"ဇောတိ" ဆိုတဲ့ ဝေါဟာရ

ခေတ်အလိုက် ပေါ်ပေါက်ခဲ့တဲ့ အဘိဓာန်ကျမ်းတွေဟာ ဘာသာစကားတစ်ခုမှာရှိတဲ့ ဝေါဟာရတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ အသုံးပြောင်းလဲသွားတတ်မှု၊ တိမ်မြုပ်ပျောက်ကွယ်သွားတတ်မှု စတဲ့ ဝေါဟာရသမိုင်းကြောင်းတွေကို ထိန်းသိမ်းထားပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ပညာရှင်တွေက
ဘာသာစကားတစ်ခုဟာ အမြဲ ရှင်သန်ပြောင်းလဲနေတဲ့ အရာတစ်ခုဖြစ်လို့ အဘိဓာန်တွေကို အကြိမ်ကြိမ်ဖြည့်စွက်ပြုပြင်ပြီး ပြန်လည်ထုတ်ဝေခဲ့ကြပေမယ့် ပြီးပြည့်စုံသွားတယ်ရယ်လို့ မရှိနိုင်ပါဘူး။ ဒါပေမယ့် အဘိဓာန်တို့ရဲ့ တည်မြဲတဲ့ အရာတစ်ခုကတော့ ဘာသာစကားတစ်ခုမှာရှိတဲ့ ဝေါဟာရတွေရဲ့ သမိုင်းတန်ဖိုးကို အမြဲတန်ဖိုးရှိရှိ ထိန်းထားပေးနိုင်တာပဲ ဖြစ်ပါတယ်
လို့ ဆိုခဲ့ကြတာပေါ့။ အထူးသဖြင့် ရှေးကျတဲ့ အဘိဓာန်တွေဟာ လက်ရှိခေတ်မှာ အသုံးမတွင်တော့တဲ့ ရှေးသုံးစကားတွေ အများကြီးပါဝင်ကြပါတယ်။
ဒီနေ့အထိ မြန်မာပညာရှင်တွေ လေးစားသုံးစွဲနေကြဆဲဖြစ်တဲ့ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မူတွေထဲမှာလည်း ရှေးသုံးစကားတွေ ဒုနဲ့ဒေး ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ယုဒသန်လက်ရာအစစ်ဆုံး အေဒီ ၁၈၅၂ခုနှစ်ထုတ် အဘိဓာန်မူကို အခြေတည်ပြီး ထပ်မံဖြည့်စွက်ထုတ်ဝေခဲ့ကြတဲ့ နောက်ပိုင်းထုတ်မူတွေမှာ နှောင်းပညာရှင်တွေက ခေတ်နဲ့ အညီ ပြုပြင်ခဲ့ကြတာတွေရှိသလို ခေတ်အလိုက် တိုးပွားလာတဲ့ ဝေါဟာရတွေကို ဖြည့်စွက်ခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။
ဒါကလည်း အဘိဓာန်တွေရဲ့ အစဉ်အဆက် ထမ်းဆောင်ကြရမယ့် တာဝန်တစ်ရပ်ပါ။ ဒါပေမယ့် ကနဦးစတင်ပြုစုခဲ့တဲ့ အဘိဓာန်ဆရာရဲ့ ဘာဘော်ကို သေချာမစိစစ်၊ မတည်းဖြတ်မိဘဲ ဖြည့်စွက်လိုက်မိရင်တော့ မူလအဘိဓာန်ဆရာပေးခဲ့တဲ့ အနက်အဓိပ္ပာယ်အမှန် ပျောက်ကွယ်သွားတတ်ပြီး လွဲမှားတဲ့အနက်တစ်မျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကို "ဇောတိ"ဆိုတဲ့ ဝေါဟာရလေးနဲ့ သာဓကပြဆိုပါရစေ။
နှစ်ခြင်းသာသနာပြုရာ ယုဒသန်ဟာ "ဇောတိ" ဆိုတဲ့ ဝေါဟာရကို သူပြုစုခဲ့တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ထဲမှာရော၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ထဲမှာပါ တည်ပုဒ်အဖြစ် အပြန်အလှန် ထည့်သွင်း အနက်ဖွင့်ပြခဲ့ပါတယ်။ အေဒီ ၁၈၄၉ခုနှစ် သူ မကွယ်လွန်ခင်မှာ ထုတ်ဝေနိုင်ခဲ့တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (1866 Edition, p-645)မှာ 'Schismatic. n. သင်းခွဲသောသူ။ ဇောတိ" လို့ အနက်ဖွင့်တင်ပြခဲ့သလို အေဒီ ၁၈၅၂ခုနှစ် သူကွယ်လွန်ပြီးမှ ထုတ်ဝေနိုင်ခဲ့တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန် (1852 Edition,P-310) မှာလည်း "ဇောတိ= n.a Schismatic" ဆိုပြီး တည်ပုဒ်အဖြစ် တင်ပြခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဒီခေတ် အများသိထားကြတဲ့...
"ဇောတိ= အလင်း။ တောက်ပခြင်း။ ထွန်းတောက်ခြင်း။ ကြယ်။ မီး။ ဗေဒင်အတတ်"
"ဇောတိ=မီးရှူး။ ဇောတိကသူဌေး" (ဦးဟုတ်စိန်၊ ပါဠိ-မြန်မာ အဘိဓာန်။ စာ-၄၁၉) ဆိုတဲ့ ဝေါဟာရတွေရယ်...
"ဇောတိရသ=အလွန်ထွန်းတောက်သော အရောင်ရှိ ကျောက်မျက်" (ခရီးဆောင် မြန်မာအဘိဓာန်၊ စာ-၁၁၂) ဆိုတဲ့ အနက်တွေနဲ့ မတူ တစ်မူထူးခြား ကွဲပြားနေတာကို တွေ့ရပါတယ်။
ဒီတော့ ယုဒသန်ပေးခဲ့တဲ့ "ဇောတိ" ဆိုတဲ့ ဝေါဟာရကို ရှေးသုံးစကားအဖြစ်လည်းကောင်း၊ ရှားပါး အသုံးအဖြစ်လည်းကောင်း သတ်မှတ်နိုင်ပါတယ်။ ဒါကိုပဲ ယုဒသန် မြန်မာ-အင်္ဂလိပ်အဘိဓာန် နှစ်တစ်ရာမြောက်ပုံနှိပ်ခြင်းမူ (1953 Edition,P-430) မှာ "ဇောတိ= n,a Schismatic (rare) ဇောတိက အယူ၊ an heretical opinion" ဆိုပြီး နှောင်းပညာရှင်တွေက ဖြည့်စွက်ပြင်ဆင် အနက်ပေးလိုက်တာကြောင့် ယုဒသန်မူလကပေးခဲ့တဲ့ အနက်အဓိပ္ပာယ်နဲ့ သွေဖည်သွားခဲ့ရပါတယ်။
ဒါကြောင့် ဒီအသုံးနဲ့ ပတ်သက်လို့ ယုဒသန်ဆိုလိုချင်တဲ့ အာဘော်ကို ပိုမိုပေါ်လွင်လာအောင်လို့ အခြားအဘိဓာန်ပြုစုသူ ပညာရှင်များရဲ့ အနက်ဖွင့်တွေကို လက်လှမ်းမီသလောက် ဆက်လက်လေ့လာကြည့်တဲ့အခါမှာတော့ ခေတ်ဟောင်းမြန်မာ့သမိုင်းသုတေသန အဘိဓာန် (ဦးသိန်းလှိုင်၊ ၂၀၀၂၊ ဒုတိယအကြိမ်၊ စာ-၅၁) မှာ "ဇောတိဝါဒ=လူသေလျှင် တစ်ဖန် ပဋိသန္ဓေမနေ၊ ဆုံးခြင်းပျောက်ခြင်းသာ ဖြစ်သည်ဟူ၍ ယုံကြည်သောဝါဒ (ထိုဝါဒကို လက်ခံသူတို့သည် ဘုရားရုပ်ပွားဆင်းတုကိုးကွယ်ခြင်း၊ ရဟန်းသံဃာတို့ကို ကိုးကွယ်ခြင်းလည်း မရှိချေ"ဆိုပြီး အနက်ဖွင့်ပြထားပါတယ်။
ချားလ်စ်လိန်းအဘိဓာန် (1841 Edition,P-363) မှာလည်း 'Schism.n ဘုရားတရားနှင့်ကွဲပြားခြင်း' ဆိုပြီး ဖွင့်ဆိုထားသလို ကဝိလက္ခဏာ သတ်ပုံသံပေါက် အပုဒ် ၃၂၉ မှာလည်း "ဇောတိယာရံ၊ ကျမ်းနိယံ၊ မကြံစည်ဘဲ" ဆိုပြီး ဖြော်ပထားချက်တွေအရ "ဇောတိ" ဆိုတဲ့ အဓိပ္ပာယ်ဟာ ယုဒသန်အဘိဓာန် နှစ်တစ်ရာမြောက်ပုံနှိပ်ခြင်းမူက အနက်ဖွင့်လိုပဲ "တိတ္ထိအမြင်ရှိသူ။ အယူမှားခြင်း။်မိစ္ဆာအမြင်"ဆိုတဲ့ သဘောဖြစ်နေပါတယ်။
ယုဒသန်ဖြော်ပထားတဲ့ အဘိဓာန်နှစ်မျိုးက အင်္ဂလိပ်လို အနက်အရရော၊ မြန်မာလို အနက်အရပါဆိုရရင် "ဇောတိ" ဆိုတာဟာ "တိတ္ထိအမြင်ရှိသူ၊ အယူမှားသူ" သို့မဟုတ် "သံဃဘေဒဆိုတဲ့ သာသနာသင်းခွဲသောသူ"သာ ဖြစ်ပါတယ်။ ဒါ့အပြင် ယုဒသန်က ဒီဝေါဟာရကို အဘိဓာန်နှစ်မျိုးလုံးမှာ တည်ပုဒ်တစ်ခုအဖြစ် အပြန်အလှန်ဖြော်ပခဲ့တဲ့အတွက် အဲဒီဝေါဟာရနဲ့ အနက်တို့ဟာ မြန်မာတို့ အမှန်တကယ် အသုံးရှိခဲ့တယ်လို့ မှတ်ယူသာပါတယ်။
ယုဒသန်ရဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ "Schism,n. အသင်းတော်၌ ကွဲပြားခြင်း၊ Schismatic,n.သင်းခွဲသောသူ။ ဇောတိ၊ a.သင်းခွဲခြင်းနှင့် ဆိုင်သော" လို့ ဖော်ပြထားချက်အရ "ဇောတိ" ဆိုတာဟာ လူပုဂ္ဂိုလ်ထက် သံဃာတော်ကို ရည်ညွှန်းဟန်တူပါတယ်။ သံဃာတော်အတွင်း အချင်းချင်း အယူဝါဒဂိုဏ်းကွဲတဲ့ သူများကို ဆိုလိုချင်ပုံရပါတယ်။ ယုဒသန် ဖော်ပြခဲ့တဲ့ "ဇောတိ" ဟာ သံဃာတော်ဖြစ်ဟန်တူကြောင်း မုံရွေးဇေတဝန်ဆရာတော်ရဲ့ ရာဇောဝါဒကျမ်း၊ ပထမပိုင်း (1962၊ စာ-၃၈၇) ပုဒ်ရင်း ၁၀၂ မှာ "ဘားမဲ့ဆရာနှင့် ဇောတိယာရံဆရာတို့ မပို့တန်ပို့၍ ချို့တဲ့သော ငါးဆူဒါယိကာ၊ ပဏ္ဍတ္တ=ငါးဆူဒါယိကာ မင်းကြီးသည် ရတနာသုံးပါးနှင့်စပ်သော သူတော်ကောင်းတို့ကို နှိမ်နင်းလို၍ ဘားမဲ့ဆရာနှင့် ဇောတိယာရံဆရာတို့ကို မပို့တန်သောအရပ်ကို ပို့သောကြောင့် တစ်နေ့တခြား ဆုတ်ယုတ်လျော့ပါးချို့တဲ့ခြင်း သို့ ရောက်၏" လို့ ရှင်းပြထားချက်အရ ဆိုနိုင်ခြင်းဖြစ်ပါတယ်။
ဘားမဲ့၊ ဘားတမော့၊ နတ်စက်ရောင်၊ အတုလဆရာတော် အစရှိတဲ့ ဘုန်းကြီးတွေဟာ အဲဒီအချိန်က မြန်မာတို့ ကျင့်သုံးလိုက်နာနေတဲ့ ထေရဝါဒ သာသနာလမ်းစဉ်ကနေ အနည်းငယ်သွေဖည်ကွန့်လွန့် ကျင့်ကြံနေကြတယ် ဆိုတဲ့ ဖော်ပြထားချက်တွေကို အဲဒီကျမ်းမှာပဲ အနည်းငယ် တွေ့ရှိရပါတယ်။
ဒါ့အပြင် သာသနာဝံသဒီပနီ(?) စာ-၂၆၉ မှာလည်း "ထိုမင်း (ကုန်းဘောင် ဆင်ဖြူရှင်) လက်ထက်တွင် ဇောတိဝါဒ လူတို့ပေါ်၌ ပေါ်၍ ဆုံးမစီရင်ရသည်။ ဇောတိဝါဒကား ယခုကာလတိုင် ထင်ရှားရှိသေးသည်" ဆိုတဲ့ အထောက်အထားအရဆိုရင် ဆင်ဖြူရှင်မင်းလက်ထက်မှာ ဂိုဏ်းဂဏအနေနဲ့ ကြီးထွားလာနေလို့ ဘုရင်ကိုယ်တိုင်က အရေးယူနှိမ်နင်းနေရပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဆက်လက်ပြီး ဗဒုံမင်း(ဘိုးတော်ဘုရား) လက်ထက်မှာလည်း အဲဒီ ဇောတိဝါဒ၊ ဇောတိဂိုဏ်းတို့ အတော်အတန် ပြန့်ပွားကြီးထွားခဲ့ကြောင်း "အမရပူရမြို့ နန်းတည် ဘိုးတော်အရှင်လက်ထက်၌ ထိုအယူသည် ကြီးကျယ်စွာဖြစ်ဖူး၏။
ဘိုးတော်ရှင်ဘုရင်သည် "ငါ၏ နိုင်ငံတော်အတွင်း၌ ရဟန်းသံဃာဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိကြစေနှင့်" ဟူ၍ တစ်နိုင်ငံလုံးကို ဆင့်ဆိုလေ၏။ အမရပူရမြို့တော်ရှိ ဆရာတော် သံဃာတော် တို့ကိုလည်း အတင်းအကြပ် အဝတ်ဖြူလဲ၍ လူထွက်စေ၏။ တစ်နိုင်ငံလုံး၌ ရှိသော ရဟန်းသံဃာတော်တို့သည်လည်း တောတောင်ခိုအောင်း၍ ပုန်းလျှိုးကာ နေကြရကုန်၏။ ရှေ့၍ပြဆိုခဲ့ပြီးသော “ရုပ်ပုံ၊ ရုပ်ပွား၊ ရုပ်ထု ဆင်းတုတော်များကို ပစ်ပယ်သောသူ၊ ပေထက်၌ရှိသော ပါဠိတော်များကို ပစ်ပယ်သောသူ၊ ယခုကာလ၌ ရှိကြသော သမုတိသံဃာများကို ပစ်ပယ်သောသူများသည် ထိုအယူဝါဒမှ ဆင်းသက်လာသော သူများပေတည်း” ဟုဆိုပြီး လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနဝိသောဓနီ (ပထမတွဲ၊ ၁၉၅၄၊ စာ ၅၆) မှာလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ယုဒသန်ဟာ ဘိုးတော်ဗဒုံမင်းလက်ထက် အေဒီ ၁၈၁၃ ခုနှစ်မှာ မြန်မာပြည်ကို ရောက်ရှိလာတော့ အဲဒီ့အဖြစ်အပျက် ဖြစ်ပွားထားတဲ့ မြန်မာတို့ရဲ့ နှုတ်မှာ “ဇောတိ” ဆိုတဲ့ အသုံးကို ပြောဆိုသုံးနှုန်းခဲ့ကြမှာပါ။ ဒါကြောင့် ယုဒသန်ဟာ ဒီဝေါဟာရကို တည်ပုဒ်အဖြစ် အဘိဓာန်နှစ်မျိုးလုံးမှာ ထည့်သွင်းအသုံးပြုခဲ့တာလို့ ဆိုရမှာပါ။ ယုဒသန်ရဲ့ အနက်ဖွင့် ထိမိဆီလျော်မှု ရှိ မရှိ အင်္ဂလိပ်-အင်္ဂလိပ် အနက်ဖွင့်နဲ့ ဆက်လက်လေ့လာကြည့်ရာမှာလည်း "Schism, n. 1.division,separation,also;lack of harmony: formal division in or separation from a church or religious body: the religious offense of promoting schism. schismatic,n.one who creates or take part in schism"(webster's New Encyclopedia Dictionary,NY,1995,P-910)ဆိုပြီး ဖော်ပြထားလေတော့ ထိမိဆီလျော်မှု ရှိတယ်လို့ ဆိုရမှာပါ။
ဒီ“ဇောတိ” ဆိုတဲ့ ဝေါဟာရမှာဆိုရင် ယုဒသန်ပေးခဲ့တဲ့အနက်က အဲဒီ အချိန်မတိုင်ခင်က တကယ့်အဖြစ်အပျက်ကို အခြေခံပေါ်ပေါက်လာခဲ့တဲ့ အနက်မှန်ဝေါဟာရဖြစ်ပြီး နှစ်တစ်ရာမြောက် ပုံနှိပ်ခြင်းမူမှာပါတဲ့ “ဇောတိက အယူ” ဆိုတာကတော့ နောက်နှောင်းလူတွေရဲ့ သတိမထားမိတဲ့၊ သေချာမစိစစ်ဘဲ ဖြည့်စွက်ပြုပြင်လိုက်တဲ့ အနက်လွဲချော်မှုရှိနေတဲ့ ဝေါဟာရသာဖြစ်ပါတယ်။
ဒါကြောင့် နှောင်းခေတ်အဘိဓာန်ပြုစုသူတွေဟာ မူလကနဦးကပြုစုခဲ့တဲ့ အဘိဓာန်ဆရာရဲ့ အာဘော်ကို သေချာစိစစ်တည်းဖြတ်ပြီးမှ ဖြည့်စွက်ပြုပြင်တာတွေကို သတိထားပြီး လုပ်ဆောင်သင့်ပါကြောင်း.....။

ဒေါက်တာဖြူဖြူဝင်း(မြန်မာစာ)
[ရနံ့သစ်၊ ဇူလိုင် ၂၀၀၅]

No comments:

Post a Comment