နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့


မကြာမီအချိန်အတွင်းမှာ နှစ်ဟောင်းဆိုတဲ့ ရာသီစက်လုံးကြီးတစ်ခုဟာ အိုပယ်စာရင်းထဲထည့်
ပြီး စွန့်ပစ်ခံရတော့မှာပါ။ အရှေ့တောင်အာရှ မြန်မာနိုင်ငံက မန္တလေးစံတော်ချိန်နဲ့ဆိုရင်
ပြောတာပါ။ တခြား ဥရောပတို့၊ မြောက်အမေရိကတို့ စတဲ့ တိုက်ကြီးတွေက နိုင်ငံတွေမှာရှိတဲ့
မြို့တွေကတော့ မန္တလေးထက် အတော်လေး နောက်ကျပြီးမှ နှစ်ဟောင်းကို စာရင်းဟောင်းထဲ
သွင်းကြမှာလေ။
ကမ္ဘာကြီးက မန္တလေးကို ကြိုပြီး စွန့်လွှတ်ခိုင်းတော့ မန္တလေးသားလေး ကျနော်လည်း ဘော်ဒါ
တွေနဲ့အတူ အဟောင်းစွန့်ပြီး အသစ်ကြိုဖို့ ပြင်ဆင်ရတော့တာပေါ့။
“ဟယ် ဟိုမှာ ကိုရဲတို့အဖွဲ့လာနေကြပြီ”
ကျနော်တို့က မမမူလို့နောက်ပြီးခေါ်တဲ့ ကိုမူရာကြီးရဲ့ ခပ်နွဲ့နွဲ့အသံကြီးကို ဝင်ဝင်ချင်းကြားလိုက်ရတယ်။
“ဟယ် သူတို့အဖွဲ့တွေ ဒီနေ့ စောပါတယ် မှတ်နေ ညကျ New Year ကိုး ဟဲ့”
“တို့ ရဲလေးက ထုံးစံအတိုင်း ဖာဒီနန်ဆံကျစ်မဟုတ်လား။ လာ တို့အနားကို လာထိုင်”
“ဟာ မမမူကလည်း ဗြူတီဆလွန်းဖွင့်ထားပြီး ဒိတ်အောက်လိုက်တာ။ ဖာဒီနန်က ဒီရာသီအစကတည်းက ခေါင်းတုံးဖြစ်သွားတော့ အဲဒီပုံလည်း အောက်သွားပြီလေဗျာ။ အဲဒီပုံ မလုပ်တော့ဘူး”
“ဒါဆို ရှင်က ဘာလုပ်မယ်စိတ်ကူးထားလို့လဲ ပြောပါဦး”
ပြောရင်းဆိုရင်း လက်ကအငြိမ်မနေဘူး။ သူ့ပါးကို လှမ်းဖျစ်လိုက်သေးတယ်။
မျက်နှာကသာ ပြင်ထားလို့။ နဂိုကလည်း ယောက်ျားပေမယ့် မိန်းမချောမို့ မိန်းမလိုလို ဘာလိုလို
နဲ့ လက်ကြီးကတော့ ကြမ်းလိုက်တာ။
“အဲဒီမှာဆေးဘူး၊ Revlon ကြက်သွေးရောင်၊ ဟေ့ကောင်တွေ မင်းတို့ဘူးတွေလည်း ပေးလိုက်
ကြ။ ဒီကောင်က နက်ပြာ၊ ဒီကောင့်ဘူးက ငွေရောင်၊ ဒီကောင်က အနီ၊ ကျနော်တို့အားလုံး
လုပ်မယ့်ဒီဇိုင်းက ဒီမှာ။ Pank ဒီဇိုင်းလို့ခေါ်တယ်။”

ပြောရင်းဆိုရင်း လက်ထဲက Metal Edge Magazine လေးကို လှမ်းပေးရင်း Alic in Chain အဖွဲ့နဲ့
Aerosmith က Steven Tyler မျက်စိခြယ်ထားတဲ့ပုံကို ပြလိုက်တယ်။
“ဒီ ဒီဇိုင်းတွေဆိုရင် ဘယ်လောက်အချိန်ယူရမှာလဲ”
“အမလေး ထွင်ပါ့ ကိုရဲလေးရယ်။ လက်ဝင်မယ့်ဟာတွေပဲ။ တော်သေးတယ် အခုကတည်းက
လာလို့၊ အခုနေ့လည်တစ်နာရီဆိုတော့ ရှင်တို့လေးယောက် အားလုံးအပြီးအစီး ည ၆နာရီလောက်ဆို
ပြီးပါတယ်။ ဒါဆိုအဆင်ပြေလား။”

“အိုကေ ၇နာရီအထိ ရသေးတယ်။ အဲဒီနောက်ပိုင်း ကဲမယ့်အစီအစဉ်ရှိသေးလို့။ ဟဲ ဟဲ---”
“ဟယ် တို့ကိုပါ ခေါ်ပါလားလို့”
“မိန်းမ မပါကြေးလေ၊ မမမူကလည်း”
“အမလေး ဒီနေရာမျိုးကျ နစ်နာပါ့နော်။ ရဲလေးတို့နဲ့အတူ မကဲရလေခြင်း”
ကိုမူရာကြီးကို ကျနော်တို့အဖွဲ့က မသတီပေမယ့် အိမ်တွေနဲ့ကလည်း နီး၊ သူကြည်ရင်
်ကြည်သလို ဈေးဆစ်လို့ရတဲ့ ဒီဆိုင်မှာကျနော်တို့တတွေ မကြာခဏ လာဖြစ်ကြတယ်။
ကိုမူရာကြီးကလည်း ကျနော်တို့ကို ချစ်လို့သာ ဈေးလျှော့ပေးတာ။ ကောင်မလေးတွေကျ
ခပ်တင်းတင်းရယ်။ သူ့ကိုပြန်ဖားနေရအောင် ဆိုင်လေးက နာမည်တစ်လုံးနဲ့။ ဒီ စိန်ပန်းရပ်
မှာတော့ ကိုမူရာကြီးရဲ့ဆိုင်ဆိုရင် ဘယ်ဗြူတီပါလာကမှ မတိုးနိုင်။ ကိုမူရာကြီးက အရွယ်
မရွေး၊ ဆိုက်မရွေး၊ နောက်ပြီး တော့ပစ်မရွေး။
အပြောအဆိုကလည်း ကောင်းတော့ ဆိုင်လေးက ကျနော်တို့လို ဂျပိုးကောင်လေးတွေသာ
မကဘူး၊ ပညာတတ်တဲ့သူတွေ၊ အားယားနေတဲ့ သူဌေးကတော်တွေ၊ နာမည်ကြီး ကျူရှင်
ဆရာ ဆရာမတွေ၊ ဆယ်ကျော်သက် ကောင်လေးတွေရဲ့ ကွန်းခိုရာလည်း ဖြစ်ရဲ့။
ခဏနေတော့ ဖြောင့်ပြီးသားလူက ပြန်ကောက်ချင်၊ ကောက်တဲ့သူက ပြန်ဖြောင့်ချင်၊
အရောင်မှိန်တဲ့သူက ဆိုးချင်၊ ဆိုးထားတဲ့သူက ပြန်ချွတ်ချင်ကြတဲ့ ကျနော်တို့အရွယ်
ကောင်မလေးတစ်သိုက်လည်း ကျွက်စီ ကျွက်စီနဲ့ ဝင်လာကြပါလေရော။
ဘယ်သူတွေ ဝင်လာလာ ကိုမူရာကြီးက အားလုံးကို နှစ်လိုဖွယ်အပြုံးနဲ့ ကြိုဆိုလေ့ရှိတယ်။
ဒါပေမယ့် ကျနော်တို့အဖွဲ့ကိုပဲ သူကိုယ်တိုင်ကိုင်တာ။ ကျန်တဲ့သူတွေကိုတော့ သူ့ဝန်ထမ်းတွေနဲ့ လွှတ်ထားတယ်လေ။
ကဲ- ဘယ်လောက်ပိုင်သလဲ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မနှစ်က မန္တလေးမြို့ကြီးရဲ့ နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်လေးကို ကြိုဆိုဧည့်ခံတဲ့ပွဲက
အံ့မခန်းစည်ကားတာကို ကျနော်တို့အဖွဲ့တွေ ကိုယ်တွေ့ခံစားခဲ့ကြပြီးသား။ ဒါပေမယ့်
အဲဒီတုန်းကတော့ တအားစည်မယ်လို့ ထင်မထားလို့ ဒီနှစ်လို ကြိုတင်ပြင်ဆင်မှုတွေ
မရှိဘဲ ခပ်ရိုးရိုးပုံစံတွေနဲ့သာ နှစ်သစ်ကိုကြိုဆိုခဲ့ကြရတာ။ ဒီနှစ်တော့ ဘယ်ရမလဲ။
အထူးဆန်းဆုံးဖြစ်အောင် ကြိုချင်ကြလို့ အခုလို ၁၁နာရီလောက်အလိုကတည်းက
ခေါင်းအညောင်းခံနေကြရတာ။
ကိုမူရာကြီးကတော့ နာမည်ကျော်တို့ရဲ့ ဒဏ္ဍာရီဆန်ဆန် မင်္ဂလာအကွဲအပြဲတွေကြားမှာ
သူ့အသည်းကျော် ဘရက်ပစ်မပါသေးတဲ့အပြင် ဒုတိယအသည်းကျော် တွမ်ခရုစ်ရဲ့
အိမ်ထောင်ရေးခိုင်မြဲနေတဲ့သတင်းကြောင့် လာမယ့်နှစ်သစ်မှာ အချစ်သစ်ပဲ ရှာတော့မတဲ့။
သူ့ပြိုင်ဘက်လိုသဘောထားတဲ့ ဘရစ်တနီစပီးယားက ယောက်ျားနဲ့ကွဲသွားလို့ ဝမ်းသာနေ
လေရဲ့။ အမြဲ ချွင်းဂမ်းတွေဝါးရင်း သူ့စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားတတ်တဲ့ အဲလက်
ဖာဂူဆန်ကတော့ မစ္စတာဘင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ အင်တာမီလန်က မော်ရင်ညိုကို ငယ်ပါ
သေးတယ်ကွာ နုပါသေးတယ် ဆိုတဲ့စကားကို အခုထိပြောနေနိုင်တုန်း။
ခဏနေတော့ မမမူဆိုင်ထဲကို ကောင်မလေးအမိုက်စားလေးတစ်ယောက်နဲ့ ခပ်တုတ်တုတ်ပုံစံ
လူငယ်တစ်ယောက်ဝင်လာတာကို နောက်ကြည့်မှန်ထဲကနေ မြင်နေရတယ်။ မိုက်လုံးကြီးတဲ့
ကောင်မလေး။ တွဲလာတဲ့ဘဲကြီးနဲ့ကမတန်လိုက်တာ။ ငါနဲ့ဆိုတော်သေးတယ်လို့ စိတ်ထဲက
ပြောလိုက်တယ်။
ကောင်မလေးလုပ်သမျှကိုတော့ ငနဲသားက ကျသမျှငွေလိုက်ရှင်းပေးတယ်။ သူ့ခန္ဓာကိုယ်ကြီး
ကြည့်ရတာ တစ်နေရာရာက သဘာဝမကျသလိုလို ဘာလိုလို။ သူ့ကောင်မလေးပြီးတာနဲ့ နှစ်
ယောက်သားဆိုင်ထဲကနေ ပုခုံးဖက်ပြီး ထွက်သွားကြလေရဲ့။ သူတို့ပြန်သွားမှ မမမူပြောပြလို့
သိရတာက သူက ယောက်ျားအတုကြီးတဲ့။
ဒါကြောင့် တစ်မျိုးကြီးပါလို့တော့ ထင်သား။
အတုကို အတုကပြောတဲ့ အတင်းစကားပေါ့ဗျာ။ ကျနော်တို့အဖွဲ့ မမမူရဲ့ဆိုင်ထဲမှာ
တစ်ယောက်ပြီးတစ်ယောက် ညအတွက် စိတ်တိုင်းကျ ပြင်ဆင်နေကြတာလေ။ အခု ညနေ
၎နာရီရှိသွားပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုယ့်အလှည့်ပြီးတာနဲ့ ကျနော်ဆိုဖာတစ်ခုအပေါ် ပြောင်းထိုင်ပြီး Fashion Image စာအုပ်ကို
ဟိုလှန် ဒီလှန် လုပ်နေလိုက်တယ်။ ဆံပင်ကတော့ စိတ်တိုင်းကျဖြစ်သွားပြီ။ ဒူးရင်းသီးလို
အစုလိုက် အစုလိုက်ဆွဲပြီး ထောင်ထားတဲ့ ဒီဇိုင်းနဲ့ တစ်စုက နီညိုရောင်၊ တစ်စုက နက်ပြာရောင်၊
နောက်တစ်စုက မီးခိုးရောင်၊ တစ်စုက အနီရောင် လေးယောက်လုံးရဲ့ ဆေးဘူးအရောင် လေး
ရောင်ကို အားလုံးမျှသုံးထားကြတာ။ မျက်ခုံးအပေါ်နားကနေ ပါးရိုးပေါ်ထိကို Diamond ပုံစံ
အနက်ရောင်ကြီးခြယ်ထားလို့ မျက်လုံးက ပိုပြူးသွားသလိုလို။ ကိုယ့်ဟာကိုယ် မှန်ထဲကြည့်ပြီး
ကျေနပ်နေတုန်း နောက်ကနေ ကျနော့်ကို ပြုံးစိစိနဲ့ ကြည့်နေတဲ့ မျက်လုံးနက်နက် စိုစိုလေးတွေ
ကြောင့် ရှိုးတိုး ရှန်းတန့်တောင် ဖြစ်သွားတယ်။
အဖြူရောင်ဂါဝန်လေးနဲ့ ကောင်မလေးတစ်ယောက်။ မျက်နှာသွယ်သွယ်လေးနဲ့ ချစ်စရာလေး။
ဒီနှစ်အတွက် ဇာတ်လမ်းကို ဒီကောင်မလေးနဲ့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။
ဘယ်နားကြည့်ကြည့် မဆိုးဘူး။ သူက ဆံပင်ဘာမှ မလုပ်ရသေးဘူး။ အလှည့်စောင့်နေဟန်တူတယ်။ အဖော်လည်းမပါဘူး။
အနားကပ်သွားလိုက်ပြီး---------
“ဟိတ် ညကျ ဆီဒိုးနားရှေ့ ကျုံးထောင့်မှာ ရှိနေမယ်၊ တွေ့ကြမယ်နော်။ ထွက်ခဲ့မှာလား”
“ဘာတွေလာပြောနေတာလဲ၊ သိလည်း မသိဘဲနဲ့။”
ဟ စကားပြန်ပြောတာကိုက အခြေအနေမဆိုးဘူး။ အားတက်သွားပြီ။
“၂၀၀၉ ကြီးကို အဟောင်းဇာတ်သွင်းပြီး ၂၀၁၀ကို အတူတူကြိုဆိုကြရအောင်လေ ဘယ်လိုလဲ”
ကောင်မလေးက သူ့ကို သေချာစူးစိုက်ကြည့်လိုက်ပြီးမှ------
“သရဲနဲ့တော့ အတူတူ မကြိုဆိုရဲပါဘူး။ ကြောက်တတ်တယ်”
ကောင်မလေးက ဂိုက်ဆိုက်မိမိနဲ့ ပုခုံးတွန့်ပြီးပြောနေလေရဲ့။
ကျနော်လည်း ကိုယ့်ပုံစံကို အခုမှ သတိရသွားပြီး သဘောကျလို့ ရယ်လိုက်မိတယ်။
ပြင်ဆင်မပြီးသေးတဲ့ ဖြိုးဝေက ကျနော့်ကို အမြင်ကတ်ပြီး အားကျတဲ့မျက်လုံးတွေနဲ့
မှန်ထဲကနေ ကြည့်လို့။ မမမူကြီးက ကျနော်တို့ကိုကြည့်ပြီး ခေါင်းတညိမ့်ညိမ့်နဲ့ ပြုံးစိစိ။
ခဏလည်းနေရော-------
“ဆုပန်က ကိုရဲလေးကို မသိဘူးထင်တယ်။ သူတို့က မမမူရဲ့ ဖောက်သည်တွေပေါ့။ ဒီအရပ်ထဲ
ကပဲလေ။ အခုလိုလုပ်ထားပေမယ့် ဒါတွေဖယ်ကြည့်လိုက်ရင် ရဲလေးက အမိစားလေးနော်။
ဆုပန်ကြွေသွားမယ်။ ရဲလေး ဒါ ဆုပန်တဲ့။ သူက မမမူရဲ့ ဖောက်သည်အသစ်လေး။ ဒီကိုနှစ်
ခေါက်လောက်ပဲလာဖူးသေးလို့ ရဲလေးတို့နဲ့ အခုမှ ဆုံဖူးကြတာ”

ထုံးစံအတိုင်း အလိုက်သိတဲ့ မမမူကြီးက ကျနော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်တယ်။
ဆုပန်တဲ့ မဆိုးပါဘူး။ပြေပြေပြစ်ပြစ်လေး။ သူက ဆံပင်အဖျားလေးတွေကို သစ် ရွေပေါ်ထိုး
လိုက်လို့ လိတ်ထွက်လာတဲ့ ရွေပေါ်စာအတွန့်ကြီးတွေလို ကောက်ဖို့လာတာတဲ့။ ဒါပေမယ့်
သူက အရင်ပြီးသွားလေရဲ့။ ပြန်ဖို့ငွေရှင်းပြီး ကြွကြွရွရွလေး ပြန်သွားလေရဲ့။
ပြန်ခါနီးမှာ ဆီဒိုးနား ကျုံးထောင့်ကို သူလာခဲ့မယ်လို့ တိုးတိုးလေးကပ်ပြောသွားလေရဲ့။
ကျနော် ရွှီကနဲ လေတချက်ချွန်လိုက်တယ်။ ဇာတ်လမ်းကတော့ ဖြစ်ပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူလေးပြန်သွားတော့ ဝမ်းသာအားရနဲ့ မမမူဘက်ကိုလှည့်ပြီး-
“မိတ်ဆက်ပေးတာ ကျေးဇူးပဲ။ ကျနော်က ဒီလိုအမှန်အကန်လေးနဲ့မှ
ဇာတ်လမ်းဖြစ်ချင်တာဗျ သိလား။ ဟဲ ဟဲ အခု ကျနော့်ကို ညကျ တွေ့ဖို့ချိန်းသွားတယ်”

လို့ ခပ်ကြွားကြွားလေးပြောလိုက်တယ်။
မမမူကြီးက အော်ရယ်ချလိုက်တယ်။ ပြီးမှ အရှိန်သတ်ပြီး-
“ရဲလေး ခဏ ပြောစရာရှိလို့”
ဆိုပြီး ခေါင်းလျှော်တဲ့အခန်းထဲက လှမ်းခေါ်တယ်။
မမမူပြောလိုက်တဲ့စကားကြောင့် ကျနော် သူ့မျက်နှာကြီးကို ကြောင်ပြီး တအံတသြနဲ့ ကြည့်လိုက်မိတယ်။
ကျနော် လူအကဲခတ် မညံ့ပါဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူ့ရဲ့ အသားအရေ၊ ရင်သားအလှ၊
တင်ပါးနဲ့လည်ပင်း၊ နောက်ပြီးတော့ စကားပြောတဲ့အသံ၊ ဒါတွေက ညာလို့မရတဲ့အရာတွေ
ဥစ္စာ။ အစစ်ပါ။
အမှန်အကန်ပါ။ ဘယ့်နှယ်ဖြစ်ရတာတုန်း။ ဒီတော့မှ မမမူကြီးကပြောတယ်။
“ဟဲ့ သူက ချမ်းသာတော့ နိုင်ငံခြားသွားခွဲစိတ်ပြုပြင်ပြီး အသွင်ပြောင်းထားတာတဲ့။ သိန်းပေါင်း
ရာနဲ့ချီပြီး ကုန်တယ်တဲ့။ အခု သူက ဘဝပြောင်းထားတဲ့ ဟဝှာကြီးဟဲ့။ ဒါတွေ ခေတ်စားနေ
တာ ရဲလေး မသိဘူးလား။ မမမူတောင် သူ့လိုလုပ်ချင်တာ ပိုက်ဆံမပြည့်သေးလို့ အဟီး။
နောက်ဆို သတိထားပြီးတော့သာ ဇာတ်လမ်းလုပ်ပေတော့ ကိုယ်တော်လေးရေ့-----”

“တော်ပြီဗျာ ခေါင်းရှုပ်တယ်။ ကြောက်ပါပြီ။ နောက်ဆို ကိုယ့်ဘာသာကိုယ် ဘာဇာတ်လမ်းမှ
မလုပ်တော့ဘဲ ရိုးရိုးလေးပဲပျော်ပါတော့မယ်”

ဘာပဲပြောပြော မမမူစကားကြောင့် ကျနော် ရှက်လည်းရှက်၊ အံ့လည်းအံ့သြသွားရတယ်။ ဘယ်လိုလောကပါလိမ့်။
အတုတွေရော အစစ်တွေရော၊ အတုမဟုတ် အစစ်မဟုတ်တာတွေရော။ အဲ ကျနော်ကတော့ အစစ်ထဲပါတာပေါ့နော်။
ဒါက ၂၀၀၉ နောက်ဆုံးရက်မှာ ဦးနှောက်စားစရာတစ်ခု။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့တတွေ Real Mandalay Alter Group ဆိုတဲ့ဆိုင်းဘုတ်လေးကို ကာလာလေးရောင်
ခြယ်နဲ့ အပြီးသတ် ကော်ကပ်အပြီးမှာ အဝေးကနေကြည့်ကြ၊ အနီးကနေ ကြည့်လိုက်ကြနဲ့
သဘောတွေကျလို့။
ဒါကို ဖြိုးဝေက ရင်ဘတ်မှာ ဆွဲထားမှာလေ။ ညနေ ၇နာရီခွဲပြီ။ ကန်တော်ကြီးထဲက Royal Lake
မှာ စားကြသောက်ကြနဲ့။ ကျနော်တို့အဖွဲ့ရဲ့ ထိုးထိုးထောင်ထောင် ကြောင်ကြောင်ကျားကျား
ပုံစံတွေကို တခြားလူတွေက ကြည့်လို့။ ဒါမျိုးဆို သိပ်ကျေနပ်ပေါ့။
လာစားတဲ့အထဲက သုံးနှစ်သားလေးတစ်ယောက်ဆို ကျနော်တို့ကိုကြည့်ပြီး လန့်လို့ ငိုတောင်
သွားလေရဲ့။
ကျနော်တို့အဖွဲ့ မန္တလေး ကန်တော်ကြီးမှာ ည ၁၀နာရီလောက်အထိနေပြီး စုရပ်ဖြစ်တဲ့
ဆီဒိုးနားကို ထွက်လာခဲ့ကြတယ်။ ဟိုတယ်ရှေ့ တောင်ကျုံးထောင့်မှာ ကျနော်တို့ထက်
စောရောက်နေကြသူတွေမှ အများကြီး။ အားလုံးကတော့ နှစ်သစ်ကူးမယ့် ည ၁၂နာရီကို
စောင့်နေကြတာလေ။ ည၁၀နာရီခွဲတော့ ထွန်းအိန္ဒြာဗို ရဲ့ သီချင်းသံကို ကြားရလေရဲ့။
ဒါပေမယ့် ကျနော်တို့အသံတွေနဲ့ ကျနော်တို့ထက် ကဲတဲ့ ကောင်တွေရဲ့ အသံတွေက
ပတ်ဝန်းကျင်ကို ပိုလွှမ်းသွားတယ်။
အားလုံးကတော့ ကိုယ့်ပုံစံနဲ့ကိုယ်၊ ကိုယ့်အဖွဲ့နဲ့ကိုယ်၊ ၂၀၁၀ကို ကြိုဆိုဖို့ စက္ကန့်တွေကို
countdown လုပ်ဖို့ ည၁၂နာရီအထိုးကို စောင့်နေကြလေရဲ့။
ည ၁၂နာရီထိုးဖို့ ၅မိနစ်အလို တချို့မီးရှူးမီးပန်းတွေကို မနေနိုင်မထိုင်နိုင် ဖောက်နေကြပြီ။
ဟော countdown လုပ်ကြတာ ၂မိနစ်အလို။ လျော့သွားပြန်ပြီ။ ၁မိနစ်အလို။ စက္ကန့်တွေကို
ကျနော်တို့အားလုံး တညီတညွတ်တည်း အာပေါက်မတတ်ရေတွက်ကြတယ်။
၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁............Happy New Year!!.........ဒီလိုအောင်မယ်လို့ ကြံကာရှိသေး
နောက်ကနေ ကျနော့်ခါးကို တစ်ယောက်ယောက်က သိုင်းဖက်လိုက်ပြီး ဆွဲလှည့်တာကို ခံ
လိုက်ရတယ်။ ဒီပြင်လူတွေကတော့ ကားဟွန်းတွေတီး၊ မီးရှူးမီးပန်းတွေလွှတ်၊ Happy New
Year! လို့အော်နေကြပေမယ့် ကျနော်လန့်ပြီးအော်လိုက်တာက.....
“ဟာ သေပြီဆရာ၊ ကြောက်ပါပြီဗျ၊ လွှတ်ပါ လွှတ်ပါ”
ဆုပန်ဆိုတဲ့ အခြောက်၊ အဲ.....အစိုကြီးကတော့ ကျနော့်ကို မလွှတ်။ ၂၀၀၉ကတော့ အဟောင်း
ဇာတ်ကို တရားဝင်အသွင်းခံလိုက်ရပါပြီ။ ၂၀၁၀ဆိုတဲ့ နှစ်သစ်ကလေးကတော့ စက္ကန့်ပိုင်းကနေ
မိနစ်ပိုင်းအထိ တဖြည်းဖြည်းနဲ့ ချဉ်းနင်းဝင်ရောက်လာနေပြီ။
ကျနော်ကတော့.............

ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ညလင်းဖြူ

No comments:

Post a Comment