လူမျိုးတိုင်းမှာ မိမိတို့နဲ့သက်ဆိုင်ရာ အမိဘာသာစကားဆိုတာ ရှိကြပါတယ်။ ဒီ ဘာသာစကားကို အသုံးပြုပြီးတော့ပဲ၊ တစ်ဦးရဲ့ဆန္ဒကို တစ်ဦးက သိနားလည်သွားအောင် ဖော်ထုတ်ပြီး၊ လူတစ်ယောက်နဲ့ တစ်ယောက်၊ တစ်မိသားစုနဲ့ တစ်မိသားစု ဆက်သွယ်ပြောဆိုနေကြရတာပါ။ စာပေထက် ဘာသာစကားဟာ အရင်းအမြစ်ပိုကျတဲ့ လူမှုဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့လို ကမ္ဘာအရပ်ရပ်က လူမျိုးအချင်းချင်း ဆက်သွယ်မှုတွေ များလာတဲ့ globalization ခေတ်မှာတော့၊ မိမိတို့ ပြောဆိုနေကြတဲ့ သက်ဆိုင်ရာ အမိဘာသာစကားတစ်ခုတည်း ပြောဆိုတတ်ရုံနဲ့ မဖြစ်တော့ပါဘူး။ တခြားနိုင်ငံခြားဘာသာစကား တစ်ခုခုကိုလည်း နိုင်ငံတကာအရန်ဘာသာစကား (International Auxiliary Language) အဖြစ် ထမင်းစားရေသောက်အဆင့်လောက်တော့ ပြောတတ်ဆိုတတ်ဖို့၊ နားလည်တတ်ဖို့ဟာ အခြေအနေအရ လိုအပ်လာခဲ့ရပါတယ်။ ဒီလို မရှိမဖြစ် အခြေအနေတွေကြောင့် ဒီနေ့ခေတ်မှာဆို နိုင်ငံခြားဘာသာစကားတစ်ခုကို လူမှုဆက်သွယ်ရေးအဖြစ်သုံးတဲ့ ဘာသာစကားလေ့လာနည်းတွေ၊ သီအိုရီတွေ ပေါ်ပေါက်လာပါတယ်။ မည်သည့်နိုင်ငံခြားဘာသာစကားကိုမဆို Listening Skill ဆိုတဲ့ တစ်ဖက်လူပြောတာကို နားလည်သဘောပေါက်တဲ့အစွမ်း၊ Speaking Skill ဆိုတဲ့ ပြန်လည် တုံ့ပြန်ပြောဆိုတတ်မှုနဲ့ မိမိပြောလိုရာကို ထုတ်ဖော်ပြောဆိုမှုအစွမ်း Reading & Writing Skills ဆိုတဲ့ စာကို ရေးတတ်ဖတ်တတ်နိုင်မှုအစွမ်း... စတဲ့ စွမ်းရည်လေးရပ်နဲ့ပဲ ဘာသာစကားကို သင်ပေးကြ၊ လေ့လာနေကြတာလည်း တွေ့ရပါတယ်။ တကယ်လည်း ကိုယ့်အမိဘာသာစကားမဟုတ်တဲ့ နိုင်ငံခြားဘာသာစကားတစ်ခုကို လေ့လာတော့မယ်ဆိုရင်၊ ဒီစွမ်းရည်လေးရပ်လုံးကို ထောင့်စေ့အောင် လေ့လာနိုင်မှ ဆက်သွယ်ရေးကိရိယာအဖြစ် ဆက်လက်အသုံးချသွားနိုင်မှာပါ။ ဒါပေမယ့် ဒီစွမ်းရည်လေးရပ်မှာ လက်တွေ့ကျကျ အသုံးချချင်ရင်၊ တတ်ချင်ရင် အဓိကကျတဲ့ စွမ်းရည်နှစ်ရပ်ကတော့ တုံ့ပြန်ပြောဆိုနိုင်မှုအစွမ်း (Speaking Skill) နဲ့ နားလည်သဘောပေါက်မှုအစွမ်း (Listening Skill) နှစ်မျိုးဖြစ်ကြောင်း ကုန်းဘောင်ခေတ်အခါက မြန်မာဘာသာစကားကို အထင်ကရ နိုင်ငံခြားသားတချို့ရဲ့ လေ့လာနည်းတွေနဲ့ တင်ပြသွားပါရစေ။
မှတ်တမ်းများအရ အေဒီ ၁၇၅၀ ကနေ ၁၈၅၀ အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ ဝင်ရောက်လာမှု အများဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုကမ္ဘာအရပ်ရပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ နိုင်ငံခြားသားတွေဟာ မိမိတို့နဲ့ ဘာသာစကားယဉ်ကျေးမှုမတူညီတဲ့ မြန်မာနိုင်ငံကိုရောက်ရှိတော့ စစချင်းကြုံတွေ့ရတဲ့ အခက်အခဲဟာ ဘာသာစကားအခက်အခဲပဲ ဖြစ်ပါတယ်။ ဒီတော့ လူနည်းစုဧည့်သည် နိုင်ငံခြားသားတွေဟာ လူများစုဖြစ်တဲ့ အိမ်ရှင်မြန်မာလူမျိုးတွေနဲ့ မလွှဲမရှောင်သာ ဆက်ဆံကြရတဲ့အခါမှာ သူတို့ပြောတတ်တဲ့၊ နားလည်တဲ့ မြန်မာဘာသာစကားကိုသာ သင်ယူတတ်မြောက်အောင် ကြိုးပမ်းကြရပါတော့တယ်။
အဲဒီခေတ်က နိုင်ငံခြားသားတွေဟာ မြန်မာစကားကို အလေ့လာခံ၊ ကြားခံ၊ အသုံးချခံ ဘာသာစကားအဖြစ် သင်ယူလေ့လာကြရာမှာ ဒီနေ့ခေတ်မှာလို communicative language system ဆိုတဲ့ speaking, listening, reading and writing ဆိုတဲ့ သတ်မှတ်ထားတဲ့ နည်းစနစ်ဆိုတာလည်း ဘယ်မှာရှိဦးမှာလဲ။ ပြီးတော့ မြန်မာစကားနဲ့ ဆိုင်တဲ့ အဘိဓာန်ကျမ်းတို့၊ သဒ္ဒါကျမ်းတို့ စတဲ့ သင်ထောက်ကူပြုစာအုပ်တွေ ကျမ်းတွေကလည်း မရှိသေးဘဲကိုး။ ဒီတော့ မြန်မာစကားကို တတ်မြောက်ဖို့အတွက် အနီးစပ်ဆုံးဖြစ်တဲ့ အပြောစကားကိုပဲ စသင်ယူခဲ့ကြရတာကို သူတို့မှတ်တမ်းတွေထဲမှာ တွေ့နိုင်ပါတယ်။ ပထမဆုံး လက်ညှိုးထိုးပြီး ဒြပ်ဝတ္ထုပစ္စည်းတွေရဲ့ အမည်နာမတွေကို မြန်မာလို ဘယ်လိုခေါ်တယ်ဆိုတာကို ပြောတတ်လာဖို့ သင်ယူပြောကြည့်၊ ပြီးရင် ငွေကြေးဆိုင်ရာ အခေါ်အဝေါ်တွေ၊ အတွက်အချက် စကားတွေ၊ ဒီကတစ်ဆင့် တက်လို့ ဈေးဆစ်တာ၊ ဈေးစကားညှိတာ စတဲ့ အရောင်းအဝယ်စကားတွေကို မေးမြန်းပြောဆိုရင်းကနေ တတ်ကျွမ်းသွားခဲ့ကြရတာပါ။ ဒါပေမယ့် တချို့ ပညာတတ်အသိုင်းအဝိုင်းကနေ လာခဲ့ကြတဲ့ နိုင်ငံခြားသား သာသနာပြုတွေ၊ အုပ်ချုပ်ရေးအရာရှိတွေ၊ သံခင်းတမန်ခင်းတွေကတော့ ကုန်သည်တွေ၊ သင်္ဘောသားတွေလို လမ်းညွှန်ပေမယ့် အပြောစကားသက်သက်ကိုပဲ မေးရင်းမြန်းရင်းတတ်တာကို မရောင့်ရဲနိုင်ကြပါဘူး။ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်တဲ့ ဆရာကို ရှာလာကြပါတယ်။ မြန်မာစာပေတွေကိုလည်း ဖတ်တတ်၊ ရေးတတ်ချင်ကြပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီခေတ်က မြန်မာစာကြီးပေကြီးတွေဟာ ဒီနေ့ခေတ်မှာလို စာအုပ်အသွင် မပေါ်ပေါက်သေးပါဘူး။ ကျောက်စာပေမူတွေအဖြစ်နဲ့သာ စည်းကမ်းကြီးလှတဲ့ မြန်မာဘုန်းကြီးကျောင်းတွေနဲ့ ဘုရင့်နန်းတော်အတွင်းမှာသာ ထိန်းသိမ်းစောင့်ရှောက်ခံထားရတာပါ။ ပြီးတော့ ဘာသာစကားတစ်ခုကို တတ်မြောက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ခေတ်မီ အဘိဓာန်ကျမ်း၊ သဒ္ဒါကျမ်းရယ်လို့လည်း အဲဒီခေတ်က မပေါ်ပေါက်သေးပါဘူး။ ဒီတော့ လေ့လာရာမှာပိုပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။
ဖီးလစ်ကာရေး (Felix Carey) ဆိုသူရဲ့ ဘာသာစကားအခက်အခဲကိုကြည့်ပါ။ ကာရေးဟာ အေဒီ ၁၈၀၇ ကနေ ၁၈၁၆ အထိ ကိုးနှစ်ကြာ မြန်မာနိုင်ငံမှာ နေထိုင်သွားခဲ့သူပါ။ ခရစ်ယာန်သာသနာပြုအနေနဲ့ ရောက်ရှိလာပြီး မြန်မာစကားတတ်အောင်သင်ပြီး ခရစ်ယာန်သာသနာကျမ်းတွေကို မြန်မာလို ပုံနှိပ်ထုတ်ဝေဖို့ ရည်ရွယ်ခဲ့သူပါ။ ဒီတော့ အပြောစကားလောက်နဲ့ပဲ ထမင်းစားရေသောက် ပြောဆိုတတ်တာကို မကျေနပ်နိုင်ဘဲ၊ ရေးနိုင် ဖတ်နိုင်ဖို့အတွက်ပါ ကြိုးပမ်းရပါတော့တယ်။ ဒါပေမယ့် ဆရာအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း “မြန်မာစကား သင်ယူဖို့ရန်အတွက် အားကိုးထိုက်တဲ့ ဆရာရှာဖို့ အလွန်ခက်ခဲလှပါတယ်။ သင်ပေးခကို တစ်လ ရူပီငွေ (Rupee) ၂၀ ပေးတာတောင် လာရောက်သင်ပေးမယ့်သူ မရှိပါဘူး။ မြန်မာစကားနည်းနည်းတတ်တဲ့ ပေါ်တူဂီလူမျိုးတစ်ယောက်ကို တွေ့ပေမယ့် မနက်ပိုင်းအချိန်လောက်ပဲ လာသင်ပေးနိုင်တယ်။ ဒါတောင် လေးရက်လောက်လည်း လာပြီးရော နောက်ထပ် ပေါ်မလာတော့ဘူး။ ပြည်တော်ပြန် အင်္ဂလိပ်တစ်ယောက်က ပေးခဲ့တဲ့ မြန်မာစာကြောင်းတချို့ကို အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့ စာအုပ်သုံးလေးအုပ်ကိုပဲ အားကိုးရာအဖြစ် ဖတ်မှတ်လေ့လာလိုက်မှ စိတ်ဓာတ်ကျမှု နည်းနည်းလောက် လျော့ခဲ့ရပါတယ်”လို့ ညည်းတွားခဲ့ဖူးပါတယ်။ ဒါ့အပြင်ကာရေးဟာ အေဒီ ၁၈၀၈ အိန္ဒိယပြည်ကို ခဏပြန်ပြီး ပါဠိ၊ သက္ကတဘာသာတွေကိုလည်း လေ့လာခဲ့ပြန်ပါတယ်။ ဒီ့နောက် မြန်မာပြည်ကိုပြန်လာပြီး အေဒီ ၁၈၀၉ မှာ ပဲခူးမြို့ဝန်ထံ သွားရင်းက ထိုင်းနိုင်ငံကိုစစ်ချီသွားမယ့် မြန်မာစစ်တပ်နဲ့အတူ ဆေးဆရာအဖြစ် လိုက်သွားခဲ့ပါတယ်။ ဘာသာစကားအတွက် လက်တွေ့ အလေ့အကျင့် ဆိုတဲ့ စိတ်ကူးနဲ့ပါတဲ့။ ဒါတင်မကသေးပါဘူး ပုသိမ်သူ မြန်မာအမျိုးသမီးတစ်ယောက်ကိုလည်း အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ပြီး လက်ထပ်ခဲ့ပါတယ်။ ဒီမှာ သူ့ရဲ့ မြန်မာစကားအပြောပိုင်းဟာ ပိုမိုတိုးတက်လာခဲ့တယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။ ဒီအတွေ့အကြုံကြောင့် အေဒီ ၁၈၁၀ မှာ ခရစ်ယာန်သာသနာပြုဖို့အတွက် မြန်မာလူမျိုးတွေကို မြန်မာစကားနဲ့ တရားဟောတတ်လာခဲ့ပါတယ်။ အေဒီ ၁၈၁၁မှာ မြန်မာ-အင်္ဂလိအ် အဘိဓာန် မူကြမ်းကိုတောင် ပြုစုပြီးနေပါပြီ။ ကာရေးဟာ သူ့ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို “နံနက်စာစားအပြီး မူလ ဇာတကများကို တိုတိုကျဉ်းကျဉ်း ပါဠိလိုဖတ်တယ်။ ပြီးတော့ အင်္ဂလိပ်လို ဘာသာပြန်တယ်။ နောက်တော့ အဲဒီဇတ်တော်တွေကိုပဲ မြန်မာလို လှလှပပ အကျယ်ချဲ့ ပြန်ဆိုထားတာတွေနဲ့ တိုက်ဆိုင်ပြီး မှတ်စုတွေ ထုတ်ပါတယ်။ ပြီးတာနဲ့ သမ္မာကျမ်းစာ မြန်မာပြန်ထားတာတွေကို ဆရာနဲ့ ထုတ်ပါတယ်။ ပြီးမှ ဆရာက ပြန်ပါတယ်” လို့ မြန်မာစာ သင်ကြားရေးကို မှတ်တမ်းတင်ထားပါတယ်။ ဒီလိုကြိုးစားမှုတွေကြောင့်လည်း ကာရေးဟာ မြန်မာသဒ္ဒါကျမ်းကို ပြုစုနိုင်ခဲ့သလို၊ အဘိဓာန်ကိုလည်း ပြုစုနိုင်ခဲ့ပါတယ်။ သမ္မာကျမ်းစာကိုလည်း မြန်မာလို ပြန်ဆိုလာနိုင်ပါတယ်။ (ဒါပေမယ့် အဲဒီ ကျမ်းတွေဟာ အရာမထင်ခဲ့ပါဘူး။ အေဒီ ၁၈၁၄ မြန်မာမင်းထံ ပုံနှိပ်စက်ပို့ရန်အသွား ဓနုဖြူအလွန်မှာ လှေမှောက်နစ်မြုပ်တဲ့အထဲ ပါသွားခဲ့ရပါတယ်။ နောက်ပိုင်းမှာ မြန်မာနန်းတော်အတွင်း ဝင်ဆန့်တဲ့အထိ ပေါက်ရောက်သွားခဲ့သူဖြစ်ပါတယ်။
ကာရေးနဲ့အတူ မြန်မာနိုင်ငံကို ရောက်လာတဲ့ ချာတာ (Charter) ဆိုတဲ့ သာသနာပြုတစ်ယောက်ကလည်း မြန်မာစကားကို ကာရေးနည်းတူ လေ့လာလိုက်စားခဲ့တာပါပဲ။ သူ့ရဲ့ မြန်မာစကားသင်ယူနည်းကတော့ မြန်မာကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ခြင်းပဲ ဖြစ်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နေတာကြာလို့ မြန်မာစကားပဲ ပြောတတ်တဲ့ ဉရောပ ကလေးတချို့ကို အင်္ဂလိပ်စာသင်ပေးရင်းနဲ့ မြန်မာစကားကို လေ့လာခဲ့တာ တွေ့ရပါတယ်။ တနင်္ဂနွေညနေတိုင်းမှာလည်း မြန်မာမိတ်ဆွေတွေရဲ့ အိမ်သွားလည်၊ မြန်မာလို တရားဓမ္မဆွေးနွေးရင်း ဘာသာစကားကို လေ့ကျင့်ခဲ့ရကြောင်း မှတ်တမ်းတင်ထားပါတယ်။
အေဒီ ၁၈၁၄၊ ဇူလိုင် ၁၃ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ကြတဲ့ ယုဒသန်တို့ မောင်နှံဟာလည်း ကိုယ်နဲ့ ဘာသာစကားမျိုးရိုးချင်းမတူညီတဲ့ မြန်မာပြည်ကို ရောက်ရောက်ချင်းပဲ အခက်အခဲကြုံတွေ့ရတာပါပဲ။ ယုဒသန်ဟာ အိန္ဒိယနိုင်ငံမှာဆုံတဲ့ ဝီလျံကာရေး (William Carey) ရဲ့ လမ်းညွှန်ချက်ကြောင့် ရန်ကုန်ဆိပ်ကမ်းကို အရောက်မှာ သားဖြစ်သူ ကာရေးအိမ်ကို တန်းလာခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာမင်းမှုထမ်းနေတဲ့ ကာရေးဟာ အိမ်မှာမရှိတော့၊ မြန်မာဘာသာစကား ပြောတတ်တဲ့ ဇနီးဖြစ်သူ မကာရေးနဲ့ ဆက်သွယ်ပြောဆိုရာမှာ အခက်အခဲစတွေ့ခဲ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး လက်ဟန်ခြေဟန်သာ စကားပြောခဲ့ရကြောင်း မှတ်တမ်းများမှာ တွေ့ရပါတယ်။ ဒီလို ဘာသာစကားအခက်အခဲကို ရိပ်စားမိခဲ့တဲ့ ယုဒသန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာစာသင်ပေးနိုင်တဲ့ဆရာကို အကောက်ဝန်လန်ဆီဂိုးကတစ်ဆင့် ရှာခိုင်းပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတစ်ယောက်ကို မြန်မာတစ်ယောက်က စာသင်ပေးခွင့်မရှိဘူးဆိုတဲ့ မြို့ဝန်မင်းရဲ့ အမိန့်ကြောင့် နှစ်ပတ်လောက်အကြာမှာ သင်ပေးတဲ့ဆရာမောင်ရွှေငုံဟာ ထွက်ပြေးတိမ်းရှောင်ရလို့ သင်ကြားရေးအစီအစဉ် ပျက်သွားခဲ့ရပါတယ်။
ဒီလိုနဲ့ ယုဒသန်ဟာ မြန်မာစကားလေ့လာရာမှာ အရေးအကြီးဆုံးအခက်အခဲတစ်ခုကတော့ လမ်းညွှန်မဲ့ဖြစ်နေတဲ့ အခက်ျဆိုတာကို မိမိအရင်ရောက်နှင့်နေကြတဲ့ ရှေ့လူတွေရဲ့ လေ့လာနည်း လေ့လာဟန်တွေကို ကြည့်ပြီး ရိပ်စားမိလာဟန်တူပါတယ်။ အဘိဓာန်ပြုစုဖို့ ကြိုးပမ်းပါတော့တယ်။ နောက်ပြီး ဖီးလစ်ကာရေးရဲ့ လေ့လာနည်းလေ့လာဟန်တွေကို ကြည့်ပြီးတော့လည်း ရိပ်စားမိလာဟန်တူပါတယ်။ ဖီးလစ်ကာရေးရဲ့ မြန်မာစကားလေ့လာပုံလေ့လာနည်းကို သူ့ဇနီး မကာရေးအား မေးမြန်းပညာယူခဲ့ပါတယ်။ ဘာသာစကားတစ်ခုမှာ အပြောစကားအပိုင်းက စာပေအရေးအဖတ်အပိုင်းထက် ပိုပြီး အဓိကကျတော့ အချိန်တိုတိုနဲ့ လက်တွေ့ပြောဆိုဆက်သွယ်နိုင်ကြောင်း ကိုလည်း ကာရေးတို့၊ ချာတာတို့ကိုသာမက ဇနီးဖြစ်သူ အန်းဟေဇယ်တိုင်းဂျက်ဆင် (Ann Hasseltine Judson) ကိုကြည့်ပြီး အသိတစ်ခုရသွားပါတယ်။ ယုဒသန်ဟာ အဘိဓာန်ကျမ်း၊ သဒ္ဒါကျမ်းပြုစုလိုစိတ်၊ သမ္မာကျမ်းစာကို မြန်မာလို ဘာသာပြန်လိုစိတ်တွေကြောင့် အရေးအဖတ်ပိုင်းကို ဦးစားပေးလေ့လာနေချိန်မှာ ဇနီးဖြစ်သူ အန်းကတော့ အိမ်မှုကိစ္စတွေလုပ်ရင်းကိုင်ရင်း မြန်မာမ မကာရေးနဲ့ မြန်မာလိုပဲ ကြိုးစားပြောကြည့်ပါတယ်။ ဈေးထဲ အရပ်ထဲလည်း အိမ်ရှင်မ ဆိုတော့ ဈေးဝယ်ထွက်၊ ဈေးစကားညှိ စတာတွေကို မြန်မာလိုပဲ လက်တွေ့ပြောနေတော့ တစ်နှစ်ခန့်အကြာမှာ မြန်မာစကားကို ယုဒသန်ထက် ပိုမိုကျွမ်းကျင်စွာ လက်တွေ့ကျကျ အသုံးချပြောဆိုနေနိုင်တာကို တွေ့ရပါတယ်။ ယုဒသန်ဟာ ဘာသာစကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို သဘောပေါက်လာပေမယ့် အပြောပိုင်းမှာအန်းလောက် နှုတ်မသွက်တာကို ရိပ်စားမိလာတော့ ညနေပိုင်းတွေမှာ အန်းနဲ့အတူ မြန်မာမိတ်ဆွေတွေဆီ သွားရောက်လည်ပတ်ပြီး မြန်မာတွေ ပြောတာကို နားထောင်လိုက်၊ ကြိုးစားပြီး ပြန်ပြောကြည့်လိုက်နဲ့ အပြောစကားပိုင်းကို စိတ်ရှည်ရှည် သင်ယူလေ့ကျင့်ခဲ့ရပါတယ်။ တစ်ဖက်ကလည်း သင်ပေးနိုင်တဲ့ဆရာ ရှိရင်ရှိသလို အရေးအဖတ်ပိုင်းကို ကြိုးစားဖတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို ရောက်ရှိပြီး ခြောက်နှစ်အကြာ အေဒီ ၁၈၁၉၊ ဧပြီ ၂၅ရက်မှာ ဆောက်လုပ်ထားတဲ့ ဇရပ်အတွင်းမှာ ကယ်တင်ခြင်းတရားတော်ကို မြန်မာလို စတင်ဟောကြားနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။ ယုဒသန်ဟာ သူ့ရဲ့လိုအပ်ချက်ကို သိမြင်ပြီး အပြောစကားပိုင်းကို ပိုမို ဦးစားပေးလေ့လာခဲ့လို့ အခုလို တရားဟောနိုင်ပြောနိုင်တဲ့အဆင့်အထိ ရောက်ခဲ့ရတာပါ။ ဒါပေမယ့် ဘာသာစကားတစ်ခုဟာ တတ်မြောက်ပြီးပေမယ့် ဆက်လက်အသုံးမချရင်လည်း မေ့တတ်ပြန်ပါတယ်။ ဒီသဘာဝကို ယုဒသန်ရိပ်စားမိဟန် တူပါတယ်။ တရားဟောခြင်း၊ မြန်မာတွေနဲ့ ဆက်ဆံပြောဆိုခြင်းနဲ့ အပြောပိုင်းကို တိုးတက်အောင် လုပ်ဆောင်ခဲ့သလို သမ္မာကျမ်းစာဘာသာပြန်ခြင်း၊ အဘိဓာန်တည်ပုဒ်စုဆောင်းခြင်း စတာတွေနဲ့လည်း သူ့ရဲ့ အရေးအဖတ်ပိုင်း စွမ်းရည်တိုးတက်အောင် တစ်ဖက်ကနေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ဘာသာစကားတစ်ခုဟာ ပြောဆိုဆက်ဆံတတ်ရုံ၊ ရေးတတ်ဖတ်တတ်ရုံတင် မကပါဘူး။ ကိုယ်လေ့လာသင်ယူတဲ့ ဘာသာစကားကို နှစ်သက်မြတ်နိုးမှ တစ်နည်းအားဖြင့်ဆိုရင် crazy ဖြစ်မှသာ တတ်မြောက်လွယ်ပြီး ထိရောက်ကြောင်း ယုဒသန်တို့ မိသားစုကိုကြည့်ပြီး သိနိုင်ပါတယ်။ ယုဒသန်ဟာ မြန်မာစာ မြန်မာစကားကို ရန်ကုန်ရောက်တဲ့အချိန်က စပြီး လေ့လာခဲ့တာ မိခင်ဘာသာစကားပြောရတာထက် မြန်မာစကားပြောရတာကို ပိုပြီး အာတွေ့လာခဲ့ပါတယ်။ ယုဒသန်နဲ့ အန်းတို့ဟာ မြန်မာစကားပြောတတ်လာခဲ့အခါ အင်္ဂလိပ်စကားကို လုံးဝမပြောကြတော့ဘဲ မြန်မာလိုပဲ ပြောခဲ့ကြပါတယ်။ ဒါကြောင့်လည်း သမီးဖြစ်သူ အက်ဘီအန်းန် (Abbey Ann) ဟာ မြန်မာစကားပြော မိဘနှစ်ဦးကြောင့် စကားတတ်ခါစ အရွယ်မှာ သူဖြစ်လိုတာတွေကို မြန်မာလိုပဲ ပြောတတ်တော့တဲ့အထိ တစ်မိသားစုလုံး မြန်မာစကားကို နှစ်နှစ်ခြိုက်ခြိုက် ပြောဆိုခဲ့ကြပါတော့တယ်။ ယုဒသန်ဟာ မြန်မာစကားပြောရတာကို အာတွေ့ရုံမက မြန်မာစာအရေးအဖတ်ပိုင်းကိုလည်း အာရုံစူးစိုက်လေ့လာခဲ့လို့ ထင်ပါတယ်။
“နိုင်ငံခြားဘာသာစကားတစ်ခုကို အသုံးပြုပြီး အဟောအပြော ကောင်းတဲ့ တရားဟောဆရာလို့ ပရိသတ်အသိအမှတ်ပြု လက်ခံလာဖို့ရန် ခက်ခဲပြီး လုံ့လစိုက်ထုတ်ခဲ့ရပါတယ်။ မြန်မာစကားကို ပြောတတ်ပြီဆိုတာနဲက တရားဟောစင်ပေါ်မှာ အင်္ဂလိပ်လို ပြောတာ မရှိသလောက်ပါပဲ။ ဒါဟာ တစ်ဖက်ကမ်းကို သွားမယ်၊ နောက်ပြန်မလှည့်ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ပြီးနောက် မြစ်ကိုဖြတ်ကူးအပြီး စီးလာတဲ့ လှေကို မီးရှို့ဖျက်ဆီးပစ်လိုက်သလိုပေါ့။ မြန်မာလူမျိုးတွေကြား ယေရှုသခင်ရဲ့ ကယ်တင်ခြင်းတရားတော် ပြန့်ပွားဖို့ရန် မိမိကိုယ်ကို ဆက်ကပ်အပြီး အကောင်းကြုံတွေ့ရသည်ဖြစ်စေ၊ အဆိုးကြုံတွေ့ရသည်ဖြစ်စေ နောက်ပြန်မလှည့်တော့ဘဲ ဆက်လက်လုပ်ဆောင်သွားရမှာပါပဲ။ ဖျက်ဆီးပြီးသား လှေကလည်း ပြန်တည်ဆောက်လို့ မရနိုင်တော့ဘူးလေ” ဆိုပြီး ဌာနေက သမီးဖြစ်သူထံ ရေးတဲ့စာကို ကြည့်ရင် ယုဒသန်ဟာ မြန်မာတို့သုံးနှုန်းပြောဆိုနေကြတဲ့ “ဘုရင့်နောင် ဖောင်ဖျက်” ဆိုတဲ့ စကားပုံရဲ့ သဘောအဓိပ္ပါယ်နဲ့ အတွေးအခေါ်တို့ လွှမ်းမိုးနေကြောင်း ရိပ်စားမိနိုင်ပါတယ်။ ယုဒသန်ဟာ မြန်မာစကားကို နှစ်နှစ်သက်သက် ပြောဆိုသွားခဲ့တာဟာ နောက်ဆုံးထွက်သက်အထိပင်ဖြစ်ခဲ့ကြောင်း “အမှုတော်ပြီးပြီ ငါသွားတော့မယ်၊ ငါ့ကို မြန်မြန်မြှုပ်ပါ၊ သခင်မကို စောင့်ရှောက်ရစ်ပါ” ဆိုတဲ့ စကားက သက်သေခံနေပါတယ်။ ဒါကြောင့်လည်း ယုဒသန်ကို “အပြောက်အမွမ်း အဆင်တန်ဆာတွေနဲ့ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ သိပ်ကိုခက်ခဲတဲ့ မြန်မာစကားကို အဘိဓာန်ကျမ်း၊ သဒ္ဒါကျမ်း နဲ့ အခြားဘာသာစကားအထောက်အကူပြု ကျမ်းတွေမရှိဘဲ ခုနစ်နှစ်အတွင်းမှာ ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်လာအောင် ကြိုးစားခဲ့တဲ့ ယုဒသန်ရဲ့ မြန်မာစကားတတ်သိမှုအစွမ်းဟာ အံ့မခန်း ချီးကျူးဖွယ်ရာပါပဲ” လို့ ပညာရှင်တွေက ဂုဏ်ပြုပြောဆိုခဲ့ကြတာပေါ့။
ဒီလို အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ မြန်မာစကားလေ့လာပုံကို ကြည့်ပြီး အသိအမြင်တစ်ခုရလိုက်တာက နိုင်ငံခြားဘာသာစကားတစ်ခုကို လေ့လာသင်ယူတဲ့အခါမှာ အများလက်ခံပြီး လေ့လာနေကြတဲ့ ဘာသာစကား စွမ်းရည်လေးရပ်မှာ လက်တွေ့အသုံးချချင်ရင်၊ တတ်မြောက်ချင်ရင် စာလိုလေ့လာတာထက် အပြောစကားကို ဦးစားပေးပြီး လက်တွေ့ပြောကြည့်တာက ထိရောက်ကြောင်းတွေ့ရပါတယ်။ ပထမ သူတို့ပြောတာကို နားထောင်ပြီး နားလည်အောင်ကြိုးစား၊ ဒီလိုနားလည်လာရာကနေ ကိုယ့်ဘက်က တုံ့ပြန်ပြောဆိုမှုကလည်း အလိုလိုဖြစ်ပေါ်လာ၊ ဒီလိုနဲ့ တစ်ဆင့်တက်ပြီး ပြောဆိုကြည့်ရာကနေ လက်တွေ့အသုံးချဆက်သွယ်မှုတွေ ပြုလုပ်ရင်းက ကျွမ်းကျင်တတ်မြောက်တဲ့အဆင့်ကို ရောက်ရှိသွားနိုင်မှာပါ။ ဒါပေမယ့် စာအရေးအဖတ်ပိုင်းကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။ ဒါကြောင့် တစ်ဖက်ကလည်း တတ်နိုင်သလောက် ဆရာနဲ့ဖြစ်စေ၊ self study သဘော ကိုယ်တိုင် ဖတ်မှတ်လေ့လာလို့ဖြစ်စေ လေ့ကျင့်ဖတ်မှတ်ဖို့လည်း လိုပါတယ်။ ဒါက အဆင့်လေးဆင့်မှာ တတိယအဆင့်အဖြစ် လုပ်ဆောင်ရမှာပါ။ ဘာသာစကားစွမ်းရည်လေးရပ်မှာ နားထောင် (listening) ၊ ပြောဆို (speaking) ၊ ဖတ်မှတ် (reading) ၊ လေ့လာရာကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင်လက်တွေ့ချရေးကြည့်တဲ့ အရေးစွမ်းရည် (writing skill) ကို နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်သင့်တယ်လို့လည်း မြင်မိပါတယ်။ ဖီးလစ်ကာရေး၊ ချာတာနဲ့ ယုဒသန်တို့ မောင်နှံ တတ်မြောက်ကျွမ်းကျင်သွားပုံကို ကြည့်ပြီး ပညာယူရင် ဒီနေ့ခေတ်မှာလို အချိန်ယူပြီး သင်ရတဲ့ ဘာသာစကားစွမ်းရည်လေးရပ်ထဲက အရေးနဲ့အဖတ်ပိုင်းကို ဦးစားပေးသင်နေကြသလို သင်ယူလေ့လာနေတာထာက် သူတို့တွေလို Native speaker တွေပြောတာကို နားထောင်ကြည့်ပြီး လက်တွေ့ပြောဆိုကြည့်တာက ပိုထိရောက်တယ်လို့ မြင်မိပါတယ်။ ဒီအချက်ကို ရိပ်စားမိခဲ့တဲ့ ယုဒသန်ဟာ အရေးအဖတ်ပိုင်းကို ဦးစားပေးပြီး စာလိုသင်ယူလေ့လာနေရာကနေ လက်တွေ့ပြောကြည့်တဲ့ အပိုင်းကို ပြန်ပြောင်းလေ့ကျင့်ယူခဲ့ကြောင်း တွေ့ရပါတယ်။ အဲဒီခေတ်ကတော့ စာပေအရေးအဖတ်ပိုင်းကို သင်ယူလေ့လာဖို့ရာ အခြေအနေကိုက မပေးခဲ့လေတော့ သူတို့နီးစပ်တဲ့ အပြောစကားပိုင်းကိုပဲ ဦးစားပေးလေ့ကျင့်ခဲ့ကြတာပါ။ ဒီအခြေအနေကိုပဲ သူတို့လေ့လာနေတဲ့ ဘာသာစကားကို အချိန်တိုတိုနဲ့ အသုံးချဆက်သွယ်ဖို့အတွက် ပိုမိုထိရောက်ခဲ့တာပါ။ ဒီခေတ်မှာတော့ နိုင်ငံခြားဘာသာစကားတစ်ခုကို လေ့လာကြရာမှာ လေ့လာစရာစာအုပ်စာတမ်းတွေ ပေါများလာတာက တစ်ကြောင်း၊ သင်ကြားပေးမယ့် ဆရာဆရာမတွေ ရှိလာတာက တစ်ကြောင်းကြောင့် ထင်ပါရဲ့။ စာအုပ်နဲ့ စာလိုသင်တဲ့အပိုင်းက ပိုများနေတာ ကို တွေ့ရှိရပါတယ်။ လက်တွေ့အသုံးချ ပြောဆိုခိုင်းမှုအပိုင်းမှာ နည်းနေတယ်လို့ မြင်မိပါတယ်။ နောက်ပြီး ကိုယ်လေ့လာမယ့် ဘာသာစကားတစ်ခုကို ကိုယ်တိုင်က လိုလိုချင်ချင်ရှိမှ၊ မရှက်မကြောက် ပြောရဲဆိုရဲမှ၊ အဲဒီဘာသာစကားအပေါ် နှစ်သက်မြတ်နိုးမှုရှိမှ သင်ယူလေ့ကျင့်ရမှာ ထိရောက်ကြောင်းကိုလည်း တွေ့လာရပါတယ်။ ကိုယ့်အမိဘာသာစကားမဟုတ်တော့ မမေ့အောင် အဆက်မပြတ် ပြောဆိုလေ့ကျင့်နေဖို့လည်း လိုကြောင်း တွေ့လာရပါတယ်။ လူတိုင်းလူတိုင်း နှစ်သက်ရာ နိုင်ငံခြားဘာသာစကားတစ်ခုကို လေ့လာကြရာမှာ လက်တွေ့ပြောဆို အသုံးချသွားနိုင်အောင်လို့ အခြေအနေတွေ အခွင့်အလမ်းတွေ ရရှိနိုင်ပါစေကြောင်း....။
ဒေါက်တာဖြူဖြူဝင်း (မြန်မာစာ)
(မိုးဂျာနယ်၊ အောက်တိုဘာ ၂၀၀၅)
စာကိုး
www.wholesomewords.org/missions/judson.com
www.heinemann.linguistics.EFL .com
www.dk.com
A Memoir of the Life and Labour of the Rev. Adoniram Judson, D.D. Vol 1,2 by Francis Wayland. (1853) Boston
Burma (Myanmar) Through Alien Eyes by Helen G. Trager. (1965). Asia Publishing House.
J B R S, Vol 28, Part 1. (1938). “Felix Carey & the English Baptist Mission in Burma (Myanmar)”. B .R Pearn.
Memoir of Ann H. Judson by James Knowels. (1845). Boston.
www.wholesomewords.org/missions/judson.com
www.heinemann.linguistics.EFL .com
www.dk.com
A Memoir of the Life and Labour of the Rev. Adoniram Judson, D.D. Vol 1,2 by Francis Wayland. (1853) Boston
Burma (Myanmar) Through Alien Eyes by Helen G. Trager. (1965). Asia Publishing House.
J B R S, Vol 28, Part 1. (1938). “Felix Carey & the English Baptist Mission in Burma (Myanmar)”. B .R Pearn.
Memoir of Ann H. Judson by James Knowels. (1845). Boston.
No comments:
Post a Comment