သူတို့မှာလည်း ယုံကြည်သူတွေနဲ့

မြန်မာနိုင်ငံမှာ နတ်ကိုးကွယ်မှုစတင်ခဲ့တာ ပုဂံခေတ်အစပြုကတည်းကဖြစ်ကြောင်း ဒီကနေ့ အပြင် ၃၇မင်း နတ်စာရင်းမှာ နတ်ချုပ်ကြီးနေရာအဖြစ် သတ်မှတ်ခြင်းခံရတဲ့ မင်းမဟာဂီရိနဲ့ နှမတော်မြတ်လှတို့က ထင်ရှားတဲ့သက်သေတစ်ခုပါ။ ဒီလို နတ်ကိုးကွယ်ယုံကြည်မှုဟာ မြန်မာနိုင်ငံမှာတင်မကပါဘူး ကမ္ဘာ့နိုင်ငံအသီးသီးမှာ သူ့ယုံကြည်မှုနဲ့သူ ရှိခဲ့၊ ရှိနေဆဲ၊ တွင်ကျယ်ဆဲဖြစ်တာကို ၂၁ရာစုအထိ တွေ့နေကြရပါတယ်။ ရိုးရာဓလေ့တစ်ခု ဖြစ်သွားတဲ့ သဘောပေါ့။ မနုဿဗေဒပညာရှင်တွေ စိတ်ပညာရှင်တွေကတော့ နတ်ကိုးကွယ်မှုဟာ လူတို့ရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ဘာမှန်းမသိတာကို ကြောက်ရွံ့ခြင်း၊ အားကိုးရှာလိုခြင်း ဆိုတဲ့ အခြေခံစိတ်အစွဲနှစ်မျိုးကနေ ပေါက်ဖွားလာခဲ့တာလို့ ဆိုကြပါတယ်။ ဒီနတ်ကိုးကွယ်ယုံကြည်မှုကို ဗုဒ္ဓဘာသာတွင်ကျယ်တဲ့ မြန်မာနိုင်ငံက ဘာသာရေးလိုက်စားကျင့်ကြံနေတဲ့ ဘုန်းတော်ကြီးတွေကတော့ ပင်မဗုဒ္ဓဘာသာနဲ့ မရောထွေးဖို့ ခွဲခြားသိဖို့ ဟောကြပြောကြတာတွေလည်း ရှိပါတယ်။ ဒီလိုဟောကြပြောကြတဲ့ ကြားကပဲ အခြေတည်ခိုင်မာပြီးဖြစ်တဲ့ အပြင်၃၇မင်း နတ် ပူဇော်ပသမှုတွေအပြင် လူတွေရဲ့ ယူဆချက်အသစ်တွေ ယုံကြည်မှုအသစ်တွေ တိုက်ဆိုင်မှုတွေကတဆင့် ထပ်မံပေါ်ပေါက်လာရတဲ့ နောက်တိုးနတ်တွေကလည်း မြန်မာနိုင်ငံတစ်ဝှမ်း အနှံ့အပြား တွေ့မြင်နေရဆဲပါ။ စာရေးသူကတော့ ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှု အမှန်အမှားဆိုတာတွေထက် မြန်မာတွေရဲ့ရိုးရာယဉ်ကျေးမှု ဓလေ့တွေထဲမှာ ကမ္ဘာက စိတ်ဝင်တစားရှိတဲ့ နတ်ကိုးကွယ်မှုတွေထဲက နောက်တိုးနတ်တွေအကြောင်းကို လက်လှမ်းမီသလောက် လေ့လာထားတာလေးတွေ ဒီဆောင်းပါးမှာ တင်ပြပါရစေ။ ဒီဆောင်းပါးကိုရေးနိုင်ဖို့အတွက် အစပြုပြီး အချက်အလက်စုဆောင်းခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းကပါ။ ဒါပေမယ့် မြန်မာပြည်တစ်ဝှမ်း သူ့ဒေသနဲ့သူ ကွဲကွဲပြားပြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ နောက်တိုးနတ်တွေကို ခြုံမိဖို့က မလွယ်လှပါဘူး။ အချက်အလက်တွေရဖို့ စုဆောင်းခဲ့တဲ့အခါမှာ တချို့ဂျာနယ်တွေထဲက ရရှိခဲ့သလို တချို့ဝတ္ထုတိုတွေထဲက တချို့ကိုယ်တိုင်တွေ့မေးမြန်းခဲ့ တချို့ ကိုယ်တိုင် သွားရောက်စစ်တမ်းကောက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဒီနေ့ထက်ထိ မတိမ်ကောသေးဘဲ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ နတ်ပွဲတွေလည်း ပါဝင်နေပါသေးတယ်။ နှစ်တစ်နှစ်မှာ နတ်နဲ့ဆိုင်တဲ့ပွဲတော်တွေထဲ အစောဆုံးကျင်းပတဲ့ပွဲတော်ကတော့ မုံရွာမြို့က မောင်းထောင်နတ်ပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကို နှစ်စဉ်မတ်လမှာ ကျင်းပလေ့ရှိပြီး ရိုးရာအပြင်၃၇မင်း နတ်တွေကိုသာမက မုံရွာအနီးအနားက နောက်တိုးနတ်တွေကိုလည်း ထည့်သွင်းပူဇော်ကြပါတယ်။ ဒါအပြီး မုံရွာနဲ့ ၁၂ကီလိုအကွာ အလုံမြို့မှာတော့ အလုံဘိုးတော်ကြီးရဲ့သမီး မငွေတောင်နတ်ပွဲကို ကျင်းပပါတယ်။ ဒီနတ်သားအဖကတော့ အပြင်၃၇မင်း နတ်စာရင်းဝင်တွေပါ။ ဒီပွဲမှာတော့ နောက်တိုးနတ်တွေ ဝင်နွှဲပူဇော်တာ မတွေ့ရပါဘူး။ သြဂုတ်လမှာတော့ နာမည်ကြီး ကမ္ဘာကျော် တောင်ပြုန်းနတ်ပွဲမစမီ မန္တလေးတစ်ဖက်ကမ်း မင်းကွန်းရပ်က ရွှေကျွန်းပင်နတ်ပွဲကတော့ နောက်တိုးနတ်ပွဲလို့ ဆိုရမှာပါ။ ဒီနတ်မောင်နှမကို လယ်ယာလုပ်တဲ့သူတွေက သီးနှံကောင်းအောင် ကိုးကွယ်ကြတဲ့အပြင် သစ်လုပ်တဲ့ ဖောင်သမားတွေ သစ်စက်ပိုင်တွေ သစ်အရောင်းအဝယ်လုပ်တဲ့သူတွေကလည်း သူတို့ကိုစောင့်ရှောက်တယ်လို့ အယုံအကြည်ရှိပြီး ကိုးကွယ်ကြပါတယ်။ ဒါ့အပြင် ၂၀၀၂ခုနှစ်ကမှ ပေါ်ပေါက်လာတဲ့ ရွှေကျွန်းပင်နတ်မောင်နှမရဲ့ ဘိုးတော်နဲ့ဘွားတော် နတ်တွေကလည်း up date အဖြစ်ဆုံး ၂၁ရာစု နတ်တွေလို့ ဆိုရမှာပါ။ ၂၀၀၂ ဖေဖော်ဝါရီလလောက်ကမှ ဧရာဝတီမြစ်ထဲ မျောပါလာတဲ့ ကျွန်းတုံးအမြစ်ကြီးဟာ မင်းကွန်းနားတဝိုက်မှာ ရေမျောကမ်းတင်ဖြစ်လို့ ရွာသူရွာသားတွေက ဆယ်ယူထားရာက ဆယ်တဲ့အထဲက ရွာသားတစ်ယောက်ကို အိပ်မက်အပေးခံရလို့ အဲဒီကျွန်းတုံးကြီးမှာ အစောင့်ရှိတယ် လက်ရှိကိုးကွယ်နေကြတဲ့ ဒီနယ်အပိုင် ရွှေကျွန်းပင်နတ်မောင်နှမတို့ရဲ့ ဘိုးတော်နဲ့ဘွားတော်တွေလို့ အယူအဆရှိ ယုံကြည်ကြရာက နေရာပေးကိုးကွယ်လာကြတာပါ။ ဒီနတ် ဘိုးတော်နဲ့ဘွားတော်ကိုတော့ စီးပွားရေးလုပ်တဲ့ သစ်အရောင်းအဝယ်သမားတွေ ဖောင်သမားတွေထက် တစ်နှစ်သုံးသမားတွေ [တစ်= တစ်လုံး-ဘောလုံး၊ နှစ်= နှစ်လုံးထီ၊ သုံး=သုံးလုံးထီ-ချဲထီ]က အများဆုံး ကိုးကွယ်ပူဇော်လာကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုပ္ပါးတောင်ကလပ်ပေါ်မှာ ထိုင်ဝမ်က တရုတ်လူမျိုးတွေလှူသွားခဲ့တဲ့ တရုတ်ဥတည်ပွားနဲ့ ကွမ်ရင်မယ်တော်တို့ကိုလည်း ပုပ္ပါးတောင်ကလပ် အနောက်ဖက်ကျကျမှာ နေရာပေးပြီး ပူဇော်ပသမှုတွေ ပြုလုပ်လာကြသူတွေထဲမှာ မြန်မာတွေလည်း ပါဝင်လာပါတယ်။ လာဘ်ရွှင်တယ်၊ ဝင်ငွေကောင်းတယ်လို့ မြန်မာတွေကပါ ယုံကြည်မှုရှိပြီး သူတို့အကြိုက် အမွှေးတိုင်ထွန်းတာ ငွေလှူတာ မရွေးမုန့်တွေကို နတ်စာအဖြစ်ကျွေးတာတွေက မပြတ်ဘူးလို့ တောင်ကလပ်ပေါ်က နန်းစောင့်ပုဂ္ဂိုလ်လေးက ပြောပြပါတယ်။
နောက်တိုး တရုတ်နတ်တွေလို့ ဆိုရမှာပါ။ ၁၉၅၂ခုနှစ်ကမှ ထွက်ရပ်ပေါက်ဖြစ်သွားတယ်လို့ ယုံကြည်ကြတဲ့ ပုပ္ပါးတောင်က ဘိုးမင်းခေါင် ကလည်း ရှေးကျတဲ့အပြင် ၃၇မင်းနတ်စာရင်းထဲတော့ မပါဝင်ပေမယ့် တောင်ကလပ်ပေါ်မှာ တခမ်းတနား နေရာပေး ကိုးကွယ်ကြတာကို တွေ့ရပါတယ်။ တောင်ကလပ်ရင်ပြင်တော်အထွက်နားမှာ ရှိတဲ့ ဘိုးမင်းခေါင်နောက်ဆုံးအိပ်ခဲ့တဲ့ အိပ်ယာကို ဦးခေါင်းနဲ့ထိပြီး ကျန်းမာရေးကောင်းအောင် ခေါင်းမကိုက်အောင် ဗိုက်မနာအောင် ဦးတိုက်ဆုတောင်းနေသူတွေကလည်း မနည်းတာကို တွေ့ခဲ့ရပါတယ်။ ဒီပုပ္ပါးတောင်တော်မှာပဲ အပြင်၃၇မင်း စာရင်းထဲမပါပေမယ့် နေရာရပြီး ကိုးကွယ်သူတွေရှိနေတဲ့ နောက်ထပ်နတ်တစ်ပါးကတော့ ပဌမံအပ ဘိုးဘိုးအောင်ပဲဖြစ်ပါတယ်။ ဘိုးဘိုးအောင်ဆိုတော့ ပုဂံရွှေစည်းခုံဘုရားဝင်းအတွင်းက နတ်စာရင်းထဲမှာပါတဲ့ ဦးအောင်ပြည့်တို့ ကိုအောင်စွာနတ်တို့ ဖြစ်လေမလားဆိုပြီး စုံစမ်းကြည့်တော့ သူတို့မဟုတ်ဘဲ သူ့ရာဇဝင်နဲ့သူ ဖြစ်တည်လာတဲ့ နောက်တိုးနတ်ဖြစ်နေတာကို သိခဲ့ရပါတယ်။
ပုပ္ပါးကနေ ပုဂံညောင်ဦးကိုသွားတဲ့လမ်းမှာ နာမည်ကြီးလမ်းတစ်ခုဖြစ်တဲ့ ဗျတ္တပန်းဆက်လမ်းအဆုံး ရွှေလှိုင်းရွာမှာတော့ နောက်တိုးနတ်တစ်ခုဖြစ်တဲ့ ရွှေလှိုင်းနတ်ကို အဆောက်အဦခမ်းနားကြီးကျယ်စွာနဲ့ နေရာပေးဆောက်လုပ်ပူဇော်ထားတာ ရှိပါသေးတယ်။ ဒီ ရွှေလှိုင်းနတ်ကတော့ ရွာနီးစပ်ချုပ်နဲ့ ဒီနယ်တဝိုက်က ဆွေပြမျိုးပြနတ်လို့ ခေါ်ရမှာပါ။ တနယ်သားနဲ့တနယ်သား ဖူးစာဆုံလို့ ပေါင်းဖက်ကြတဲ့အခါဖြစ်စေ သားဦးသမီးဦးမျိုးပွားလာရင်ဖြစ်စေ အန္တရာယ်ကင်းအောင် မိသားစုတိုးတက်ကြီးပွားအောင် စောင့်ရှောက်အောင်လို့ အသိပေးဆွေမျိုးပြပူဇော်ရပါတယ်။ ဒီနယ်သား နယ်သမီးနဲ့ ဖူးစာဆုံရတဲ့သူ ဘယ်သူဖြစ်ဖြစ် လာရောက်ပြသ ပူဇော်ရတဲ့ ဓလေ့ရှိရပါသတဲ့။ ဒီဓလေ့လေးနဲ့ပတ်သက်လို့ ဆရာမခင်ခင်ထူးရဲ့စကားလေးတခွန်းက မှတ်သားစရာပါ။
“မဖြူရယ်... ယုံတာမယုံတာ ကိုးကွယ်တာ မကိုးကွယ်တာ ထားပါ။ ဒါက ကိုယ့်အပိုင်းပေါ့။ ဒီဓလေ့လေးကို ရိုးရာဖြစ်လို့ လိုက်နာတော့ အဝေးရောက်နေတဲ့ သူတွေက တစ်ခါတစ်ခေါက်တော့ ကိုယ့်ဇာတိကို ပြန်လာရတယ်။ ဆွေမျိုးတွေနဲ့ တွေ့ရဆုံရတယ် အဆင်ပြေသူတွေက ဒီအတွက်လာကြရင်း ရောက်တုန်းရောက်ခိုက် ကိုယ့်နယ်ကိုယ့်ရွာမှာ လိုအပ်တဲ့ အပိုင်းတွေကို လှူသွားကြတာတွေကလည်း ရှိတာက အမြတ်ပဲပေါ့” တဲ့။ အကောင်းမြင်ပြီး ချစ်စရာကောင်းတဲ့ အယူအဆလေး စကားလေးပါ။
ပုဂံရောက်တော့ ဧရာဝတီမြစ်ကမ်းနဖူးမှာတည်ထားတဲ့ ဗူးဘုရားမှာ အပြင်၃၇မင်းမှာ မပါတဲ့ ဘိုးဘိုးကြီး ရှင်မုန်တိုင်း နတ်ကွန်းလေးကို ဘုရားရင်ပြင်တော်ရဲ့ အရှေ့တောင်ထောင့်နားလေးမှာ တွေ့ခဲ့ရပါတယ်။ ရှင်မုန်တိုင်းဆိုတဲ့အတိုင်း ရေလမ်းခရီးနဲ့ သွားလာလုပ်ကိုင်နေကြရတဲ့ တံငါသည်တွေ လှေ မော်တော်မောင်းတဲ့သူတွေနဲ့ ခရီးသွားတွေအများစုက လှိုင်းဒဏ် လေဒဏ် မုန်တိုင်းဒဏ်က ကင်းဝေးဖို့ သွားခရီး လာခရီး ဖြောင့်တန်းဖို့အတွက် ယုံကြည်မှုတွေနဲ့ ပူဇော်ပသ ကိုးကွယ်ကြပါတယ်။ ဒါက မြန်မာရှေးဟောင်း မြို့တော်ကြီး ပုဂံနဲ့ပုပ္ပါးနယ်တဝိုက်မှာ ရောက်ခဲ့စဉ်က ရရှိခဲ့တဲ့ နောက်တိုးနတ်စာရင်းလေးတွေပါ။ ကိုးကွယ်ယုံကြည်တဲ့ ပရိသတ်နည်းတာများတာ ကွာပေမယ့် သူ့အကြောင်းနဲ့သူ တိုက်ဆိုင်မှုတွေ ယုံကြည်ချက်တွေနဲ့ပါ။
နောက်ပြီး မြင်းခြံနယ်တဝိုက် မဲပင်ရွာက အမေကြီးကြေးခွံနတ်ကလည်း ၂၁ရာစု ဒီဖက်ပိုင်းမှာ နတ်ပွဲတွေ ဘာတွေနဲ့ တခမ်းတနား ကျင်းပလာကြပြီး ယုံကြည်ကိုးကွယ်သူတွေကတော့ တစ်လုံးသမားတွေ (ဘောလုံးလောင်းကြသူတွေ) အများစုဖြစ်လာပါတယ်။ ဒီကနေ့ခေတ်မှာ ရွာတွေအထိ ကျော်ကြားလူသိများလာတဲ့ အင်္ဂလန်က ပရီမီးယားလိဂ်တို့ ဥရောပချံပီယံလိဂ်တို့ စတဲ့ ဘောလုံးပွဲစဉ်တွေမှာ ကိုယ်အားပေးတဲ့အသင်း အနိုင်ရဖို့အတွက် စောင့်ရှောက်စောင်မပေးတဲ့နတ်ဖြစ်တယ်လို့ အယူရှိကြပြီး ဒီလောက်ကျော်ကြားလာရတာပါ။ အမေကြေးခွံနတ်ဟာ ကနဦးက မဲပင်ရွာမှာပဲ “မိသားစု တပိုင်တနိုင်နတ် ကိုယ့်ခြံ ကိုယ့်ဝိုင်းထဲ နတ်ကွန်းဆောက်ပြီး သားတွေသမီးတွေ ဆွေမျိုးတွေလောက်ကပဲ ပသကြတဲ့နတ်အဖြစ် သဘောထားကြရာက သည်ဖက် အနှစ်နှစ်ဆယ် အစိတ်လောက် ရောက်တော့ နတ်သတင်းကြီးလာခဲ့သတဲ့”
နောက်ပိုင်း ပါဝါတိုးပြီး ရွာပြင်ကွက်လပ်ကြီးမှာ နတ်ကွန်းကြီးထိုး နန်းကြီးပေးပြီး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့တဲ့အထိ တွင်ကျယ်လာတဲ့ နောက်တိုးနတ်တစ်ပါးပါ။ နတ်ကွန်းမှာ နတ်ရုပ်မရှိသေးလို့ နတ်ရုပ်ကို မန္တလေးမဟာမြတ်မုနိဘုရားကြီးက ပန်းပုဆရာဆီမှာ အပ်ကြရာက ပန်းပုဆရာထုပေးလိုက်တဲ့ ရုပ်တုက လာဘ်ရွှင်အောင်လို့ လက်တဖက်က ငွေထုပ်ပိုက်ပြီး ကျန်တဖက်က ရွှေတုံးလေးမြှောက်ပြနေတဲ့ပုံ ထုပေးလိုက်တာကို ဘောလုံးပွဲက ဒိုင်လူကြီးဒီဇိုင်း ဘောလုံးပိုက်ပြီး ခရာမှုတ်နေတဲ့ အရုပ်နဲ့တူတယ်လို့ ပြောကြ ယူဆကြရာက ဘောလုံးဝါသနာပါသူတွေက အဆက်အသလုပ်လာကြတာပါ။ ဒီကတဆင့် တိုက်ဆိုင်မှုတွေကြောင့် ဒီနတ်ဟာ ကိုယ်အနိုင်ရလိုတဲ့ ဘောလုံးအသင်းနိုင်စေတယ်ဆိုတဲ့ အယူအဆတွေကနေ ဘောလုံးနတ် ဖြစ်လာရတာတဲ့လေ။ အဲဒီနန်းက နတ်နေတွေ ကနားစီးတွေရဲ့ နာမည်တွေကအစ စိတ်ဝင်စားစရာပါ။ နတ်နေ ဒရော့ဘာ၊ နတ်နေ ကာကာ၊ နတ်စီး အီတူးတဲ့။
ဒါ့အပြင် မန္တလေးအနားတဝိုက်မှာလည်း နောက်တိုးနတ်တွေ ပေါ်ပေါက်ဆဲ တွေ့နေရဆဲဖြစ်ပါတယ်။ ပလိပ်မြို့မြွေဘုရားက နဝရတ္ထမယ်တော်ဆိုလည်း ၂၀၀၁ခုနှစ်ကမှ ဝုန်းဆို ထပေါ်လာတဲ့ နဂါးမယ်တော်ပါ။ မြွေဘုရားစေတီရဲ့ အနောက်မြောက်ဖက်မှာ နေရာပေးပူဇော်ထားတာကို တွေ့နိုင်ပါတယ်။ နတ်ဆိုတာထက် နဂါးသိုက်ရဲ့ သိုက်ချုပ်မယ်တော်လို့ ဆိုကြတာပါ။ ဘယ်လိုက ဘယ်လို ဆက်စပ်တယ်တော့ မသိပါဘူး။ ရန်ကုန်က ဗိုလ်တစ်ထောင်ဘုရားဝင်းအတွင်းက မြနန်းနွယ်ရဲ့ အဆက်အနွယ်လည်း ဖြစ်ပါသတဲ့။ ယုံကြည်မှုနဲ့အတူ အလှူရှင်ပေါ်လာလို့ နန်းကို တခမ်းတနားဆောက်လုပ် ပူဇော်လှူဒါန်းထားတာကို မြွေဘုရားရောက်တဲ့အခါမှာ တွေ့နိုင်ပါတယ်။
နောက်ပြီး မန္တလေးအရှေ့ဖက် ရွှေစာရံဘုရားဝင်းအတွင်းက ဘုရားဒါယိကာမ စောမွန်လှဟာလည်း ပုဂံခေတ်ကတည်းက ဖြစ်ပေမယ့် အပြင် ၃၇မင်း နတ်စာရင်းထဲမှာ မပါဝင်ပါဘူး။ သူ့ဟာနဲ့သူ နတ်အဖြစ် သီးခြားရပ်တည်နေပြီး သူနဲ့ပဌာန်းဆက်တူတယ် ဘဝဟောင်းက ဆွေမျိုးတော်ခဲ့ရင် စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ယူဆနေပြီး နေရာပေးကိုးကွယ်ပသကြတာကိုလည်း မန္တလေးမြို့ထုတ် သတင်းစာကြော်ငြာတွေထဲမှာတောင် တွေ့နေရပါတယ်။ မန္တလေးမြို့ တောင်ဖက် အထွက်လမ်း စဉ့်ကိုင်ပေါ်တော်မူဘုရားမှာတော့ ရွှေစာရံက စောမွန်လှရဲ့နှမတော် စဝ်မွန်လှကိုလည်း အဲဒီဘုရားဝင်းအတွင်း စောင့်ရှောက်တယ်လို့ ယုံကြည်ယူဆကြရာက ဘုရားတောင်ဖက်မှာ နေရာပေးကိုးကွယ်ထားတာကိုလည်း တွေ့ရပြန်ပါတယ်။ သူလည်း ၂၀၀၀ပြည့်နှစ် ဒီဖက်ပိုင်းရောက်မှ ပေါ်ပေါက်လာရတဲ့ နောက်တိုးနတ်တစ်ပါးပါ။ နန်းသာမက ကနားဆိုင်းဝိုင်းကိုပါ ထားရှိပေးထားတာကို တွေ့ရပါတယ်။ နှမတော်လေးရဲ့ ကနားကို တတ်နိုင်သလောက်အလှူငွေထည့်လိုက်ရင် ဆိုင်းဝိုင်းက ကနားဆိုင်းတီးပေးပြီး သီချင်းပါ ဆိုပေးပါတယ်။ ရှမ်းအနွယ်ဝင်နတ်ဖြစ်လို့ “ရှမ်းရိုးမက အိုးစည်သံ... ဗေပုံတီးလို့ညံ....” အစချီတဲ့ သီချင်းတောင် ပါပါသေးတယ်။ စိတ်မထိန်းနိုင်ရင်တော့ အလှူရှင်ကိုယ်တိုင် ဝင်ကလို့ ရတယ်လေ။ မန္တလေးမြောက်ဖက် မတ္တရာလမ်းပေါ်က တောင်ပြုန်းရွာနဲ့ မလှမ်းမကမ်းက မရွှေဥနတ်ကလည်း အပြင်၃၇မင်း စာရင်းဝင် မင်းကြီး မင်းလေးရဲ့ ရန်ဖက်ဖြစ်ပြီး အဲဒီစာရင်းထဲကို မဝင်တဲ့ အမျိုးသမီး နတ်ပါ။ သူကလည်း ပွဲတော်ကို စည်စည်ကားကား တခမ်းတနား ကျင်းပတဲ့ နတ်ပွဲဖြစ်ပါတယ်။ အပျိုကြီးတွေ ယောက်ျားအလိုမရှိတဲ့သူတွေ ပိုကိုးကွယ်ကြတဲ့ နတ်ပါ။
မန္တလေးမြို့တဖက်ကမ်း စစ်ကိုင်းတောင်ရိုးမှာလည်း နောက်တိုး အမျိုးသမီးနတ်တွေကို တွေ့ရပြန်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံ မန္တလေးခေတ်က နာမည်ကြီး အမျိုးသမီးတွေ ဖြစ်ပါတယ်။ ရတနာပုံမယ်တော်ကြီး ဒေါ်စိန်ရ၊ ရတနာပုံမယ်တော်ကြီး ဒေါ်စိန်လှ၊ လှိုင်ထိပ်ခေါင်တင်၊ နန်းမတော် စုဖုရားလတ်၊ မယ်တော်ကြီး ဒေါ်စောတင်၊ ဒေါ်စိန်မြ၊ လေဘာတီမမြရင် တို့ ဖြစ်ကြပါတယ်။ ဒီအမျိုးသမီးခြောက်ဦးဟာ လင်ယောက်ျားနဲ့အဆင်မပြေသူတွေ၊ လင်ကွဲ မယားကွဲ ကိစ္စတွေ၊ ယောက်ျားဖြစ်သူက အငယ်အနှောင်းယူ ဖောက်ပြန်နေလို့ အဆင်မပြေတဲ့ အမျိုးသမီးတွေက ယုံကြည်စွာနဲ့ အဓိဌာန်ပြု ဆုတောင်းကိုးကွယ်နေကြတာလို့ ဆိုပါတယ်။ ဘုရားတည်တဲ့ ဒါယိကာကို စေတီမတည်မီ ဒီနေရာမှာ အခုလို အမျိုးသမီးခြောက်ဦးက အစောင့်အရှောက်ဖြစ်နေတယ်လို့ အိပ်မက်ပေးရာက ဒီ မဟာရတနာပုံ မဟာဒေဝီမြတ်ဗိမာန်တော်ကို တည်ဆောက်နေရာပေးထားရတာလို့ ဆိုပါတယ်။ ဒီဗိမာန်တည်အပြီးမှာတော့ အိမ်ထောင်ရေးကိစ္စတွေမှာ အဆင်မပြေသူအမျိုးသမီးအချို့က ကိုးကွယ်လာကြပါတယ်။ ၂၁ရာစုခေတ်ပေါ် နောက်တိုးအမျိုးသမီးနတ်တွေလို့ ဆိုရမှာပါ။ အရင်က ဒီလို အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေဟာ အပြင် ၃၇မင်း စာရင်းဝင် မငွေတောင်နတ်ကို ကိုးကွယ်ခဲ့ကြတာပါ။ အခုတော့ မငွေတောင်နတ်က ဒိတ်အောက်သွားတဲ့သဘောပေါ့။ ထူးခြားတာက ဒီအမျိုးသမီးနတ် ၆ဦးလုံး ရုပ်တုရယ်လို့ မရှိသေးတာပါ။ ဗိမာန်ထဲမှာ ပန်းချီကားကြီးတွေအဖြစ်သာ တွေ့မြင်ကြရမှာပါ။ ဒါပေမယ့် ပူဇော်ပသရမယ့် နေရာတော်တွေကိုတော့ ပြင်ဆင်ထားရှိပေးထားပါတယ်။ အများအားဖြင့် ပန်းကုံးတွေပူဇော်ကြတာကို တွေ့ရပါတယ်။
မန္တလေးအရှေ့ဖက် ပုသိမ်ကြီး ရန်ကင်းတောင်ခြေက ဆိတ်သဲတောင်တော်သစ္စာတိုင် ကျောက်စာတောရကျောင်းဝင်းအတွင်းက တောင်ပေါ်ဘုရားစေတီလေးရဲ့ လက်ယာဖက်အဆင်းမှာ ဘုရားကိုတည်ခဲ့တဲ့ ဘုရားအမ ရူပမုက္ခမယ်တော်ကြီးနဲ့ သူ့သမီးတော် အိရမ္မလာတို့ နတ်သားအမိကလည်း နောက်တိုးနတ်တွေပါ။ နေရာပေးဆောက်လုပ်ထားရတဲ့အပြင် နတ်ရုပ်တုကိုပါ ထုလုပ်ပသထားတာ တွေ့ခဲ့ရပါတယ်။ မယ်တော်က အစိမ်းရောင်ဝတ်စုံနဲ့ သမီးတော် အရိမ္မလာကတော့ ပန်းနုရောင် ဝတ်စုံနဲ့ပါ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက တောင်ထိပ်ကမူလေးပေါ်မှာ တည်ထားတဲ့ ဘုရားစေတီမှာကိုပဲ အစောင့်အရှောက်ရှိတယ်ဆိုတဲ့ အယူအဆနဲ့ အခုလိုနေရာပေးပြီး ရုပ်တုနဲ့ဘာနဲ့ ပူဇော်ထားရှိတတ်ကြတာကလည်း နောက်ထပ်နတ်အသစ်တွေ တိုးပွားလာစေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပခုက္ကူခရိုင် မြောင်မြို့မှာလည်း ကျောက်နဂါး (ကျောက်ကနေ နဂါးရုပ်ပုံပေါ်လာလို့) အနီးအနား ရွာသူရွာသားတွေက ဆက်လက်ထွင်းထု နေရာပေး ဗိမာန်ကြီး ဆောက်လုပ်ပူဇော်ရင်း အလှူရှင်ပေါ်လာလို့ အခုဆိုရင် လာရောက်ဖူးမျှော်လည်ပတ်သူတွေနဲ့ နာမည်ကြီးနေရာတစ်ခုလို ဖြစ်လို့လာနေပါပြီ။ ဒါကလည်း ၂၁ရာစုရဲ့ နောက်တိုးနတ်နဂါးတစ်ပါးလို့ ဆိုရမှာပါ။ ထူးခြားတာတစ်ခုက အဲဒီ ကျောက်နဂါးဗိမာန်ကြီးရဲ့ အရှေ့ဖက် အထွက်နားမှာ အပြင် ၃၇မင်း နတ်စာရင်းဝင် အမေရေယာဉ် မယ်တော်ကို နန်းအသေးလေးဆောက်ပြီး နေရာပေးထားတာပါ။ နန်းအပြင်ဖက် လက်ယာဘက်မှာတော့ မြင်ရခဲတဲ့ အုန်းပွဲ ငှက်ပျောပွဲကို အုတ် အင်္ဂတေ အခိုင်အမာနဲ့ ပုံစံထွင်းပြီး အကြီးကြီး ပူဇော်ထားတာပါ။ အမေရေယာဉ်နဲ့ အခုမှပေါ်လာလို့ ကျောက်နဂါးကလည်း ပဌာန်းဆက်ချင်း တူကြပါသတဲ့။ ဒီကျောက်နဂါးကအထွက် မြောင်-ပခုက္ကူလမ်းမကြီး အနီးမှာလည်း ကျောက်ကလေးဆိုပြီး ကလေးငယ်ပုံစံလေးပေါက်နေလို့ အခုလို နေရာပေးထားရတာပါတဲ့။ အခန်းငယ်လေးတစ်ခုကိုပြလို့ ကြည့်လိုက်တော့ လသားကလေးငယ်တွေသုံးတဲ့ ဒီခေတ်ပေါ် ရယ်ဒီမိတ်ပုခက်လေးတွေ ကလေးအရုပ်လေးတွေ ချိုလိမ် ပလုပ်တုတ် ကလေးကျောက်ပြင်အသေးလေး ရောင်စုံဘောလုံးလေးတွေ စတဲ့ ကလေးပစ္စည်းအတော်များများကို တွေ့လိုက်ရပါတယ်။ အဲဒါတွေက ကလေးမရလို့ လာရောက်ဆုတောင်း အဓိဌာန်ကြရာက ဆုတောင်းပြည့်လို့ လာရောက် လှူဒါန်းထားကြတာတွေပါတဲ့။ တကယ် ကလေးကစားကွင်းလား၊ ကလေးပစ္စည်းရောင်းတဲ့နေရာလားလို့ ထင်မှတ်မှားစရာပါ။ ဒါကလည်း အပြင်၃၇မင်းစာရင်းဝင် မနှဲလေးဒိတ်အောက်သွားလို့ ၂၁ရာစုမှပေါ်လာတဲ့ ခေတ်ပေါ် နောက်တိုး ကလေးနတ်တမျိုးလို့ ဆိုရမှာပါ။ ဒီကျောက်ကလေးက မနှဲလေးထက် ငယ်ပါတယ်။ အနှီးလေးနဲ့ လသားအရွယ်လောက်ပဲ ရှိသေးလို့ပါ။
အပြင် ၃၇မင်း နတ်စာရင်းမဝင်ဘဲ နောက်တိုးနတ်တွေအဖြစ် သူ့ပရိသတ်နဲ့သူ ရပ်တည်ပူဇော်ပသခံနေရတဲ့ နတ်စာရင်းတွေဟာ ၂၁ရာစု ဒီဖက်ကို အတော်လေးလွန်လာတဲ့အထိ အသစ်အသစ်တွေ တိုးနေဆဲဖြစ်တာကို တွေ့ရပါတယ်။ စီးပွားရေး လူမှုရေး အချက်အခြာကျတဲ့ မြို့ကြီးအဖြစ် အခုချိန်ထိရပ်တည်နေသေးတဲ့ ရန်ကုန်မြို့တော်ကြီးမှာဆိုရင်လည်း နိုင်ငံခြားသားတွေ စိတ်ဝင်တစား သွားရောက်မှုများတဲ့ အဓိကနေရာ ငါးနေရာထဲမှာ နောက်တိုးနတ်တစ်ပါးဖြစ်တဲ့ ထောက်ကြန့်လမ်းဆုံက ရွှေညောင်ပင် နတ်ကွန်းကလည်း တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ အဝေးပြေးကားလမ်းမကြီးတွေကို စောင့်ရှောက်ပေးနေတယ် အန္တရာယ်ကင်းစေတယ်လို့ အယူအဆရှိကြပြီး ကားကြီးကားငယ်အသွယ်သွယ်က နတ်ကွန်းကို ဝင်ရောက် ဦးတိုက်ပြီး ပန်းဆက်သလှူဒါန်းကြ ကားနဲ့ဦးသုံးကြိမ်တိုက်ကြတဲ့ဓလေ့ဟာ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်တစား လေ့လာစရာတစ်ခု ဖြစ်ဟန်တူပါတယ်။ Tourist Attraction Top 5 ထဲမှာကို ပါဝင်လာရတော့တာပါ။ ဒါ့အပြင် ရန်ကုန်မြို့အတွင်း မြို့လယ်က ဆူးလေဘုရားဝင်းအတွင်းက ဆူးလေဘိုးဘိုးကြီးတို့ ဗိုလ်တထောင်ဘုရားဝင်းအတွင်းက နဂါးမယ်တော် မြနန်းနွယ်တို့ဟာလည်း သူ့ပရိသတ်နဲ့သူ ကိုးကွယ်ယုံကြည်သူတွေနဲ့ ရပ်တည်နေကြတဲ့ နောက်တိုးနတ်တွေပါ။
နောက်ပြီး မနေ့တစ်နေ့ကမှ တွေ့လိုက်ရတဲ့ အထောက်အထားလေးတစ်ခုကလည်း နောက်တိုးနတ်တမျိုးလို့ ဆိုရမှာပါ။ ၂၀၁၁ မတ်လထဲမှာ လှုပ်ခတ်သွားတဲ့ တာလေငလျင်အပြီးမှ တွေ့လိုက်ရတာပါ။ တာချီလိတ်မြို့နယ်နဲ့ တခြားငလျင်ဒဏ်ခံခဲ့ရတဲ့ မြို့ရွာလေးတွေမှာ ငလျင်လှုပ်အပြီး မြေနတ်ပူဇော်ပွဲ ပြုလုပ်ကြတဲ့သတင်းပါ။ ကိုယ့်ခြံဝင်းအတွင်း တံခါးပေါက်တွေမှာ သဲပုံလေးတွေပုံပြီး ရေခွက်၊ ထီးဖြူ၊ ပန်း၊ ဖယောင်းတိုင်လေးတွေထွန်းပြီး နောက်ထပ်အခုလို ငလျင်ပြင်းပြင်း မလှုပ်တော့အောင် အန္တရာယ်ကင်းအောင် ဆုတောင်းပွဲလုပ်ကြတာပါ။ ဒီနတ်ကတော့ မြေနတ်လို့ ဆိုထားတဲ့အတွက် နတ်ရုပ်တုမလို ကနားတို့ နန်းတို့ ဆောက်ဖို့ မလိုဘဲ အကုန်အကျသက်သာတဲ့နတ်လို့ ဆိုရမှာပါ။
ဘာမှန်းမသိတာကြီး မျက်စိနဲ့မမြင်ရတာကြီးကို တွေးပြီးကြောက်ရွံ့လို့ဖြစ်စေ၊ စိုးရိမ်ပူပန်လို့ဖြစ်စေ၊ မယုံကြည်ပေမယ့် ရိုးရာဓလေ့ကို မပယ်ဖျက်ချင်လို့ဖြစ်စေ၊ တိုက်ဆိုင်မှုတွေများလာလို့ ရင်ထဲအသည်းထဲက နှစ်နှစ်ကာကာနဲ့ ယုံကြည် သက်ဝင် လို့ဖြစ်စေ၊ မိဘဘိုးဘွားအစဉ်အဆက်က ကိုးကွယ်ခဲ့လို့ဖြစ်စေ၊ ဖြစ်စေပေါင်း အကြောင်းများစွာတွေနဲ့အတူ ဘယ်သူတွေ ဘယ်လို ဆိုကြ ဆုံးမကြ ပြောကြပါစေ ၂၁ရာစုကို ဆယ်နှစ်စွန်းစွန်းလွန်လာတဲ့ ၂၀၁၁အထိကိုပဲ အစဉ်အဆက်က ရှိခဲ့ပြီးသား အပြင် ၃၇မင်းနတ်တွေ အပြင် အယူအဆသစ်၊ ယုံကြည်မှုအသစ်တွေနဲ့ နတ်အသစ် တွေကလည်း တိုးပွားနေဆဲဖြစ်တာကို တွေ့ကြရပါတယ်။ ဒါတွေရဲ့ အဓိကအကြောင်းအရင်းကတော့ စီးပွားမဖြစ်တဲ့သူတွေက စီးပွားပုံမှန်လေးဖြစ်ချင်တယ်၊ ကိုယ်လုပ်တဲ့ ကိုင်တဲ့အရာတွေမှာ အန္တရာယ်ကင်းချင် အနှောင့်အယှက်ကင်းချင်ကြတယ်။ စီးပွားဖြစ်တဲ့သူတွေကလည်း ရှိပြီးသားလေး ဆုံးရှုံးသွားမှာ ကြောက်သလို ရှိတာထက်တိုးပွားချင်ကြတယ်။ တခြားလူမှုရေးအဆင်မပြေသူတွေကလည်း လိုချင်တာ ဖြစ်ချင်တာတွေ ရနိုး ဖြစ်လာရနိုးနဲ့ မျှော်လင့်လာကြတယ်။ ဒီလို မသိစိတ် သိစိတ် လောဘလေးတွေကနေ အားကိုးရာရှာ ဆုတောင်းကြ၊ တိုက်ဆိုင်မှုရှိရင် ယုံကြည်လာကြရာက အကြောင်းအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးတွေနဲ့ နောက်ထပ် နတ်အသစ်တွေလည်း တိုးပွားလာရပြန်ပါတယ်။ ဒါတွေက စာရေးသူလက်လှမ်းမီသလောက်သာ တင်ပြထားတာပါ။ နောက်တိုးနတ်တွေနောက်ကိုလိုက်ပြီး စစ်တမ်းကောက် ပြုစု စုစည်းရတာဟာ ဘာသာစကားတွေကို လေ့လာစုဆောင်းရသလိုပဲ များပြားပျံ့နှံ့နေပြီး မပြီးပြည့်စုံနိုင်ဘဲ ကျယ်ပြန့်လှတာကို တွေ့လာရပါတယ်။ ဒါကြောင့် အားမရနိုင်သေးသလို ကြွင်းကျန်နေတဲ့အပိုင်းလည်း ရှိနေပါသေးတယ်။ ဘယ်နတ်က ရေပန်းစားနေလဲ ကိုးကွယ်ယုံကြည်မှုများနေလဲ ဆိုတာတွေကို လေ့လာကြည့်တာဟာ ခေတ်ကြေးမုံကို လေ့လာကြည့်ခြင်းတမျိုးလည်း ဖြစ်တယ်လေ။ လူတွေရဲ့အဆင်မပြေမှုတွေကလည်း နဂိုရှိပြီးသား အပြင်၃၇မင်း နတ်တွေနဲ့တင် မလုံလောက်နိုင်တော့ အားမရနိုင်တော့တာကလည်း ဒီနောက်တိုးနတ်လေးတွေ တိုးပွားလာတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်မှာပါ။

ဖြူဖြူဝင်း (မြန်မာစာ)

ကိုးကားစာရင်းစု-
ခင်ခင်ထူး “နတ်ကယ်ပေါက်” (ဝတ္ထုတို) ၊ ပေဖူးလွှာရသစုံမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၃ နိုဝင်ဘာ ၂၀၀၉
ခင်မောင်သန်း (စိတ်ပညာ) ရိုးရာနတ်ယုံကြည်မှုနှင့်ဓလေ့ထုံးစံများ၊ လင်းဦးတာရာ၊ ရန်ကုန်
ဒေါက်တာအရှင်ဓမ္မပိယ၊ ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း၊ ၂၀၀၈ နိုဝင်ဘာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်။
“အပန်းဖြေပါ ပြည်မြန်မာမှာ” ၊ မြန်မာတိုင်းမ် အထူးထုတ် အချပ်ပို၊ အောက်တိုဘာ ၂၀၀၉ ( ၁၃-၁၀-၂၀၀၉)
မောင်သင်တုန်း “ မြေနတ်ကန်တော့ပွဲပြုလုပ်”၊ ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၁ အမှတ် ၇၊ ၂၉ မတ်လ ၂၀၁၁
(၂၀၀၉-၂၀၁၁) ခရီးစဉ်များ၊ စဥ့်ကိုင်ပေါ်တော်မူ၊ ပလိပ်မြွေဘုရား၊ ပုသိမ်ကြီး ရေတံခွန်တောင် ဆိတ်သဲတောရကျောင်း။ ပုပ္ပါး၊ ပုဂံညောင်ဦး၊ ရန်ကုန်၊ ထောက်ကြံ့၊ အုန်းချော ရွှေစာရံဘုရား၊ မင်းကွန်း၊ စစ်ကိုင်းချောင်၊ တောင်ပြုန်းရွာ၊ ရတနာ့ဂူ အမရပူရ၊ ပခုက္ကူခရိုင် မြောင်မြို့။
တွေ့ဆုံမေးမြန်း-
ဆရာနေဝင်းမြင့်၊ ဆရာမခင်ခင်ထူး။


7 comments:

  1. ဗဟုသုတ ဖြစ်စရာလေးတွေ ဖတ်ရလို့ ကျေးဇူး အစ်မ.

    ReplyDelete
  2. နတ်တွေနတ်တွေ တိုးလာလိုက်ပုံများ အံ့စရာပါလား...ကြာရင် ယိုးဒယားမှာလို ဒေးဗစ်ဘက်ခမ်းနတ်ပါ ရောက်လာမယ်ထင်ပါရဲ့...ဘာပဲဖြစ်ဖြစ် ရိုးရာဆိုပြန်တော့လည်း...

    ReplyDelete
  3. ဗဟုသုလေးတွေအတွက် ကျေးဇူးပါမမ..
    ကောင်းသောနေ့ရက်လေး ဖြစ်ပါစေလို့ ..ဆန္ဒပြုလျှက်..

    ReplyDelete
  4. ဆရာမ....
    ဗဟုသုတ ဖြစ်စေတဲ့ စာတွေလာဖတ်သွားပါတယ်။
    ကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာပါစေ...။

    ReplyDelete
  5. တစ်ကယ်တော့ နတ်ပွဲတွေဆိုတာ...အရက်သမားရယ် ဖဲသမားရယ်.. လိင်သောင်းကျန်းသူတွေရယ်... ၀ိသမ လောဘ သမားရယ်.. ဥာဏ်မျက်စိ ကန်းသူတွေရယ်... ပြိတ္တာတွေရယ်.. ပူပေါင်းပြီး ဒုစရိုက်အမှုကို ပျော်ပျော်ကြီး ပြုကြသည် လို့ပဲ ရိုးရိုးသားသား မြင်မိပါသည်။

    ReplyDelete
  6. "တစ်ကယ်တော့ နတ်ပွဲတွေဆိုတာ...အရက်သမားရယ် ဖဲသမားရယ်.. လိင်သောင်းကျန်းသူတွေရယ်... ၀ိသမ လောဘ သမားရယ်.. ဥာဏ်မျက်စိ ကန်းသူတွေရယ်... ပြိတ္တာတွေရယ်.. ပူပေါင်းပြီး ဒုစရိုက်အမှုကို ပျော်ပျော်ကြီး ပြုကြသည် လို့ပဲ ရိုးရိုးသားသား မြင်မိပါသည်။ "
    @မိုးယံ
    အဲလိုချည်းသက်သက်တော့ မဟုတ်ပါဘူးဗျာ၊ ယုံကြည်မှုလွန်ကဲတာတော့ ရှိပါတယ်။ နတ်ပွဲဆိုတာ နယ်တွေအတွက် ဈေးပွဲတော် တစ်ခုလည်း ဟုတ်တယ်။ ပျော်ပွဲရွှင်ပွဲ လည်း ဟုတ်တယ်၊ နောက်... ယုံကြည်မှု တည်ဆောက်တဲ့ နေရာလည်း ဟုတ်တယ်။ အဲလိုကြီးတော့ မပြောလိုက်ပါနဲ့ဗျာ....

    ReplyDelete
  7. မြန်မာပြည်မှာ နတ်တွေတော်တော်များတာကို သိလိုက်၇လို့ ဗဟုသုတအများကြီးတိုးပါတယ် မေ၇

    ReplyDelete