistics), Wikipedia Encyclopedia [ Web page ]



3 comments:

  1. ကျွန်တော် စာတွေဖတ်သွားပါတယ်။ မန္တလေးက မြန်မာစာ အထူးပြုသူ စာရေးသူနဲ့ဆုံရတာ ဝမ်းသာပါတယ်။ ခရီးသွားတာ ကြိုက်နှစ်သက်သူမို့ စိတ်ဝင်တစား ဖတ်သွားခဲ့ပါတယ်။ မြန်မာစာတွေကို ပိုပြီးလေ့လာချင်စိတ်တွေ ရင်ထဲမှာ ကိန်းအောင်းနေဆဲပါပဲ။ ကျွန်တော့်ကို နောက်ဆုံးမြန်မာစာသင်ပေးခဲ့သူက မန္တလေးကဆရာကြီး ဦးမြင့်သိန်းပါ။ ဆရာနဲ့မဆုံတာ အတော်ကြာခဲ့ပါပြီ။ မညလင်းဖြူစာတွေ ဖတ်ရတော့ တတ်စေချင်တဲ့ စေတနာတွေနဲ့ သင်ပေးခဲ့တဲ့ ဆရာရဲ့စာတွေကို ထိုအချိန်က ဂရုမပြု ပေါ့ပျက်ပျက်လုပ်ခဲ့မိတာတွေကို ခုချိန်မှာစိတ်မကောင်းဖြစ်မိပါတယ်။ တစ်နေ့ အခွင့်အရေးရရင် မြန်မာစာကျွမ်းကျင်သူ မညလင်းဖြူဆီကနေ ဆည်းပူးခွင့် ရမယ်လို့မျှော်လင့်ပါတယ်။

    ဆက်လက်အားပေးလျှက်

    ReplyDelete
  2. ဝေလင်း26 November 2009 at 12:47

    တကယ်ပါ။ လေးစားပါတယ်။ မြန်မာစာတိုးတက်ရေး တစ်ဖက်တစ်လမ်းက တိုးတက်စေတဲ့ပို့စ်လေးလို့ ယုံကြည်မိပါတယ်။ နောက်ထပ်လည်းရေးပါဦး..

    ReplyDelete
  3. အခုလိုပျောက်ကွယ်လုနီးပါးကျနော်တို့တိုင်းင်းသားစကားစာပေကိုတလေးတနက်ရေးသားပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ရှိပြီး ၀မ်းသာပီတိဖြစ်ရပါတယ် ဒီလိုစာပေတွေဟာခုလိုချိန်တွေမှာ ကျယ်ပြန့်အောင်လုပ်ဖို့အရေးကြီးနေသလို လူတိုင်းကိုသိနားလည်စေလိုပါတယ် ဒါကြောင့် စာရေးသားပေးသူ မညလင်းဖြူကို အထူးကျေးဇူးတင်ရှိပါတယ်

    ReplyDelete