အကော်ဒီယံ တယော နဲ့ စန္ဒယားတီးသံလေးတွေ ရောတီးထားတဲ့ တီးလုံးသံလေးတွေနဲ့အတူ..... ကျွန်မ သိပ်နှစ်သက်တဲ့ Steven Tyler ရဲ့ သီချင်းသံလေးကိုကြားရလို့ အနားမှာရှိတဲ့ ဖုန်းမျက်နှာပြင်ပေါ်ကိုကြည့်လိုက်မိတော့... ထင်တဲ့အတိုင်း မာရီယာ့ဆီက ဆက်တာပါ။ ဒီနေ့ သူ့စာသင်ချိန် ရှိပေတာကိုး။ ထုံးစံအတိုင်း သူ ဒီနေ့ မန္တလေးသွားမှာမို့ ပြင်ရဆင်ရဦးမှာကြောင့် မလာနိုင်တော့တဲ့အကြောင်း လှမ်းပြောတာပါ။ စာသင်ချိန်မတိုင်မီ တစ်နာရီအလို ကြိုဆက်တော့ တော်သေးတာပေါ့။ တခြားလုပ်ချင်တာရှိတာ သွားချင်တာရှိတာ လုပ်လို့သွားလို့ ရသွားတယ်လေ။ မဟုတ်ရင် သူလာနိုးလာနိုး စောင့်နေရင်း လုပ်စရာရှိတာမလုပ်လိုက်ရဘဲ အချိန်ကုန်သွားတာတွေက များလှပေါ့။
...................
ကျွန်မဇာတိမဟုတ်တဲ့ ရန်ကုန်ကိုရောက်နေတာ အခုနဲ့ပါဆို ရှစ်လလောက်ရှိပါပြီ။ မြန်မာဘာသာစကားကို သင်ယူချင်တဲ့ နိုင်ငံခြားသားတွေအတွက် ဗမာဘာသာစကားသင်တန်းလေးတစ်ခု ဖွင့်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ ရောက်စကတော့ အင်္ဂလိပ်စကားပြော သင်တန်းလေးနဲ့ ဒီအနီးတ၀ိုက်မှာရှိတဲ့ မြန်မာတချို့ကို သင်ကြားပေးရင်း စခဲ့ရပါတယ်။ ကျွန်မ ဒီရောက်နေတာကို သိပ်မသိကြသေးတာရော အသစ်ဖြစ်နေတာရောကြောင့် ကျွန်မ အထူးပြုသင်ကြားပေးချင်နေတဲ့ နိုင်ငံခြားသားတွေအတွက် မြန်မာစာ မြန်မာစကားကို သင်ပေးဖို့ အခွင့်အရေးက ချက်ချင်းကြီးဖြစ်မလာခဲ့ပါဘူး။ မန္တလေးမှာကတည်းက သင်လက်စ အဆက်အသွယ် ရှိလက်စ နိုင်ငံခြားသား တစ်ယောက်စ နှစ်ယောက်စလေးနဲ့ပဲ အစပြုခဲ့ရတာပေါ့။ ကိုယ့်စိတ်နဲ့ကိုယ် အရင်ထူထောင်လက်စ ကျောင်းတစ်ခုကိုပိတ်၊ ဒီကိုရောက်လာပြီး သင်တန်းလေးဖွင့်ခွင့်ရဖို့အတွက် ဒီကြားထဲ မိဘတွေကို အတော်ပြောဆို စည်းရုံးခဲ့ရပြန်တယ်။ သားသမီးတစ်ယောက်ကို အသက်လေးဆယ်နားနီးအထိ စိတ်မချ လက်မချ ဖြစ်နေတတ်တာကလည်း ကျွန်မတို့ မြန်မာ့လူအဖွဲ့အစည်းရဲ့ မိဘနဲ့သားသမီး စတိုင်တစ်ခုပေပဲလား မသိပါဘူး။
အခုလို အရွယ်ရောက်ရင်တော့ မိဘတွေဆီကနေ ခွဲထွက်မယ်ဆိုတဲ့ ကျွန်မရဲ့ နဂိုရည်ရွယ်ချက်အတိုင်း အခု ကျွန်မခွဲထွက်လာခဲ့ပြီ။ ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ နောက်ပြီး တခြားစိန်ခေါ်မှုတွေကို ကိုယ့်ဟာကိုယ် အဖေအမေ အကူအညီမပါဘဲ ကြိုးစားကြည့်ဖို့ ဒီကို ကျွန်မ ရာက်လာခဲ့ပြီလေ။ ကျွန်မအရွယ်နဲ့ဆိုရင် ဒါက နောက်တောင်ကျနေပါသေးတယ်။ ကျွန်မရောက်လာတဲ့အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တစ်ခုပြီး တစ်ခု ပေါ်လာနေတဲ့အချိန်။ ကျွန်မ ဒီကိုထွက်မလာခင်လေးပဲ ကျွန်မတို့နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ မြစ်ဆုံစီမံကိန်းကြီးကို ၅နှစ်လောက် ရပ်နားထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ မိန့်ခွန်းကြောင့် နိုင်ငံသူနိုင်ငံသားတွေ ၀မ်းသာအားရဖြစ် နောက်ထပ်မျှော်လင့်ချက်တွေ ရှေ့ကိုတိုးရဲလာနေတဲ့အချိန်ပေါ့။ နောက်ပြီး ကျွန်မ ဒီကိုရောက်ပြီးနောက် ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်ကို ဂျာနယ်တိုင်းမှာ မြင်တွေ့ခွင့်ရလာပြီး ပွင့်ပွင့်လင်းလင်း အားပေးထောက်ခံခွင့် တစတစနဲ့ ရလာနေတဲ့အချိန်လေ။ အများ မမျှော်လင့်တာတွေ တခုပြီးတခု ဖြစ်လာသလိုပဲ ဒီနိုင်ငံကို လေ့လာချင်လို့၊ စိတ်ဝင်စားလို့၊ ကြိုက်လို့ စီးပွားရေးလုပ်ချင်လို့ စတဲ့ အကြောင်းအရာတွေနဲ့အတူ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေလည်း အ၀င်အထွက်များလာခဲ့တာကို ဒီရက်ပိုင်းတွေကထုတ်တဲ့ အပတ်စဉ်ဂျာနယ်တွေမှာ ပါတဲ့သတင်းတွေကိုကြည့်တာနဲ့ သိသာတယ်လေ။ အဆင့်မီ ဟိုတယ်ကြီးတွေ၊ ဟိုတယ်အသေးစားလေးတွေ မလုံလောက်တဲ့ အကြောင်းတွေ အိမ်ခန်းတိုက်ခန်း ငှားခဈေးတက်သွားတဲ့အကြောင်းတွေ ရှိပြီးသား ဟိုတယ်ကြီးတွေက မူလကဈေးထက် ဈေးတက်သွားတဲ့ အကြောင်းတွေ ပါလာတာကိုး။ နောက်ပြီး ကျွန်မနေတဲ့ စမ်းချောင်းဝန်းကျင်မှာကိုပဲ လမ်းမှာ သွားရင်းလာရင်း နိုင်ငံခြားသားတွေ အတော်တွေ့လာရတယ်။ ကျွန်မဆီကိုလည်း နဂိုခင်ပြီးသား နိုင်ငံခြားမိတ်ဆွေတွေကတဆင့် မြန်မာစာသင်ချင်တဲ့သူတွေ ရလာတာပေါ့။ ဒီအလုပ်လုပ်ဖို့ ဒီအတွေ့အကြုံတွေ ရချင်လို့ လာတဲ့ ကျွန်မက ဘယ်မှာငြင်းလိမ့်မတုန်းနော်။ သူအဆင်ပြေတဲ့အချိန် ကိုယ်အဆင်ပြေတဲ့အချိန် ညှိပြီး သင်ပေးရတာပေါ့။ ပိုကျေနပ်မိတာက မန္တလေးမှာတုန်းက မသင်ပေးဖူးတဲ့ Beginner level သင်ကြားပေးခွင့် ရလာတာကိုပါပဲ။ ဒီမှာက အဲဒီ level ပိုတောင်များလာတယ်။ စိတ်ဝင်စားဖို့ကောင်းတာက လူမျိုးကလည်းအစုံ၊ စရိုက်ကလေးတွေကလည်းအစုံ၊ အရွယ်တွေကလည်း အစုံ၊ အလုပ်တွေကလည်းစုံလို့။ အလုပ်တစ်ဖက်နဲ့ သူတို့အားတဲ့အချိန်ကို ပြေးလာပြီး သင်ကြရှာတာလေ။ တချို့က အချိန်ပိုင်းအလုပ်၊ တချို့က အချိန်ပြည့်အလုပ်၊ တချို့က ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့၊ တချို့ကတော့ ရရာအလုပ်လုပ်နေပြီး ရေမြေရာသီဥတုကို ကြိုက်လို့ကို နေနေတာ။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် အများစုက ဆယ်ပတ်ဗီဇာကိုသာ ရကြရှာတာ။ ၁၀ပတ်ပြည့်တာနဲ့ ဘန်ကောက်ကို တကူးတကပြန်သွား အဲဒီက မြန်မာသံရုံးမှာ သက်တမ်းထပ်တိုး။ ကျွန်မတောင် သူတို့ကိုကြည့်ပြီး ကိုယ့်နိုင်ငံအတွက် အမြင်တခု တွေ့လာတယ်။ အခုလို ဘန်ကောက်ပြန်ပြန်ပြီး လေယာဉ်စားရိတ်တွေ ဟိုမှားတည်းစားရိတ်တွေ ထိုင်းဘက်က ရနေမယ့်အစား မဟုတ်လည်း တိုးပေမယ့်အတူတူ ဒီမှာပဲလုပ်လို့ရတဲ့ စနစ်လေးပေါ်လာရင် သူရော ကိုယ်ရောအဆင်ပြေ နိုင်ငံလည်း ၀င်ငွေတိုးပေါ့။ နားတော့ မလည်ပါဘူး။ သူတို့ကြည့်ရတာ စိတ်ပင်ပန်းလွန်းလို့ပါ။ တချို့ကျတော့လည်း ၆လဗီဇာတဲ့ တစ်နှစ်ဗီဇာတဲ့ ရကြတယ်။ ဘယ်လိုကွာကြလဲတော့ မသိပါဘူး။
.............
ဘာသာစကားသင်တဲ့ ဆရာမတစ်ယောက်အနေနဲ့ သင်ရလွယ်တဲ့သူ၊ သင်ရနှေးတဲ့သူ၊ သင်ရခက်တဲ့သူ စတာတွေကိုလည်း မလွဲမသွေ ကြုံရတယ်။ အထူးသဖြင့် ငယ်တဲ့သူတွေကို သင်ပေးရတာဟာ တတ်လွယ်တယ်။ အတုယူမြန်တယ်။ နောက် မှတ်မိလွယ်ကြတယ်လေ။ အသက်နှစ်ဆယ်စွန်းကာစ ငယ်တဲ့အရွယ်လေးတွေကျတော့ အလုပ်အနေနဲ့က သိပ်ကောင်းကောင်း မရကြရှာပါဘူး။ ဒီမှာရှိတဲ့ Private International Schools တွေမှာ အင်္ဂလိပ်ဆရာ/ဆရာမအဖြစ် ရကြတာက များတယ်။ အလုပ်က၀င်ငွေ၊ သူတို့ ဇာတိမြေမှာ စုဆောင်းထားတာလေးတွေနဲ့ ရန်ကုန်မြို့မှာ နေစားရိတ် စားစားရိတ်ကအစ ကိုယ်တိုင်ရှာဖွေပြီး နေကြရတဲ့အထဲ ဒီကဘာသာစကားကိုလည်း တတ်ကိုတတ်ရမယ်ဆိုတဲ့ ဇွဲနဲ့ သင်ယူကြတာကို ကျွန်မကတော့ ချီးကျူးမိတယ်။ ကျွန်မက ကိုယ့်အလုပ်နဲ့ကိုယ် ရှိပေမယ့် ဒီကိုမပြောင်းလာခင်ကအထိ ဇာတိမှာ မိဘနဲ့အတူနေခဲ့တာ အခုဒီလာတာကို အဖေက စိတ်ဆိုးကျန်ရစ်တာ လို့များပြောပြရင် သူတို့မှာ ပါးစပ်လေးတွေဟသွားအောင် အံ့တွေသြလို့။ ဒီမှာကတော့ မဆန်းပေမယ့် သူတို့အတွက်ကတော့ အဆန်းဖြစ်နေတယ်ထင်ပါရဲ့။ ဒါပေမယ့် သူတို့ဆီမှာလည်း အိမ်ဈေး မြေဈေးတွေက အဆမတန်များလာတာမို့ မိဘအိမ်တွေကိုပဲ ကပ်နေရတာတွေ ရှိလာပြီး သူတို့ယဉ်ကျေးမှုအရ ဒါဟာ ရှက်စရာလို့ ယူဆကြတဲ့အတွက် ဇာတိမှာမနေဘဲ အခုလို နိုင်ငံတကာ လျှောက်လေ့လာ ရရာအလုပ်လုပ်ရင်း ဒီနိုင်ငံကိုကြိုက်သွားတာ ဆိုတဲ့ သူတွေကလည်း အများသား။ ဒါကိုလည်း ကျွန်မကတော့ သူတို့ကို ချီးကျူးမိတယ်။ ဘာလို့ဆို မီးမပျက်တဲ့တိုင်းပြည်ကြီးတွေကနေ လာကြပြီး ဒီမှာ တိုက်ခန်းအမြင့်ကြီးတွေပေါ် မှောင်မဲထဲ ရေပြတ်မီးပြတ်နဲ့ နေနိုင်တာကိုက လွယ်မှတ်လို့လေ။ ကျွန်မ သူတို့ကို စာသင်ပေးရတာ နှစ်သက်တဲ့အထဲမှာ အဲဒါတွေလည်း ပါတာပေါ့။ ဘ၀ပေါင်းစုံ အယူအဆ အဖြစ်အပျက်ပေါင်းစုံတွေကို သိရ မြင်ရ ဆင်ခြင်ရတာတွေလေ။
.................
ကျွန်မက G N' R တို့ Aerosmith တို့ကို ring tone အဖြစ် မရိုးရအောင် စိတ်ကူးတည့်ရာ လျှောက်ပြောင်းနေပေမယ့် သူတို့ကတော့ ဗိုလ်ချုပ်အောင်ဆန်းသီချင်း၊ မြနန္ဒာသီချင်း စတာတွေကို ring tone အဖြစ် လုပ်ထားတတ်ကြတာကလည်း တစ်ယောက်နဲ့တစ်ယောက် ရယ်စရာတစ်ခုပေါ့။ အတော်များများက အလုပ်တစ်ဖက်နဲ့ မအားကြတော့ တစ်ပတ်ကို နှစ်ရက် သုံးရက်ထက် ပိုမတက်နိုင်ကြပါဘူး။ တချို့ဆို တစ်ပတ်ကို တစ်ရက်ပဲ လာနိုင်ကြတယ်။ ဒါတောင် အစည်းအဝေးနောက်ကျလို့ အချိန်ပိုရှိလို့ ဆိုပြီး အီးမေးလ်နဲ့ ဖုန်း မက်ဆေ့ခ်ျနဲ့ ဒါမှမဟုတ် ဖုန်းဆက်ပြီး ခွင့်တိုင်ကြသေးတာ။ ဘယ်သူပဲဖြစ်ဖြစ်တော့ မလာဖြစ်ဘူးဆိုရင် အမြဲကြိုပြီး အသိပေးတတ်ကြတယ်။ ဒီတော့ ကျွန်မလည်း သူတို့မလာဖြစ်ရင် ကိုယ်လုပ်ချင်တာလေးတွေ သွားချင်တာလေးတွေကို လုပ်ခွင့်သွားခွင့် ရပေတာပေါ့။ သူတို့တွေက ကိုယ့်ဆီကို တကူးတကလာပြီး အချိန်ပေး သင်ကြရတာဆိုတော့ သူတို့မလာဘူးဆိုတာ သေချာမှ ကျွန်မကလည်း သွားစရာရှိတာ သွားလေ့ရှိပါတယ်။ အတတ်နိုင်ဆုံးတော့ သူတို့ကိုပေးထားတဲ့ အချိန်တွေ နှစ်ဖက်စလုံးအတွက် အလကားမဖြစ်ရအောင် တန်ဖိုးထား လုပ်ပေးရတာပေါ့။ ဒီအထဲတွေကမှ တစ်ရက်တော့ မာရီယာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်မနဲ့ မြန်မာစာသင်ချင်ကြောင်း အီးမေးလ်က တဆင့် ဆက်သွယ်လာတယ်။ အထူးသဖြင့် စာရေးစာဖတ်ထက် မြန်မာတွေနဲ့ ဒိုးတူဘောင်ဖက် စကားပြောတတ်ချင်ပါတယ်တဲ့။ ဆက်သွယ်မေးမြန်းပေး တာကလည်း အဆန်း။ သူကိုယ်တိုင်မဟုတ်ဘူး။ သူ့အမျိုးသား။ သူက အခုလောလောဆယ် ဟင်းချက်နေလို့ မအားလို့ ပါးစပ်က သူအော်ပြောနေတာတွေကို သူ့အမျိုးသားက လိုက်ရေးပေးပြီး မေးလ်ပို့လိုက်တာတဲ့။ [နောက် သူနဲ့တွေ့မှ ပြန်သိရတာလေ] ထုံးစံအတိုင်း ကျွန်မအားတဲ့အချိန် သူလာနိုင်မယ့်အချိန် ညှိကြရာက တစ်ပတ်ကို ညနေပိုင်း သုံးရက်သင်ဖို့ နှစ်ဦး နှစ်ဖက် အဆင်ပြေသွားကြတယ်။ စလာတဲ့နေက မလာမီ သူ့အမျိုးသားက ကျွန်မဆီ ဖုန်းကြိုဆက်တယ်။ မာရီယာ အခု ကျွန်မဆီ လာနေပြီပေါ့။ နောက် ၁၅မိနစ်လောက် ဆိုရင် ရောက်ပါမယ် ဆိုတဲ့အကြောင်း လှမ်းပြောတာပါ။ ဒီအထိ မာရီယာဆိုတာကို ဘယ်အရွယ်မှန်း ဘယ်ပုံမှန်း ဘာအသံမှန်း ကျွန်မ မသိရသေးဘူး။ ကျွန်မဆီမှာ တက်နေတဲ့သူ အတော်များများက ကိုယ်တိုင်ပဲလာ စုံစမ်းကြ ဆက်သွယ်ကြတာ များတယ်လေ။ သူကတော့ အဆန်း စကတည်းက သူ့အမျိုးသားကပဲ လှုပ်ရှားပေးနေတာ။
.............
သူလာလိုက်တာနဲ့ ကျွန်မတစ်ခန်းလုံး မွှေးသွားသလိုပဲ။ ရေမွှေးနံ့ရော၊ ကိုယ်သင်းနဲ့ရော၊ အရပ်ခြောက်ပေ လောက်ရှိတဲ့ သူက သုံးလက်မဒေါက်ဖိနပ်ချွန်ကြီး စီးလို့။ ကျွန်မ သူနဲ့ အပြန်အလှန်နှုတ်ဆက်ကြတော့ သူ့မျက်နှာကို အတော်မော့ကြည့်ရတယ်။ စကားပြောရင် မျက်နှာကိုကြည့်ပြောတတ်တဲ့သူဆိုတော့ ငြောင်းလိုက်တာ မပြောပါနဲ့။ ဖုန်းဆက်တော့သာ သူ့အမျိုးသားက ဆက်တာ။ အခုအပြင်ကို တကယ်လာတော့ ပါမလာဘူး။ သူတစ်ယောက်တည်း။ ဖော်တော့ ဖော်ရွေတယ်။ မျက်နှာက ချိုတယ်။ အသက် ခပ်ကြီးကြီးပေမယ့် ပြင်ဆင်ထားတာကတော့ အတော်လေး စမတ်ကျတယ်။ စကားပြောနေရင်း သူ့လက်ကိုင်အိတ်ကြီးကို ကျွန်မစားပွဲပေါ် လှမ်းအတင် နေကာမျက်မှန်ကြီးကို လှမ်းအထည့် ကတိုက်ကရိုက်ကြောင့် အထဲကဟာတွေ ထွက်ကျကုန်တော့ ဇစ်လော်ကာနဲ့ အိတ်အကြည်တစ်ခု အောက်ကို ထွက်ကျသွားတယ်။ ကျွန်မလည်း လှမ်းကောက်ပေးလိုက်တယ်။ သူက ကျွန်မကို ကျေးဇူးတင်စကားပြောရင်း ဒါက သူ့ရဲ့ရုံးမှာသုံးတဲ့ ဗြူတီအဆက်စရီတွေပါတဲ့ ရှင်းပြတယ်။ နည်းတာမဟုတ်ဘူးပဲ။ ခေါင်းဖီးအစ မျက်တောင်ကော့တဲ့ မက်စ်ကာရာအဆုံး။ ကျွန်မက မှန်တင်ခုံပေါ်မှာရော ကျန်သေးရဲ့လားလို့ အရွှန်းဖောက်တော့ ဒီအထုပ်က ရုံးအတွက် သီးသန့်လုပ်ထားတာပါ တဲ့လေ။ ကျွန်မ သဘောကျသွားတယ်။ ကိုယ်တိုင်က သပ်ရပ်ရုံလောက်ပဲ ပြင်ဆင်တတ်ပေမယ့် သူ့လို အသေးစိတ်ပဲများတတ်တဲ့ သူတွေကိုဆို ကျွန်မက သိပ်သဘောကျတာလေ။ သူတို့ကို ကြည့်ရတာ စိတ်ချမ်းသာလို့။ မာရီယာနဲ့ ကျွန်မ စာစသင်ကြတော့ ထုံးစံအတိုင်း အသံထွက်အခက်အခဲနဲ့ စတွေ့ရတယ်။ အဲဒါကလည်း အင်္ဂလိပ်စကားပြောတဲ့သူတွေ တွေ့ရလေ့ရှိတဲ့ အခက်အခဲတစ်ခုပါ။ တခြားကျောင်းသားတွေက ကျွန်မဆီရောက်ပြီဆိုတာနဲ့ မြန်မာလို ကြိုးစားပြောကြပေမယ့် သူကတော့ စာသင်ချိန်လေးပဲ ကြိုးစားပြောပြီး မပြန်မချင်း ဘိုလိုပဲ တောက်လျှောက် ပြောတတ်တယ်။ စာသင်ချိန်ကလည်း တစ်နာရီသတ်မှတ်ထားပေမယ့် သူက နာရီဝက်လောက်ဆို အာရုံစူးစိုက်မှုက မရတော့ဘူး။ နာရီတကြည့်ကြည့် စကားတွေပြောင်းပြော သင်နေတဲ့စာနဲ့မဆိုင်တဲ့ တခြားမေးခွန်းတွေ လျှောက်မေး လုပ်လာပါလေရော။ ဒီတော့ ဆက်သင်လို့မရမှန်းသိတော့ သူ့အလိုက်လေး သူမေးတာတွေဖြေပေး သူနဲ့စကားပြောပေးပေါ့။ ဒီထဲကမှ သင်ထားတဲ့စကားလုံးတွေ အသုံးတွေနဲ့ဆက်စပ်လာရင် မြန်မာလိုကြိုးစားပြောပေး၊ သူကလည်း အားနာနာနဲ့နေမှာ လိုက်ပြောပေါ့။ ဒီကို စာသင်လာတဲ့သူတွေ အတော်များများက သူများအကြောင်း မပြောအား မမေးအားကြသလို ဘယ်သူမှလည်း မေးလေ့မရှိကြဘူး။ စာသင်ရင်း အကြောင်းအရာနဲ့ဆက်စပ်မှသာ ပြောကြဆိုကြတာလေ။ သူကတော့ စာသင်ချိန် နာရီဝက်လောက်လွန်တာနဲ့ သူသိချင်တာတွေ ကျွန်မကိုမေး သူပြောချင်တာတွေ ကျွန်မကိုပြော၊ ခင်ဖို့တော့ ကောင်းတယ်။ သူ့မှာ သားနှစ်ယောက် သမီးတစ်ယောက် ရှိတဲ့အကြောင်း သူ့ယောက်ျားက မယ်လ်ဘန်းမှာ အိမ်အရောင်းအဝယ် ကိုယ်စားလှယ်လုပ်တယ်သတဲ့။ ဒီတော့ ကျွန်မဆီလာတဲ့ ကလေးတွေလို ရရာအလုပ် ပေါချောင်ကောင်းရတဲ့ တိုက်ခန်းမှာ သူတို့အချင်းချင်း ရှယ်နေကြ၊ ဒါမျိုးမဟုတ်ဘဲ ဒီမှာ သူဋ္ဌေးလာလုပ်တာလေ။ နေတာက ရွှေတောင်ကြားမှာ လုံးချင်းအိမ် ငှားနေတယ်။
...................
ဒီညနေတော့ မာရီယာလာမယ့်ရက်မို့ သွားစရာရှိတာတောင်မသွားဘဲ သူ့အလာကို စောင့်နေလိုက်တယ်။ ဒီမှာ စာလာသင်တဲ့သူတိုင်းက အကြောင်းတစ်ခုခုကြောင့် သူတို့မလာဖြစ်ရင် အီးမေးနဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် ကြိုတင်ပြီး အကြောင်းကြားတတ်ကြတယ်လေ။ မာရီယာလည်း ဒီလိုပဲထင်ပေမယ့် နာရီဝက်လွန်တဲ့အထိ ဘာမက်ဆေ့ခ်ျ ဘာအီးမေလ်းမှ ဆက်သွယ်မလာသလို လူလည်း ပေါ်မလာဘူး။
ဘာလိုလိုနဲ့ သူပေါ်မလာတာ တစ်ပတ်လောက် ရှိသွားပြီ။ အကြောင်းမကြား ဘာမကြားနဲ့ဆိုတော့ သူ့နိုင်ငံများ ပြန်သွားလေသလား။ တခုခု အဆင်မပြေများ ဖြစ်လို့လား၊ ဗမာစကားသင်ရတာ သူ့အတွက် အရမ်းခက်ခဲတယ်လို့ပဲ ထင်လို့လား။ လားပေါင်းများစွာနဲ့ သူ့ကို မျှော်နေမိတယ်။ သူ့ရဲ့ဖော်ရွေမှုကြောင့် ကျွန်မ သူ့ကို ခင်နေမိတာလည်း ပါတာပေါ့။ ဟော တစ်ရက်တော့ အပြင်ရောက်နေတုန်း ဖုန်းဝင်လာတယ်။ သူ အလုပ်တွေသိပ်ရှုပ်နေလို့ မလာနိုင်တာကို အရင်ဆုံးတောင်းပန်လေရဲ့။ ပြီးတော့ ဒီညနေ ခါတိုင်းအချိန် သူလာခဲ့ပါ့မယ်ပေါ့။ စောင့်ရမှာပေါ့။ ကျွန်မ သူ့ကို စောင့်နေလိုက်ပါတယ်။
အကော်ဒီယံ တယောနဲ့ စန္ဒယားတီးသံလေးတွေ ရောတီးထားတဲ့ တီးလုံးသံလေးတွေနဲ့အတူ.....
ကျွန်မ သိပ်နှစ်သက်တဲ့ Steven Tyler သီချင်းကို ကြားရလို့ အနားမှာရှိတဲ့ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိတော့... ထင်တဲ့အတိုင်း မာရီယာ့ဆီက ဆက်တာပါ။ ဒီနေ့ သူ့စာသင်ချိန် ရှိပေတာကိုး။ ထုံးစံအတိုင်း သူဒီနေ့ မန္တလေးသွားရမှာမို့ ပြင်ရဆင်ရဦးမှာကြောင့် မလာနိုင်တော့တဲ့အကြောင်း လှမ်းပြောတာပါ။ စာသင်ချိန်မတိုင်မီ တစ်နာရီအလို ကြိုဆက်တော့ တော်သေးတာပေါ့။ တခြားလုပ်ချင်တာရှိတာ သွားချင်တာရှိတာ လုပ်လို့သွားလို့ရတယ်လေ။ မဟုတ်ရင် သူလာနိုး လာနိုး စောင့်နေရင်း လုပ်စရာရှိတာမလုပ်လိုက်ရဘဲ အချိန်ကုန်သွားတာတွေက များလှပေါ့။
..................
"ဟိုင်း ... မင်္ဂလာပါ"
ဟော လာပါပြီ။ ဗမာလိုရော အင်္ဂလိပ်လိုရော နှုတ်ဆက်သံနဲ့အတူ ပျာယာခတ်နေတဲ့ အမူအရာနဲ့ မာရီယာ။ ပြီးတော့ တောင်းပန်စကားဆိုလိုက်တာ တဖက်လူတောင် အားနာလာတယ်။ ဒီကြားထဲ ဒီကိုမလာဖြစ်ပေမယ့် စာတွေလုပ်ထားတဲ့အကြောင်းလည်း ပါရဲ့။ ပြီးတော့ ခါတိုင်းလို သူဗမာစကားပြော ပုံမှန်လာသင်တော့မယ့် အကြောင်းလည်း ပါတယ်။ ကျွန်မက မာရီယာမလာတော့ဘူးထင်လို့ အချိန်တချို့ကို အခြားကျောင်းသူ တယောက်ကို ပေးလိုက်တဲ့အတွက် တစ်ပါတ်ကို နှစ်ရက်လောက်ပဲ ရတော့မယ့်အကြောင်း ပြောတော့ ကျွန်မအဆင်ပြေတဲ့အချိန် ပေးသလောက်ရက်ကိုပဲ သူလာတက်ပါမယ်တဲ့လေ။ နောက်ပြီး သူ ဆယ်ရက်လောက် မလာနိုင်တဲ့အကြောင်းကို ထုံးစံအတိုင်း မမေးရဘဲ ရှင်းပြနေလေရဲ့။ သူနဲ့ သူ့ယောက်ျားက ဒီကို ရင်းနှီးမြှုပ်နှံဖို့ ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲလို့ ဒီနှစ်အစောပိုင်းကတည်းက လာပြီး လေ့လာနေခဲ့တာတဲ့။ အခု သူ့သားနှစ်ယောက်ကိုပါ လှမ်းခေါ်လိုက်ပြီတဲ့လေ။ သူ ဟိုရက်တွေက ကျောင်းပျက်ရတာ သူ့သားတွေလာလို့ သူတို့အတွက် ဘာအလုပ်လုပ်ရင် ကောင်းမလဲ စဉ်းစားပေး စီစဉ်ပေးနေရတာတွေနဲ့ မန္တလေးကို သွားနေရတာကြောင့်ပါတဲ့။ ကျွန်မလည်း ကျွန်မဇာတိ မန္တလေးအကြောင်း ပါလာတော့ အဲဒီမှာ ဘာသွားလုပ်တာလဲ၊ သားတွေကို အလည်လိုက်ပို့တာလားလို့ မေးမိသွားတော့ အလည်သွားတာမဟုတ်ဘဲ သူ့သားဖွင့်မယ့်ဆိုင်အတွက် သွားကြီးကြပ်ပေးရတာတဲ့။ အဲဒီမှာ ဘားဆိုင် (စားသောက်ဆိုင်နဲ့တွဲတဲ့ အရက်ဆိုင် ဘီယာဆိုင်ပေါ့) ဖွင့်မှာမို့ အိမ်နေရာ စာချုပ်ချုပ်တာတွေ ဆိုင်အတွက်လိုတာတွေကို ပြင်ဆင်ပေးနေတာတဲ့လေ။ ကျွန်မလည်း ဘာရယ်မဟုတ် ဒီဆိုင်ဖွင့်တာ ဘာကြောင့်လဲ ဟိုမှာကတည်းက အတွေ့အကြုံရှိလို့လားလို့ မေးလိုက်မိတယ်။ သူတို့ အတွေ့အကြုံမရှိရင် မန္တလေးနဲ့နီးတဲ့ မေမြို့မှာ ကုန်ကြမ်းအဖြစ် ပြည်တွင်းဖြစ် ၀ိုင်ကောင်းကောင်းလေးတွေကို ဈေးချိုချိုနဲ့ရနိုင်တယ်လို့ ညွှန်ရအောင်လို့ပါ။ သူ ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ခဏတော့ မင်တက်မိသွားရတယ်။ တဆက်တည်း ကျွန်မ ၀မ်းနည်းသွားတယ်။ ပြီးတော့ ကျွန်မ သတိမထားမိတဲ့ အဲဒီအပိုင်းကို စိတ်ပူရကောင်းမှန်းလည်း သိသွားရတယ်။ သူပြောတဲ့ စကားကိုလည်း ကြည့်ဦးလေ။
"ဖြူဖြူရဲ့ အခုလို အသွင်ကူးပြောင်းစနိုင်ငံ စီးပွားရေး ဂယောက်ဂယက်ဖြစ်နေတဲ့ အနေအထားမှာ အရက်သမား အသောက်သမားတွေ ပေါတတ်တာက သဘာဝလေ။ အဲဒီလိုအချိန်မျိုးမှာ ဖက်ရှင် အ၀တ်အထည်ဆိုင်လိုမျိုး၊ တခြားအပေါ်ယံ လူသုံးကုန်လိုမျိုး လာဖွင့်လို့ အလကားပဲပေါ့။ အခု ရန်ကုန်မှာရော မန္တလေးမှာရော တချို့ shopping mall ကြီးတွေ super market ကြီးတွေ ပိတ်လိုက်ရတာကို ကြည့်။ အခု လက်ရှိလည်း ကျန်တဲ့ဆိုင်ကြီးတွေက အရောင်းတွေကျ ထိုင်နေကြရတာတွေလည်း ရှိနေတယ်လေ။ ဒါကြောင့် ဒီအချိန်မှာ ဘားဆိုင်က တွက်ခြေအကိုက်ဆုံးပဲ။ သူက အရင်းအနှီးများပေမယ့် တရားဝင်အလုပ်ဖြစ်သလို သေချာတဲ့ အလုပ်လို့ ပြောလို့ရလို့ သားကိုလည်း ဒါကိုပဲလုပ်ဖို့ အကြံပေးပြီး ကိုယ်တိုင် ကြီးကြပ်ပေးနေတာပေါ့။ ကိုယ်တို့လင်မယားက ဒီမှာ တစ်ဆိုင်ဖွင့်မယ်၊ သားကို တခြားမြို့ကြီးဖြစ်တဲ့ မန္တလေးမှာပေါ့။ ကိုယ်တို့ကလည်း သေချာတဲ့အလုပ်ပဲ လုပ်ချင်တော့ ဒါပဲ ရွေးရတာပေါ့။ အရင်းအနှီးလေးဆုံးသွားရင် ပြန်စရာမရှိ ဖြစ်သွားမယ်လေ"တဲ့။ သူက ပြောပြီးတော့ သူ့သွား ညီညီလေးတွေ ပေါ်အောင် မော့ရယ်ချလိုက်သေးတယ်။ သြော်... သူတို့ ကျွန်မတို့နိုင်ငံအပေါ် ဒီအချိန်မှာ ဒီလို မြင်သတဲ့ တွက်သတဲ့လား။ ၀မ်းနည်းပေမယ့် သူ့ကို စိတ်မဆိုးပါဘူး။ သူက ပွင့်ပွင့်လင်းလင်း ရိုးသားစွာ တွက်ပြ တိုင်ပင်နေတာလေ။ ကျွန်မ ကြည့်ဖူးထားတဲ့ နော်ဝေအခြေစိုက် ဒီဗွီဘီကလွှင့်တဲ့ ရုရှားနိုင်ငံ အသွင် ကူးပြောင်းကာလ documentary လေးကို ကြည့်ဖူးထားလို့လည်း သူ့ကို စိတ်မဆိုးဘဲ ခေတ်အခြေအနေကို ဆင်ခြင်သွားမိတာလည်း ပါမှာပါ။ ဒါပေမယ့် ဘယ်လိုမှန်းမသိ ကျွန်မ ရင်လေးလာသလိုပဲ။ တကယ်...။
ဖြူဖြူဝင်း (မြန်မာစာ)