စရုံအိမ် ဆိုတာ....

ဂန္တဝင်အဘိဓာန်တစ်အုပ်ကို ဖြည့်စွက်ပြုပြင်ပြီး ပြန်လည်ထုတ်ဝေကြတဲ့ နှောင်းခေတ်အဘိဓာန်ပြုစုသူတွေဟာ မူလကနဦးပြုစုခဲ့တဲ့ အဘိဓာန်ဆရာရဲ့ အာဘော်ကို သေချာစိစစ်တည်းဖြတ်ပြီးမှ ဖြည့်စွက်ပြုပြင်တာတွေကို သတိထားလုပ်ဆောင်သင့်ကြောင်း ဇောတိဆိုတဲ့ ဝေါဟာရလေးနဲ့ သာဓကပြခဲ့ပြီးပါပြီ။ ဝေါဟာရတစ်လုံးကို ဖြည့်စွက်ပြုပြင်လိုက်လို့ မူလအနက်အဓိပ္ပာယ်လွဲသွားနိုင်သလို တစ်ခါတစ်ရံမှာ ကနဦးပြုစုခဲ့တဲ့ အဘိဓာန်ဆရာရဲ့ အနက်ဖွင့်ကိုက လွဲမှားနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဒါကြောင့်လည်း “မမှားသောရှေ့နေ၊ မသေသော ဆေးသမား မရှိသလို အရာရာ ပြီးပြည့်စုံတဲ့ အဘိဓာန်ရယ်လို့ မရှိနိုင်ကြောင်း” ဂန္တဝင်အဘိဓာန်ဆရာကြီး ဆင်မြူရယ်ဂျွန်ဆင် (Samuel Johsom) က ဝန်ခံပြောဆိုသွားခဲ့တာပေါ့။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ မူလပြုစုခဲ့တဲ့ အဘိဓာန်ဆရာကိုယ်တိုင် မှားပြီးဖွင့်ဆိုခဲ့တဲ့ ဝေါဟာရလေးတစ်လုံးကို သတိမထားမိဘဲ သူ့အမှားအတိုင်း လက်ခံဖော်ပြထားတဲ့ စကားလုံးလေးတစ်လုံးအကြောင်းကို ဆက်လက်တင်ပြလိုပါတယ်။
ဒီလိုပြဿနာလေးတွေ ပေါ်ပေါက်လာရတာကလည်း ပြုစုပြီးသား အဘိဓာန်တစ်အုပ်ကို အကြိမ်ကြိမ်ပြန်လည်ဖြည့်စွက်ထုတ်ဝေကြရာက စတင်ပေါ်ပေါက်လာရတာ ဖြစ်ကြောင်း တွေ့ရပါတယ်။ ကမ္ဘာ့အဘိဓာန်သမိုင်းမှာ ပြန်လည်ထုတ်ဝေမှု ကြိမ်နှုန်းအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂျွန်ဝေါလ်ကား (John Walker) ရဲ့ အေဒီ ၁၇၉၁ထုတ် အင်္ဂလိပ် တစ်ဘာသာ အဘိဓာန်ဆိုရင် ထုတ်ဝေခဲ့တဲ့အကြိမ် ၄၀ကျော် ရှိခဲ့ကြောင်း မှတ်တမ်းများမှာ တွေ့ရပါတယ်။ ဒီအဘိဓာန်မူတွေမှာဆိုရင် မူလအစက ပြုစုခဲ့တဲ့ ဂျွန်ဝေါလ်ကားရဲ့ အာဘော်တွေ ဘယ်လောက်ပျက်ပြီး၊ ဘယ်လိုတွေ ဖြစ်နေမယ်ဆိုတာ စိတ်ဝင်စားပေမယ့် လက်လှမ်းမမီတော့ မသိနိုင်ပါဘူး။ ဒီလောက် ထုတ်ဝေမှု ကြိမ်နှုန်းအရေအတွက် မများတဲ့ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မူတွေထဲမှာတောင် ဒီလိုပြဿနာတွေကို အတော်တွေ့ရပါတယ်။ “စရုံအိမ်” ဆိုတဲ့ ဝေါဟာရလေးကို ကြည့်ပါ။ယုဒသန်ဟာ “စရုံအိမ်” ဆိုတဲ့ စကားလုံးကို “စရုံအိမ် (from စား, ရုံ and အိမ်) n. a low room attached to the principal building” လို့ အနက်ဖွင့်ပြထားပါတယ်။ ဒီအနက်ဖွင့်အရ “စရုံအိမ်” ဆိုတာဟာ “စားဖိုဆောင်” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပါတယ်။ ယုဒသန်ဖော်ပြထားတဲ့ ဒီအနက်ဖွင့်ဟာ လွဲချော်နေကြောင်း လက်လှမ်းမီရာ စာပေအကိုးအထောက်များနဲ့တကွ ဖော်ပြပါရစေ။
ဒုတိယ ကျော်အောင်စံထားဆရာတော်ပြုစုခဲ့တဲ့ “အဘိဓာန်ပါဌ် နိသျ” စာ-၁၁၈ ထဲမှာ “ဇန္တာဃရံ=မီးတင်းကုပ်(စရုံအိမ်သော၍ဟူ)”  လို့ ဆိုထားပါတယ်။ ဒါ့အပြင် စိန္တကျော်သူ ဦးသြရဲ့ ကဝိလက္ခဏာသတ်ပုံသံပေါက် ပုဒ် ၁၉၂မှာ လည်း “ပူဇော်သည့်ဟုံး၊ မီးစရုံး၊ ပွားပြုံးရောင်ရွှန်းရွှန်း” ဆိုပြီးလည်းကောင်း၊ ကျည်းကန်ရှင်ကြီးရဲ့ စွယ်စုံကျော်ထင်ပုစ္ဆာ ကျမ်းပုဒ် ၇၆မှာလည်း “လက်ရုံး ကြက်ရုံး၊ မီးဇရုံး၊ လွှတ်ရုံးကျိုင်းရုံး၊ ဘယ်သို့နည်း” ဟုလည်းကောင်း။ ဦးဟုတ်စိန်ရဲ့ ပါဠိ-မြန်မာ အဘိဓာန် စာ-၃၂၇ မှာလည်း “ဇယန္တာဃ ရ(န)=မီးလှုံစရာအိမ်၊ ဇရုံးအိမ်”ဆိုပြီး ဖော်ပြထားကြလေတော့ “ဇရုံ-ဇရုံး-စရုံး”ဆိုပြီး အဓိပ္ပာယ်တွေ အတူတူဖြစ်ပြီး အလှယ်လှယ်သုံးခဲ့ကြကြောင်းတွေ့ရပါတယ်။ တစ်ဖန် ဆရာမင်းသုဝဏ်ရဲ့ တက္ကသိုလ် မြန်မာအဘိဓာန်အပိုင်း၂မှာလည်း “ချွေးဇရုံး=ကြိ၊ ရေနွေးငွေ့ဖြင့် ချွေးထွက်စေသည်၊ ချွေးထုတ်သည်၊ ဆီဖြင့် သုတ်လိမ်းအပ်သော ကိုယ်ဖြင့် ထိုသစ်ရွက် အခင်း၌ အိပ်၍ တပြောင်းတပြန်ပြန် လူးလည်သဖြင့် ကိုယ်ကို ချွေးဇရုံးခြင်းငှာ ခွင့်ပြုတော်မူခြင်း” လို့ ဖော်ပြထားတော့ “ဇရုံး” ဆိုတဲ့ အနက်မှာ “မီးတင်းကုပ်” အပြင် “ချွေးထုတ်၊ ချွေးအောင်းရာအိမ်” လို့လည်း အနက်ရှိကြောင်း သိရလေတော့ ယုဒသန်ဖော်ပြထားတဲ့ အနက်မျိုးမဟုတ်တာ ထင်ရှားလှပါတယ်။
ဒါ့အပြင် ဦးဝန်စာတည်းလုပ်ပြီး စုဆောင်းထားတဲ့ တက္ကသိုလ်မြန်မာသတ်ညွှန်း ကျမ်းအပုဒ်- ၅၅၅၀ မှာလည်း “ကုလိကာဆေးလုံး၊ အနေသုံးလျက်၊ စ(ဇ)ရုံးဖိုတိုက်တွင်၊ ခိုက်သွေးခဲ” ဆိုပြီး ရှင်တေဇာသာရရဲ့ ရွှေဟင်္သာမင်းပျို့က အကိုးအကားနဲ့ ဖော်ပြထားတော့ “ချွေးထုတ်၊ ချွေးအောင်းရာအိမ်”ဆိုတဲ့ အနက်နဲ့ စပ်ဆိုထားတာ ထင်ရှားပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့ရဲ့ တိပိဋကပါဠိ-မြန်မာ အဘိဓာန် စာ-၁၂၆မှာလည်း “ဇန္တာ(ထီ)=(၁) ဇရုံးအိမ်၊ (၂)မီးတင်းကုပ်။ ဇန္တာဃရ(န)=(၁) ကိုယ်ကို ဆေးကုခြင်းငှာ ပြုအပ်သောအိမ်၊ ချွေးထုတ်ချွေးအောင်းရာအိမ်၊ ဇရုံးအိမ်။ (၂)မီးတင်းကုပ်” ရယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပါဠိ၊ ထိုင်း၊ အင်္ဂလိပ်၊ သက္ကတ လေးဘာသာအဘိဓာန် စာ-၃၀၆မှာ လည်း “Janta gharam = a room in which a fire is kept, a hot room for steam bath, a fire-house (for heating the body)” ဆိုပြီး “မီးတင်းကုပ်” အနက်ဖြင့် ဖွင့်ဆိုထားကြောင်း တွေ့ရပြန်ပါတယ်။ ဒါကြောင့် စရုံအိမ်၊ ဇရုံအိမ် ဆိုတာက “မီးတင်းကုပ်၊မီးလောင်တိုက်၊ ကိုယ်ကိုဆေးကုခြင်းငှာ ပြုအပ်သောအိမ်၊ ချွေးထုတ် ချွေးအောင်းရာအိမ်”ဆိုတဲ့ အနက်များသာဖြစ်ပြီး “စားဖိုဆောင်၊ ဆွမ်းစားဆောင်” မဟုတ်ကြောင်း တွေ့ရပါတယ်။
ယုဒသန်ဟာ ဒီဝေါဟာရမှာ ဘာကြောင့် “စားဖိုဆောင်” အဓိပ္ပာယ်အဖြစ် အနက်ဖွင့်ဆိုခဲ့သလဲလို့ ကြံဆရာမှာတော့ မြန်မာတွေက “စားဖိုဆောင်၊ စားဖိုမှူး” စတဲ့ ဝေါဟာရတွေကို အသံထွက်ပြောကြရာမှာ “စဖိုဆောင်၊ စဖိုမှူး” ဆိုပြီး “စား” ကို “စ” လို့ ပြုလုပ်ပြောဆိုတတ်ကြပါတယ်။ ဒီလိုပြုလုပ်ပြောဆိုတတ်ကြတာကို ယုဒသန်က သတိထားမိခဲ့ဟန် တူပါတယ်။ ဒါ့အပြင် “စရုံးအိမ်”ဆိုတဲ့ စကားကိုလည်း ယုဒသန်ဟာ သွားရင်းလာရင်း ပြောဆိုသံကို ကြားဖူးပေလိမ့်မယ်။ ဒါကြောင့် ဒီဝေါဟာရလေးကို သူ့အဘိဓာန်အတွက် တည်ပုဒ်အဖြစ် ထည့်ဖို့ တစ်နေရာမှာ မှတ်သားထားမှာလည်း သေချာပါတယ်။
ဒီလိုနဲ့ အနက်ဖွင့်ဆိုပြတဲ့အခါမှာ သူသတိထားမိပြီးဖြစ်တဲ့ “စားဖိုဆောင် (စဖိုဆောင်)၊ စားဖိုမှူး (စဖိုမှူး)” စကားလုံးတွေနဲ့ သဘောတူ “စရုံးအိမ်”ဆိုတဲ့ စကားဟာလည်း ဒီအနက်တွေနဲ့ နီးစပ်တယ်။ ဖြစ်နိုင်တယ်လို့ ယူဆပြီး “စားဖိုဆောင်”ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြလိုက်တာ ဖြစ်နိုင်ပါတယ်။
ယုဒသန်ရဲ့ ဒီလိုအထင်နဲ့ ဖွင့်ဆိုခဲ့တဲ့ အနက်မှားဝေါဟာရကို သတိမထားမိဘဲ သေချာမစိစစ်လိုက်ဘဲ မှန်တယ်လို့ ယူဆပြီး ဆက်လက်အသုံးပြုနေတဲ့ နှောင်းခေတ်အဘိဓာန်တစ်အုပ်ကို တွေ့ရပါတယ်။ ခေတ်ဟောင်းမြန်မာသမိုင်းသုတေသန အဘိဓာန် ၂၀၀၂ထုတ် စာ-၃၅မှာပါ။ “စရုံးအိမ်-ဆွမ်းစားဆောင်(ယုဒသန်၊စာ-၃၅၉)” ဆိုပြီး ယုဒသန်ရဲ့ အမှားအတိုင်းကို ဖော်ပြထားတာပါ။
ဒါတွေကိုကြည့်ရင် ရှေးကျတဲ့ အဘိဓာန်တွေကို ပြန်လည်ထုတ်ဝေဖို့ တည်းဖြတ် ဖြည့်စွက်ကြလျှင်ဖြစ်စေ၊ ကိုးကားသုံးနှုန်းလိုလျှင်ဖြစ်စေ၊ မူလအဘိဓာန်ဆရာဖော်ပြထားတဲ့ ဝေါဟာရမှန်မမှန်ကို မြန်မာစာပေ ကျမ်းကြီး ကျမ်းခိုင်တွေ၊ သမိုင်းမှန် အဖြစ်အပျက်အထောက်အထားတွေနဲ့ ညှိနှိုင်းတိုက်ဆိုင်ပြီးမှ သုံးစွဲဖော်ပြသင့်တယ်လို့ ဆင်ခြင်မိပါတော့တယ်။

ဒေါက်တာဖြူဖြူဝင်း (မြန်မာစာ)
{ရနံ့သစ်၊ သြဂုတ် ၂၀၀၅}

စာကိုး
* A Dictionary, Burmese and English by A. Judson (1852).
Maulmain.
*Encyclopaedia Britannica (A New Survey of Universal Knowledge)
Vol.7 (1951). London.
*Pali, Thai, English, Sanskirt Dictionary. (Prince Chanda Burinarinath, K.K. (1977). Bankok.
*ကဝိလက္ခဏာ သတ်ပုံဒီပနီ ဝိသောဓနီ (သုံးကျမ်းတွဲ)။ (၁၉၆၁)
မြဇော်-ပုံနှိပ်တိုက်။ ရန်ကုန်။
*ခေတ်ဟောင်း မြန်မာသမိုင်းသုတေသနအဘိဓာန်။ (ဦးသိန်းလှိုင်)။ (၂၀၀၂)။
*စွယ်စုံကျော်ထင်ကျမ်း။ (ကျည်းကန်ရှင်ကြီး)။ (၁၉၈၃)။
သာသနာရေးဦးစီးဌာန။ ရန်ကုန်။
*တိပိဋက ပါဠိ-မြန်မာ အဘိဓာန်။ အတွဲ-၈။ (ဗုဒ္ဓဘာသာအဖွဲ့)။
(၁၉၇၃)။ ရန်ကုန်။
*တက္ကသိုလ် မြန်မာသတ်ညွှန်းကျမ်း။ (ဦးဝန်)။ (၁၉၃၃)။ ရန်ကုန်။
*တက္ကသိုလ် မြန်မာအဘိဓာန်၊ အပိုင်း-၂။ (ဦးဝန်)။ (၁၉၅၆)။ ရန်ကုန်။
*ပဒတ္ထမဉ္စူသာဟူသော ပါဠိ-မြန်မာ အဘိဓာန်။ (ဦးဟုတ်စိန်)။ (၁၉၉၉)။ ရန်ကုန်။
*အဘိဓာန္ပါဌ္နိသ်။ (ဒုတိယကျော်အောင်စံထားဆရာတော်)။ (၁၉၃၉)။
တိုး-စာပုံနှိပ်တိုက်။ ရန်ကုန်။

1 comment:

  1. ဆရာမရှင့် ...
    ကျမက မြန်မာစာကို ချစ်မြတ်နိုးပြီး ဝေါဟာရတွေကို အလွန်စိတ်ဝင်စားသူပါ။
    ဒီဘလော့ကို ခုမှရောက်လို့ ဆရာမရဲ့အဖိုးတန်ဆောင်းပါးတွေ ခုမှ ဖတ်ခွင့်ရတယ်။ မဖတ်ရသေးတဲ့စာတွေ ဖြည်းဖြည်းချင်း လာဖတ်ပါအုံးမယ်။

    ReplyDelete