ကုန်းဘောင်ခေတ်က မြန်မာတွေရဲ့ ဓလေ့သုံးစကားလေးတွေ

တိဗက်-မြန်မာအနွယ်ဝင် မြန်မာဘာသာစကားထဲမှာ ဓလေ့သုံးစကားတွေလည်း ပဒေသရာဇ်
ခေတ်အခါကတည်းက ပါဝင်ပြောဆိုခဲ့ကြပါတယ်။ အထူးသဖြင့် ထီးနန်းပြင်ပက သာမာန်အရပ်
သူအရပ်သားတွေရဲ့ နေ့စဉ်သုံးစကားတွေထဲမှာ မြန်မာဓလေ့သုံးလေးတွေကို တွင်တွင်သုံးခဲ့ကြ
တာကိုတွေ့ရပါတယ်။
ရှေးဂန္တဝင်မြန်မာစေပေတွေထဲမှာ ဘာသာစကားနဲ့ ပတ်သက်တဲ့ ကျမ်းကြီးကျမ်းခိုင်တွေကရှား
ခဲ့တော့ သာမာန်အရပ်သူအရပ်သားတွေပြောဆိုခဲ့ကြတဲ့ နေ့စဉ်သုံးစကားလေးတွေဟာ မှတ်
တမ်းအားဖြင့် နည်းခဲ့ရပါတယ်။
ဒါပေမယ့် အေဒီ၁၈၁၃ ဇူလိုင် ၁၃ရက်နေ့ကနေ အေဒီ ၁၈၅၀ ဧပြီ ၁၂ရက်နေ့အထိ ၃၇နှစ်
တိတိ မြန်မာနိုင်ငံမှာ နေထိုင်သွားခဲ့ပြီး အနောက်နိုင်ငံမှာခေတ်စားနေတဲ့ ခေတ်ပေါ်ဘာသာ
စကားအဘိဓာန်ပုံစံတွေအတိုင်း နှစ်ဘာသာအဘိဓာန်ကို ပြုစုသွားခဲ့တဲ့ နှစ်ခြင်းသာသနာပြု
ဆရာ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန် (၁၈၅၂ထုတ်မူ) ထဲမှာတော့ အတော်များများ
တွေ့နိုင်ပါတယ်။
ဒီစကားလုံးမှတ်တမ်းလေးတွေဟာ မြန်မာဘာသာစကားနဲ့ပတ်သက်လို့ ရှေးခေတ်အထောက်
အထားတွေနည်းခဲ့တဲ့ ဒီနေ့ခတ်မြန်မာလူမျိုးတွေအတွက်တော့ အဖိုးတန်ရတနာတစ်ပါးလို့ဆို
ရမှာပါ။
ဓလေ့သုံးစကားတွေကို အင်္ဂလိပ်လိုတော့ Idiom လို့ ခေါ်ကြပြီး“An idiom is a phrase whose
meaning is difficult or sometimes impossible to guess by looking at the meanings of
the individual words it contains” [ Oxford Advanced Learner’s Dictionary, 2000
Edition, B 12 ]
ဆိုပြီး ဖွင့်ဆိုထားချက်အရဆိုရင် အင်္ဂလိပ် Idiom ဝေါဟာရတို့ရဲ့ သဘောနဲ့
မြန်မာတို့သုံးနေတဲ့ ဓလေ့သုံးစကားများမှာ အတူတူပဲဖြစ်တာကိုတွေ့ရပါတယ်။
ဓလေ့သုံးစကားတွေရဲ့ သဘောသကန်ဟာ တိုက်ရိုက်အနေနဲ့မဆက်စပ် လေတော့ အဲဒီဘာသာ
စကားရဲ့အသုံးအနှုန်း ၊ သဘောသကန်တွေကို မကျွမ်းကျင်ရင် နားလည်နိုင်ဖို့ခဲ့ယဉ်းပါတယ်။
မြန်မာတွေရဲ့ နေ့စဉ်သုံးစကားလုံးတွေထဲမှာတော့ အဲဒီဓလေ့သုံးစကားတွေနဲ့ ရှောင်လွှဲလို့မရ
နိုင်တာကို တွေ့ရပါတယ်။ ဓလေ့သုံးစကားနဲ့ပတ်သက်လို့ သာဓကပြရရင် ---------

မျက်နှာဝိုင်းသည်
မျက်နှာရသည်

ဒီစကားလေးနှစ်ခုမှာ “မျက်နှာဝိုင်းသည်” ဆိုတာကတော့ ထူးခြားတဲ့အဓိပ္ပါယ်နဲ့ သုံးထားတာ
မဟုတ်ဘဲ တိုက်ရိုက်အနက်အတိုင်း ယူဆ ပြောဆိုနေကြတဲ့အတွက် ဓလေ့သုံးစကားမဟုတ်
ပါဘူး။
“မျက်နှာရသည်” ဆိုတာကတော့ “မျက်နှာကိုပိုင်ဆိုင်ရရှိသည်” ဆိုတဲ့ အဓိပ္ပါယ်နဲ့
သုံးခြင်းမဟုတ်ဘဲ “အခွင့်အရေးရရှိသည်” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောဆိုသုံးနှုန်းခြင်းဖြစ်လို့ ဒီလို
အသုံးမျိုးကို ဓလေ့သုံးစကားအဖြစ် သတ်မှတ်နိုင်ပါတယ်။ အခု ယုဒသန်ရဲ့ အဘိဓာန်ထဲမှာ
စုဆောင်းတင်ပြခဲ့တဲ့အထဲက မြန်မာဓလေ့သုံးစကားလို့ သတ်မှတ်လို့ရနိုင်မယ့် ဝေါဟာရလေး
တွေကို ဆက်လက်ဖော်ပြပါဦးမယ်။
မျက်နှာပွင့် n. a medicine or charm to excite love, အနု, မျက်ချစ် (စာ-၅၃၉)

ယုဒသန်ဟာ “အများနှစ်သက်ခြင်း အလေးပေးခြင်းကို ခံရသည်” လို့ အနက်ရတဲ့ “မျက်နှာပွင့်”
ဆိုတဲ့ ဓလေ့သုံးစကားလေးကို ဆိုလိုရင်းမှန်ကန်အောင် ဖွင့်ဆိုနိုင်တာတွေ့ရပါတယ်။

“သား သမီးမွေးဖွားတယ်” လို့ အနက်ရတဲ့ “မျက်နှာမြင်” ဆိုတဲ့စကားကိုလည်း
မျက်နှာမြင် v. to bring forth (a child,) (စာ-၅၃၉)

“နှစ်သက်သဘောကျခြင်းခံရတယ်။ အခွင့်အရေးရရှိတယ်” လို့ အနက်ရှိတဲ့ “မျက်နှာရ”
ဆိုတာကိုလည်း
မျက်နှာရ v. to gain countenance, obtain favor. (စာ-၅၃၉)

“မိမိဆောင်ရွက်ရမယ့် တာဝန်ကို တစ်စုံတစ်ဦးကို လွှဲအပ်ဆောင်ရွက်စေတယ်” လို့အဓိပ္ပါယ်
ရှိတဲ့ “မျက်နှာလွှဲ” ဆိုတာကိုလည်း
မျက်နှာလွှဲ v. to turn away the face, whether from dissatisfaction, or from desire to leave the business without interfering. (စာ-၅၃၉)

နောက်ပြီး “လိုလားလို့ အခွင့်အရေးပိုပေးတယ်” ဆိုတဲ့ “မျက်နှာသာပေး” ဆိုတာကိုလည်း
မျက်နှာသာပေး v. to countenance( in doing wrong ) (စာ-၅၃၉)

“သိကျွမ်းသူ အသိမိတ်ဆွေ” ဆိုတာကိုလည်း
မျက်နှာသိ n. an acquaintance, (စာ-၅၃၉)

ဆိုပြီး မျက်နှာနဲ့ပတ်သက်ပြီး ပြောဆိုနေကြတဲ့ မြန်မာ့ဓလေ့သုံးလေးတွေကို မှန်မှန်
ကန်ကန် အနက်ပေးထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် မျက်နှာနဲ့ပတ်သက်တဲ့ နောက်ထပ်ဓလေ့သုံးစကားတွေလည်း ရှိပါသေးတယ်။

“မျက်နှာချ - အောက်ကျခံသည်”
“မျက်နှာငယ် - ဂုဏ်အရှိန်အဝါနည်းသည်”
“မျက်နှာစိမ်း - မတွေ့ဖူး မမြင်ဖူးသူ”
“မျက်နှာထောက် - ငဲ့ကွက်ထောက်ထားသည်”
“မျက်နှာနာ - မကင်းရာမကင်းကြောင်း အားနာရမည့်အခြေအနေရှိသည်”
“မျက်နှာပူ - ရှက်ရွံ့အားနာသည်”
“မျက်နှာရှိ - ဂုဏ်သိမ်ရှိသည်”
“မျက်နှာရွေး - လိုလားသူ မလိုလားသူ ဟူ၍ ခွဲခြားသည်”
“မျက်နှာလိုက် - အခွင့်အရေးပိုပေးသည်”

အစရှိတဲ့ အသုံးများတဲ့ ဓလေ့သုံးတွေစုံလင်အောင်တော့ ပါဝင်အနက်ဖွင့်ဆိုထားတာ မတွေ့ရပါဘူး။

နောက်ပြီး ယုဒသန်တင်ပြထားတဲ့ တည်ပုဒ်တွေမှာ “လက်”နဲ့ပတ်သက်တဲ့ ဓလေ့သုံး
စကားလေးတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။ “ကျွမ်းကျင်ပိုင်နိုင်စွာခိုးယူသည်”
ဆိုတဲ့အဓိပ္ပါယ်ကို
လက်ကပ်ခိုး - v. to purloin by a sleight of hand. (စာ-၆၁၆)
ဒီအသုံးလေးဟာ ဒီနေ့ခေတ်မှာဆို အသုံးတောင်နည်းသွားပါပြီ။

“အစစ အရာရာ အားထားစေခိုင်းရသူ” လို့ အနက်ရတဲ့ ဓလေ့သုံးစကားလေးကိုတော့
လက်ကသုံး n. something used by hand for support, as a staff, or the balustrade of a stair-case. (စာ-၆၁၆)
လို့ ဖွင့်ဆိုထားတော့ “လက်ကသုံး” ရဲ့ တိုက်ရိုက်အနက်ကိုပါ ဖော်ပြထားတာ တွေ့ရပါတယ်။

မြန်မာတွေကတော့ “လက်ကသုံးတောင်ဝှေး” ရယ်လို့ အပြည့်အစုံသုံးကြပါတယ်။

“အသုံးအဖြုန်းကြီးတယ်” ဆိုတာကိုတော့
လက်ကြီး v. to be open-handed, profuse, lavish in giving away,-comp,
ရက်ရော and အသုံးဖွာ (စာ-၆၁၆)


“ခင်ခင်မင်မင် ရင်းရင်းနှီးနှီး” ဆိုတာကိုတော့
လက်ကျွမ်းဝင် ခြေကျွမ်းဝင် adv. Familiarly. (စာ- ၆၁၆)

“အလျှော့ပေးတယ် အရှုံးပေးတယ်” ဆိုတာကိုကျ
လက်ချ v. to give up further effort. (စာ-၆၁၇)

“လက်ဆောင် လက်နက် တစုံတရာမပါဘဲ” ဆိုတာကိုတော့
လက်ချည်း adv. Empty-handed. (စာ-၆၁၇)

“ချက်ခြင်း” ဆိုတဲ့သဘောကို
လက်ငင်း ( from ငင်း, to be instant,) adv. with ready money, not on credit, -applied to anything selling, opposed to
အကြွေး (စာ-၆၁၇, ၆၁၈)


“တစုံတယောက်လုပ်ကိုင်ပြီးနောက် ကျန်ရစ်ခဲ့သောလုပ်ငန်း” ဆိုတာကိုတော့
လက်ငုပ် n. an unfinished work. (စာ-၆၁၈)

“အမျိုးအစား အရေအတွက်ကို စိတ်မှန်းဖြင့်သိသည်” ဆိုတဲ့ အဓိပ္ပါယ်ကိုတော့
လက်စည်းသိ adv. with accurate knowledge. (စာ-၆၁၈)

“လုပ်လက်စအလုပ်ကို ပြီးစီးအောင်ပြုမူလုပ်ကိုင်သည်” ဆိုတာကို
လက်စသတ် v. to finish a work, အစသတ်, ပြီးစေ (စာ-၆၁၈)

“ဘုရင့်ကိုယ်ရံတော်၊ စိတ်ချရတဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်”
လက်စွဲသား n. one of a body guard, ကိုယ်ရံ, a personal attendant on the king commonly selected from families of rank. (စာ-၆၁၈)

“တစ်စုံတစ်ရာကို တစ်ဦးမှတစ်ဦးသို့ လွှဲပြောင်းပေးအပ်သည်” ကို
လက်ဆင့်ကမ်း v. to give from hand to hand (စာ-၆၁၉)

“ခိုးတတ်သည့်အကျင့်ရှိသည်” ဆိုတာကိုတော့
လက်ဆော့ v. to be light,- fingered, as in pilfering (စာ-၆၁၉)

“လင်မယားအတူပေါင်းသင်နေထိုင်စဉ်မှာ ဖြစ်ထွန်းလာတဲ့ စီးပွားဥစ္စာ။ တစ်စုံတစ်ယောက်အား လုပ်ကိုင်ဆောင်ရွက်ရန် တာဝန်ပေးစဉ် ဖြစ်ထွန်းလာတဲ့ အကျိုးစီးပွား” ဆိုတာကိုတော့
လက်ထက်ပွား a. acquired after marriage, n. property thus acquired (စာ-၆၂၀)

“ခိုင်းစေရန် အနီးအပါး၌ထားသူ” ဆိုတဲ့သဘောကို
လက်ပါးစေ n. a waiter, အစေအပါး (စာ-၆၂၁)

“ကိုယ်တိုင် မျက်မြင်ထင်ရှား” ဆိုတာကို
လက်ပူးလက်ကြပ် adv. in the hand, on the person,(as stolen goods) (စာ-၆၂၁)

“ရင်းရင်းနှီးနှီး အကျွမ်းတဝင်” ဟူသည့်သဘောကို
လက်ပွန်းတတီး adv. intimately, familiarly (စာ-၆၂၁)

“တစ်ယောက်နဲ့တစ်ယောက် ကြိုတင်ညှိနှိုင်း သဘောတူထားသည်” ဆိုတာကိုတော့
လက်ဝါးရိုက် v. to strike hands in order to seal an engagement (စာ-၆၂၅)

“လိုရာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဂရုတစိုက်ကျွေးမွေးထားသည်” ဆိုတာကိုတော့
လက်သပ်မွေး v. to treat tenderly, take good care of (စာ-၆၂၆)

“မိမိလိုလားနှစ်သက်သူကိုသာ တစုံတရာအကျိုးရှိအောင် သိုသိပ်လျှို့ဝှက်စွာ ပြုမူသည်။
မိမိလိုချင်တာရရှိစေရန် တစုံတဦးအား သိုသိပ်စွာပေးကမ်းသည်”
ဆိုတဲ့ ဓလေ့သုံးလေးကိုတော့
လက်သိပ်ထိုး v. to bribe secretly (စာ-၆၂၆)

အစရှိတဲ့ လက်နဲ့ပတ်သက်တဲ့ ဓလေ့သုံးစကားအတော်များများကို မြန်မာတို့သုံးနှုန်းနေတဲ့
အဓိပ္ပါယ်အတိုင်း မှန်ကန်အောင် ဖွင့်ဆိုထားကြောင်း တွေ့ရပါတယ်။
မြန်မာဓလေ့သုံးစကားတွေရဲ့ သဘောတရားတွေဟာ မြန်မာစကားကို သာမာန် ထမင်းစား
ရေသောက် ပြောဆိုတတ်ရုံလောက်နဲ့ နားလည်ကျွမ်းကျင်စွာ ပြောဆိုတတ်ဖို့က မလွယ်လှ
ပါဘူး။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ မြန်မာစကားသုံးတွေကို မြန်မာလူမျိုးတွေနဲ့
စကားများများပြောဆို နားထောင်ကြည့်မှ အဓိပ္ပါယ်ကို တဖြည်းဖြည်းနဲ့ နားလည်သဘော
ပေါက်လာမှာ ဖြစ်ပါတယ်။
ယုဒသန်ဟာ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် မြန်မာတွေနဲ့ နေထိုင်ပြောဆိုတဲ့နှစ်က
ကြာရှည်ခဲ့လေတော့ မြန်မာ့ဓလေ့သုံးစကားတွေကို အနီးစပ်ဆုံးဖြစ်အောင် အနက်ဖွင့်ဆို
ထားနိုင်တာကို တွေ့ရပါတယ်။ ဓလေ့သုံးစကားအားလုံးကို မခြုံငုံမိပေမယ့် ယုဒသန်တင်ပြ
ခဲ့တဲ့ မြန်မာဓလေ့သုံးစကားလေးတွေဟာ မြန်မာစကားမှာ အသုံးများတဲ့ ဓလေ့သုံးစကား
တွေဖြစ်ကြောင်း တွေ့ရပါတယ်။
အရပ်သုံးစကားအမျိုးအစားတွေထဲက ဓလေ့သုံးစကားနဲ့ပတ်သက်လို့ ယုဒသန် ဟာ အဘိဓာန်
ဆရာတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်သွားခဲ့ပြန်တယ်လို့ ဆိုရမှာပါ။ သူတင်ပြခဲ့လို့သာ
ဒီနေ့အထိသုံးနေဆဲဖြစ်တဲ့ တချို့ဓလေ့သုံးစကားလေးတွေဟာ ကုန်းဘောင်ခေတ်ကတည်းက
ရပ်ထဲရွာထဲမှာ နေ့စဉ်ပြောဆိုသုံးစွဲခဲ့ကြတယ်ဆိုတာကို ဘာသာစကားပညာရှင်တွေ ခန့်မှန်းလို့
ရရှိခဲ့တာပေါ့။ ဝေါဟာရသမိုင်းတန်ဖိုးရှိစေတဲ့ ဒီဓလေ့သုံးလေးတွေအတွက် ယုဒသန်ကို ကျေးဇူး
တင်ပါတယ်လို့ ဆိုချင်ပါတော့တယ်။

ဖြူဖြူဝင်း(မြန်မာစာ)

2 comments:

  1. ဝေလင်း9 December 2009 at 13:21

    ကျေးဇူးတင်ပါတယ်ခင်ဗျာ..။ တကယ်ပါ။ မြန်မာစာမြန်မာစကားတိုးတက်စေဖို့ အစ်မတို့လို blogger တွေများများရှိဖို့လိုပါတယ်။

    ReplyDelete
  2. ဒီတစ်ပုဒ်တင်ပေးတာကို ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး

    ReplyDelete