မိုင်ထိုခရီးစဉ်

အရှေ့တောင်အာရှဘာသာစကားနဲ့ ဘာသာဗေဒ ပညာရပ်စာတမ်းဖတ်ပွဲဟာ တကယ့်ကို ပညာရပ် ဆိုင်ရာတွေကိုပဲ ဆွေးနွေးဖတ်ကြားကြတဲ့ စာတမ်းဖတ်ပွဲတစ်ခုပါ။ ဘာလို့ဆို အခမ်းအနားဖွင့်ပွဲ ပိတ်ပွဲနှစ်ခုလုံးမှာ အကျွေးအမွေးဘဲပါပြီး ဘာဖျော်ဖြေရေးမှမပါလို့ပါ။ ၂၉ ရက်နေ့ ည ၇ နာရီလောက်မှာ အစီအစဉ်တွေအောင်မြင်စွာနဲ့ ပြီးဆုံးသွားပါတယ်။ ဒါအပြီးနောက်တစ်ရက် မေ ၃၀ ရက်မှာ မဲခေါင်မြစ်ဝှမ်းက ရွာလေးတွေဆီ သွားရောက်လည်ပတ်မယ့် မိုင်ထို ခရီးစဉ်လေးက ဒီတစ်ခေါက်ခရီးမှာ အထူးခြားဆုံးခရီး မမေ့နိုင်တဲ့ ခရီးစဉ်လေး ဖြစ်ခဲ့ရပါတယ်။ စာတမ်းဖတ်ပွဲကော်မတီက စာတမ်းလာဖတ်ဖို့ ဖိတ်ကြားကတည်းက ဒီခရီးစဉ်ကို လိုက်မလိုက်ပါ တစ်ခါတည်း မေးမြန်းခဲ့ပါတယ်။ ဗီယက်နမ်ကို စိတ်ဝင်တစားဖြစ်နေတဲ့ စာရေးသူက ဘယ်ငြင်းလိမ့်မှာတုန်း။ အဲဒီတစ်နေ့တာ ခရီးစဉ်အတွက် သွားလာစရိတ်နဲ့ မနက်စာ နေ့လည်စာ အပါအ၀င်မှ ၂၅ ဒေါ်လာပဲ ပေးရပါတယ်။ နိုင်ငံတကာက စာတမ်းရှင်ပေါင်း ၈၀ ကျော်လောက် တက်ရောက်ခဲ့ကြပေမဲ့ ဒီခရီးစဉ် ကိုတော့ စုစုပေါင်း ၂၃ ဦးပဲ လိုက်ပါခဲ့တာကို တွေ့ရပါတယ်။ ဒီတစ်ခုမှာလည်း ဗီယက်နမ်နိုင်ငံဟာ စီးပွားရေး လာဘ်မြင်တယ်လို့ ဆိုရမှာပါ။ နိုင်ငံတကာကနေ လာရောက်ကြတဲ့ စာတမ်းဖတ်ပွဲကြီး အပြီး အများစိတ်ဝင်စား နိုင်ပြီး မြို့နဲ့မနီးမဝေးက နေရာတစ်ခုကို အခုလိုခရီးစဉ်ဆွဲပြီး လိုက်ပို့လိုက်တော့ နိုင်ငံခြားဝင်ငွေလည်း တစ်ဖက်တစ်လမ်းက တိုးပေတာပေါ့။ နောက်ပြီး ဟိုချီမင်းမြို့ကိုရောက်ရင် မဲခေါင် မြစ်ဝကျွန်းပေါ်ဖက်ကိုလည်း သွားရောက် လည်ပတ်သင့်ကြောင်း ဒီလူတွေကတဆင့် အများသိသွားနိုင်တယ်လေ။

ဒီခရီးစဉ်ရဲ့ ဆုံရပ်ကတော့ U S S H [University of Social Sciences and Humanaties] ကျောင်းဝင်းကြီးထဲမှာပါ။ မနက် ၆နာရီအရောက် ကျောင်းဝင်းကြီးရှေ့မှာ လူစုကြပါတယ်။ ကျောင်းဝင်းထဲ ၀င်လိုက်တာနဲ့ မနေ့ညကမြင်ခဲ့ရတဲ့မျက်နှာတချို့ကို တွေ့လိုက်ရတယ်။ အပြန်အလှန် နှုတ်ဆက်ကြရင်း သွားမယ့်ဘတ်စ်ကားကြီးကို စောင့်ကြရတာပေါ့။ ကားကလည်းသိပ်မကြာဘူးရောက်လာတယ်။ မရှေး မနှောင်းမှာ ဒီခရီးစဉ်အတွက် အင်္ဂလိပ်လိုပြောပေးမဲ့ ဗီယက်နမ်လူမျိုးဧည့်လမ်းညွှန်လည်းရောက် လာပါတယ်။ နှစ်လိုဖွယ်အပြုံးနဲ့ သူ့ကိုယ်သူမိတ်ဆက် လူစစ်ပြီးတာနဲ့ ခရီးစကြဖို့အတွက် ကားပေါ်ကိုနေရာယူခိုင်းပါတယ်။ နံနက်ခြောက်နာရီ ၂၀လောက်မှာ ခရီးစဉ် စထွက်ခဲ့ကြတယ်။

မနက်စောစောနေခြည်ဖြာဖြာအောက် ဆိုင်ဂုံမြစ် (Sai Gon River) ကမ်းဘေးက မြို့ပတ်လမ်းပေါ်ကို အလျှိုလျှိုနဲ့ထွက်လာကြတဲ့ ဆိုင်ကယ်လေးတွေဟာ ဒီမြို့ရဲ့ သင်္ကေတအမှတ်အသား လို့ဆိုရမှာပါ။ အချိန်စော သေးလို့ဆိုင်ကယ်နည်းမယ်ထင်ပေမဲ့ လမ်းတဖက်တချက်ဆီမှာ ဆိုင်ကယ်တွေက အပြည့်။ ဧည့်လမ်းညွှန်ကလည်း မိုက်တစ်လုံးနဲ့ အခုမြင်နေရတဲ့မြစ်ဟာ ဆိုင်ဂုံမြစ်ဖြစ်ကြောင်း၊ ဒီလမ်းမကြီးဟာ ဗီယက်နမ်နိုင်ငံရဲ့ အဝေးပြေး လမ်းမကြီးနံပါတ်တစ်ဖြစ်တဲ့အကြောင်း၊ ဟိုချီမင်းမြို့တော်ကြီးဟာ ဗီယက်နမ် တစ်နိုင်ငံလုံးရဲ့ စပါးအထွက် ၂၅% ထွက်ရှိတဲ့မြို့ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံဟာ အခုဆိုရင် ဆန်စပါး တင်ပို့မှုဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံပြီးရင် ဒုတိယတင်ပို့မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ပြောပြနေပါတယ်။ ဆိုင်ဂုံမြို့လို့ မူလအမည်ရှိတဲ့ ဟိုချီမင်းစီတီဟာ သူရဲကောင်းကြီး အန်ကယ်ဟို ကွယ်လွန်တဲ့ ၁၉၆၉ ခုနှစ်နောက်ပိုင်းကျမှ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမည်ပြောင်းထားတဲ့ ဗီယက်နမ် တောင်ပိုင်းရဲ့ အချက်အချာမြို့တော်ပါ။ ဒီကနေ့ ၂၀၀၉ မှာ မြို့နေလူဦးရေ ၉ သန်းကျော်ဖြစ်လာပြီး ဆိုင်ကယ်အစီးရေက ၄ သန်းကျော်နေပြီလို့ဆိုပါတယ်။ မြို့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်လောက်က အလုပ်ထွက်လုပ်ကြရပါတယ်တဲ့။ နိုင်ငံစီးပွားတိုးတက်ဖို့အတွက် အခြေခံအထောက်အကူဖြစ်တဲ့ ပညာရေး အပိုင်းကိုလည်း အရှိန်အဟုန်နဲ့ မြှင့်တင်လာခဲ့ပါတယ်။ ဒါကြောင့် ဆရာ ဆရာမအလုပ်က လစာကောင်းလာပြီး ၂၀ ရာခိုင်နှုန်းလောက်က ဒီအလုပ်ကိုရဖို့ ကြိုးစားလာကြကြောင်း ပြောပြပါတယ်။ စာရေးသူမှာ ဧည့်လမ်းညွှန်ပြောတာတွေကို လိုက်မှတ်လိုက်၊ အားကျလိုက်၊ တရိတ်ရိတ် ပြေးနေတဲ့ ကားရဲ့အပြင်ဖက် မြင်ကွင်းတွေကို ကြည့်ပြီး မုဒိတာပွားလိုက်နဲ့ပေါ့။

မိုင်ထိုခရီးစဉ် (My Tho. Sightseeing) ရဲ့ ပထမဦးဆုံးအစီအစဉ်ဖြစ်တဲ့ ထရမ်လုရောင် လမ်းဆုံကို မနက် ၈ နာရီမှာ ရောက်ရှိပြီး မနက်စာစားကြရပါတယ်။ ဗီယက်နမ်စွပ်ပြုတ်ကို ဆန်အပြား ၀က်သားနဲ့မှာစားဖြစ်ပါတယ်။ ပူပူနွေးနွေး အငွေ့တထောင်းထောင်းနဲ့ ချဉ်ချဉ်စပ်စပ်အရသာ ဆိုတော့ ဗမာပါးစပ်နဲ့ အကိုက်ဘဲဖြစ်လို့ အဖတ်တွေတောင် ထပ်ထည့်ဖြစ်တယ်။ အဲဒီလမ်းဆုံက ဆိုင်ကြီးမှာ စာရေးသူ တို့လို Tour အဖွဲ့တွေ ကားကြီးတွေနဲ့ လာကြတာမှ အများကြီးဘဲ။ လူအမျိုးမျိုး၊ အရောင်းအသွေးအစုံစုံနဲ့ ကမ္ဘာအရပ်ရပ်ကနေ လာကြဟန်တူပါရဲ့။ ဒီဧည့်သည်တွေဆီက နိုင်ငံခြားဝင်ငွေတွေ အတော်ရမှာဘဲလို့ မုဒိတာ ပွားမိရတယ်။ ဗီယက်နမ် အမှတ်တရပစ္စည်း အရောင်းဆိုင်မှာလည်း လူတွေ ကျိတ်ကျိတ်တိုးနေတာ တွေ့ရတယ်။

“မြွေကမ္ဘာ (ဒေါင်ထမ်မြွေမွေးမြူရေးစခန်း)”

လမ်းဆုံမှာ မနက်စာစားပြီးကြတာနဲ့ ဒေါင်ထမ်မြွေမွေးမြူရေးစခန်း[Dong Tam Snake Farm] ကို ဆက်သွားမဲ့အကြောင်း ကားပေါ်မှာ ဧည့်လမ်းညွှန်က ပြောကြားပေးပါတယ်။ ဒီမြွေစခန်းကို သဘာဝအတိုင်း ထိန်းသိမ်းမွေးမြူထားတာဖြစ်ပြီး ဆေးဖက်ဝင်ကုန်ကြမ်းတွေ၊ ဆေးဝါးတွေထုတ်လုပ်တဲ့ စက်ရုံတွေကိုပါ ပူးတွဲထား ရှိတဲ့အကြောင်း၊ နိုင်ငံခြားဝင်ငွေ တစ်နှစ်ကို ပျှမ်းမျှဒေါ်လာ သန်း ၃၀ လောက် ရှာပေးနိုင်ခဲ့နေရာဖြစ်ကြောင်း ရှင်းပြပါတယ်။ စခန်းထဲကို ၀င်ဝင်ချင်း ဒီမွေးမြူရေးစခန်းရဲ့သမိုင်းအကျဉ်း၊ ရွာသားများတွေ့ခဲ့ရတဲ့ မြွေအန္တရာယ်၊ ဆေးကုသပေးတဲ့အဆောင်၊ ဆေးဝါးထုတ်လုပ်တဲ့နေရာ အစရှိတာတွေကို ဦးစွာ သတင်းရုပ်ရှင်အဖြစ် ပြသ ပါတယ်။ ပြီးတာနဲ့ လက်တွေ့မွေးမြူထားတဲ့ နေရာတွေကို လိုက်လံပြပါတယ်။ ရှင်းပြတဲ့ဝန်ထမ်းက ဗီယက်နမ် ဘာသာစကားကိုဘဲ အသုံးပြုပြောဆိုတာကြောင့် ဧည့်လမ်းညွှန်က အင်္ဂလိပ်လိုထပ်ဆင့် ရှင်းပြရပါတယ်။ မြွေကြောက်တတ်တဲ့ စာရေးသူအတွက် အဆိပ်ပြင်းတဲ့ မြွေတွေမှ အမျိုးအစားစုံစုံ၊ မမြင်ချင်အဆုံး ပုံသဏ္ဍာန်မျိုးစုံနဲ့ အသည်းယားဖွယ် တွေ့ခဲ့ရပါတယ်။ မြွေမြွေချင်း အရှင်လတ်လတ်မြိုပြီး စားနေတာ တွေကိုလည်း တွေ့ခဲ့ရရဲ့။


မဲခေါင်မြစ်ဆုံ
မြွေမွေးမြူရေးစခန်းမှာ လေ့လာပြီးကြတာနဲ့ ခရီးဆက်ခဲ့ကြတာ မဲခေါင်မြစ်မကြီးထဲကို ပေါင်းဆုံတဲ့ မြစ်သွယ်လေး တိရန်မြစ်ကမ်း[Tien River] ဘေးကို နံနက် ၁၀ နာရီခွဲမှာရောက်ကြပါတယ်။ ခဏဘဲစောင့်လိုက်ကြရပြီး အဆင်သင့်ပြင်ထားတဲ့ မော်တော်ပေါ်ကို တက်ခဲ့ကြပါတယ်။ မော်တော်ပုံစံက ဧရာဝတီတစ်ဖက်ကမ်း မင်းကွန်းကိုသွားတဲ့ မော်တော်တွေလို ခပ်သေးသေးအရွယ်အစားပါ။ နောက်မှီထိုင်ခုံ လေးတွေအတန်းလိုက် ချထားပေးတော့ ထိုင်ရတာ သက်တောင့်သက်တာရှိပါတယ်။ မော်တော်ပေါ် ရောက်ရောက်ချင်း အုန်းရည်ချိုချိုလေးကို တစ်ခါသုံးပိုက်တွေ တပ်ပေးပြီး တိုက်ပါတယ်။ အုန်းရည်လေးက ခရီးအမောလည်း ပြေစေပြီး သဘာဝကျကျချိုတဲ့ အရသာဆိုတော့ မမေ့နိုင်စရာပါ။ ဒီမြစ်ကနေမှ တဆင့် မဲခေါင်မြစ်ကြီးထဲကို ဆက်သွားရမှာ ဖြစ်ကြောင်း ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ ဘေးတစ်ဖက်တစ်ချက် ဆီမှာတော့ စာရေးသူတို့လို မော်တော် အသေးစားလေးတွေ ခရီးသည်တွေ အပြည့်တင်ပြီး ကျော်တက်သွား လိုက်ကြ၊ ကမ်းတစ်ခုခုမှာ ကပ်နေခဲ့ကြနဲ့ပေါ့။ ဒီမြင်ကွင်းတွေကြောင့် မင်းကွန်းတို့ အင်းလေးတို့ကို သွားသတိရမိပြန်တယ်။ နာရီဝက်လောက်နေတော့ မဲခေါင်မြစ်မကြီးထဲကို ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ဆယ့်ငါးမိနစ်လောက်ထပ်စီးပြီးရော မော်တော်ဦးပိုင်းက မြစ်လမ်းကျဉ်းလေး တစ်ခုထဲကို ချိုးကွေ့ဝင်လိုက်တာ တွေ့ရတယ်။ ဘေး တစ်ဖက်တစ်ချက် ဆီမှာတော့ ပေပင်တွေဝန်းရံလို့။ စိမ်းစိုနေတယ်။ ငှက်လို့မြန်မာပြည်မှာ ခေါ်တဲ့ ခပ်ရှည်ရှည်လှေပုံစံတွေရဲ့ နောက်မှာ လှေလှော်တဲ့ ယပ်နှစ်ခုကို သွယ်ယှက်ပြီး လှော်ခတ်သွားနေကြတဲ့ ဗီယက်နမ် ရွာသားတွေကို တွေ့လိုက်ရတော့ ငယ်ငယ်ကကြည့်ဖူးတဲ့ အမေရိကန် ဗီယက်နမ်စစ်ပွဲကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကိုတောင် သွားသတိရလိုက် မိတယ်။ လှေလှော်တဲ့သူတွေက နေဒဏ်လေဒဏ် ခံနိုင်အောင်လို့ ခမောက်ချွန်လေးတွေ ကိုယ်စီစောင်းထားလို့ပေါ့။ မြစ်ရေကတော့ ထုံးစံအတိုင်း ခပ်ညစ်ညစ်အရောင်ပါ။

“မဲခေါင်မြစ်လက်ကြားလမ်းက ဓနိတောလေး”

လမ်းကြောင်း အကွေ့အ၀ိုက်လေးအတိုင်း မော်တော်ကသွားလိုက်တာ Fruit Gardens ကိုရောက်လာခဲ့ပါတယ်။ ကမ်းခြေကနေ အုန်းသီးအခွံတွေနဲ့ ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းဆိုင်ကို ၂ ဖာလုံလောက် လမ်းလျှောက်သွားရပြီး ဆိုင်ထဲမှာ လေ့လာကြည့်ကြပါတယ်။ အဲဒီဆိုင်ထဲမှာပဲ ကော်ဖီ လက္ဘက်ရည်နဲ့အတူ ဗီယက်နမ်ရိုးရာ အချိုမှုန့်တွေ ကျွေးမွေးပြီး ဗီယက်နမ် ကျေးလက်ဂီတ ကိုင်လောင်
[Cai Luong] နဲ့ ဖျော်ဖြေ ဧည့်ခံပါတယ်။ ဗင်ဂျို မယ်ဒလင်တီးတဲ့ အမျိုးသားသုံးဦးသီချင်းသီဆိုသူ အမျိုးသမီးနှစ်ဦးက သာယာချိုငင်စွာ နဲ့ ရိုးရာ ကျေးလက်တေးဂီတကို အားပါးတရ ဖျော်ဖြေပေးကြပါတယ်။ သီဆိုတဲ့ အမျိုးသမီး တစ်ယောက်က စာရေးသူတို့ ဧည့်လမ်းညွှန်ကို ဖိတ်ခေါ်လို့ သူလည်းဝင်ရောက်သီဆို ဖျော်ဖြေပေးပါသေးတယ်။ သူတို့သီဆိုသံကို နားထောင်ကြည့်တော့ ဗီယက်နမ်ကျေးလက်ဂီတဟာ အသံကီးအတော်မြင့်တာကို သတိထားမိတယ်။

“မဲခေါင်မြစ်အတွင်း မော်တော်ပေါ်မှာ”

High Pitch လို့ဆိုရမှာပါ။ တော်ရုံလူ သီဆိုနိုင်ဟန်မတူဘူး။ အသံအဆွဲအငင် အတော်များတယ်။ ဧည့်လမ်းညွှန်တောင် သီဆိုဆွဲငင်ရင်း အသံဝင်သွားသေးတယ်။ ကော်ဖီတငုံသောက်ပြီး ရှေ့မှာ ချထားတဲ့ ဗီယက်နမ်အချိုမှုန့်လေးတွေကို တစ်ခုပြီးတစ်ခု မြည်းကြည့်ပြီး သီးချင်းနားထောင်ရင်း တွေးနေမိတာက ဒီလိုခရီးစဉ်မျိုးက တခြားဘယ်နိုင်ငံမှာမှ ရနိုင်မယ့် ခရီးစဉ်မျိုး မဟုတ်ဘူး ဆိုတာကိုပါ။

ဒီကပြီးတာနဲ့ ရွာဓလေ့နေထိုင်မှုတွေကို တွေ့စေချင်လို့ ရွာထဲကို ဖြတ်လမ်း လျှောက်ခဲ့ကြပါတယ်။ ရွာဆိုတဲ့အတိုင်း လူသွားလမ်းဘေးက အိမ်လေးတွေက ခပ်သေးသေး၊ ခပ်ငယ်ငယ်၊ လမ်းပေါ်မှာတော့ အိမ်မွေးတိရိစ္ဆန်လေးတွေဖြစ်တဲ့ ခွေးလေးတွေ ကြောင်လေးတွေ ကြက်ပေါက်စလေးတွေ ဖြတ်သန်းပြေးလွှားလို့ပေါ့။ အိမ်ငယ်လေးတွေတိုင်း တီဗွီ အောက်စက် ရေခဲသေတ္တာအသေးလေးတွေရှိတာကို တွေ့ရတယ်။ ၂၀လီတာဝင် ရေသန့်ဗူးခွံတွေရှိတာကိုတွေ့ရတော့ မြစ်ရေမသောက်သုံးဘဲ ရေသန့် သောက်ကြတယ်လို့ ယူဆလို့ရတာပေါ့။ မီးက ၂၄ နာရီရတယ်လို့ သိရပါတယ်။ ဗီယက်နမ်ရဲ့ ရွာဓလေ့ ရွာငွေ့လေးတွေကို မြေနီလမ်းလေးပေါ်မှာ တစ်မိုင်ကျော်လောက် လမ်းလျှောက်လေ့လာပြီးတာနဲ့ ကားလမ်းမ တစ်ခုပေါ်ရောက်လာကြပါတယ်။ လမ်းလျှောက်ရင်းအဖွဲ့ကွဲသွားကြလို့ အဲဒီကားလမ်းပေါ်မှာ လူစုံအောင် စောင့်ကြရသေးတယ်။ လူစုံတော့မှ ဧည့်လမ်းညွှန်က မြင်းလှည်းအမိုးဖွင့်လေးတွေနဲ့ လှည်းစီးပြီး မော်တော်ရပ်ထားတဲ့နေရာကို သွားကြမှာလို့ ပြောပြတယ်။ ဒီကတစ်ဆင့် အုန်းနို့ချိုချိုနဲ့ ငှက်ပျောသီးဝိုင်လုပ်တဲ့ နေရာတွေကို ထပ်သွားမဲ့အကြောင်း ရှင်းပြပါတယ်။ မြင်းလှည်းပေါ်တက်တော့ အရမ်းစောင်းချင်နေတဲ့ ဗီယက်နမ်ခမောက်ချွန်လေးတွေ စောင်းဖို့ ဝေပေးပါတယ်။

မော်တော်ထပ်စီးလိုက်တာ ၀ိုင်နဲ့ အုန်းနို့မှုန့် မျိုးစုံလုပ်တဲ့ စက်ရုံကိုရောက်တော့ ၀င်ဝင်ချင်း ပူပူနွေးနွေးအုန်းနို့ချိုချဉ်ကို အမြည်းပေးပါတယ်။ အရာသာရှိလွန်းလို့ ထပ်စားမိပြီး အိမ်အတွက်လည်း ၃ ထုပ်လောက်ဝယ်ခဲ့လိုက်တယ်။ အုန်းနို့ချိုချဉ်လုပ်ပုံအဆင့်ဆင့်ကိုလည်း လိုက်လံရှင်းလင်းပြသပေးပါတယ်။ ဆိုင်လာတဲ့သူတွေအနားယူနိုင်အောင်လို့ ပလပ်စတစ်ပိုက်ကွန်နဲ့ ယက်လုပ်ထားတဲ့ တစ်ကိုယ်လုံးလှဲနိုင်တဲ့ ပုခက်တွေကိုလည်း တန်းစီထားတာတွေ့ရပါတယ်။ တချို့က အဲဒီပုခက်ပေါ်မှာလှဲပြီးအနားယူကြတယ်။ ငှက်ပျောသီးဝိုင်အမြည်းသောက်ကြည့်တော့ ကြိုက်တာနဲ့ တစ်လီတာဆန့်တစ်ပုလင်း ၀ယ်ခဲ့မိလိုက်တယ်။ အပြန်တော့ ရအောင်သယ်ရမှာပေါ့။ ဒီကတစ်ဆင့်ရွာတွေထဲကို လမ်းလျှောက်ခရီးဆက်ခဲ့ကြပြန်တယ်။ ၂ဖာလုံလောက်လျှောက်ပြီးတာနဲ့ မြန်မာပြည်မှာ ပျားလိမ္မော်လို့ခေါ်တဲ့ လိမ္မော်သီးအသေးစားအပင်တွေ ဝေေ၀ဆာဆာသီးနေတဲ့အပင်တွေရဲ့ အလယ်ခေါင်က ဆိုင်လေးတစ်ဆိုင်ကို ရောက်လာပြန်တယ်။ ၀င်ကတည်းက အမူးအမော်ပြေစေတဲ့ရှောက်သီးလိုလို သံပုရာသီးလိုလို အနံ့တွေက သင်းပျံ့နေတယ်။ စားပွဲမှာ ၀င်ထိုင်လိုက်နဲ့ ဗီယက်နမ်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ ရွာသူလေးတွေက လိမ္မော်သီးအသေးလေးတွေကို ဓားနဲ့ခွဲ ခွက်သေးသေးလေးတွေထဲကို ထည့်ညှစ် နောက် ပျားရည်ထည့် ဇွန်းနဲ့မွှေပြီးတိုက်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ် စိတ်လည်းလန်းပြီး အပန်းပြေသွားစေရပါတယ်။ ကိုယ်တိုင်လည်း ထပ်ပြီးလုပ်သောက်လို့ရတာနဲ့ နောက်ထပ်နှစ်ခွက်စာ ထပ်သောက်ခဲ့မိတယ်။ ဒီဆိုင်မှာ ဧည့်ခံပြီးတာနဲ့ ငှက်လို့ခေါ်တဲ့ လူကမတ်တပ်ရပ်လျက် လှော်ခတ်ရတဲ့ လှေအရှည်လေးတွေနဲ့ မော်တော်ဆီကို ချီတက်ခဲ့ကြပြန်တယ်။ ဗီယက်နမ်ခမောက်လေးတွေ စောင်းလို့ပေါ့။ မော်တော်ပေါ်ရောက်တော့ နေ့လည် တစ်နာရီတောင် ထိုးနေလို့ နေ့လည်စာအတွက် ကွန်ပေါင်ကျွန်း [Con Phung Island] ကျွန်းကိုသွားမယ့်အကြောင်းပြောတာနဲ့ ပျော်သွားကြတယ်။ အားလုံးက ထမင်းဆာနေကြပြီလေ။ ကွန်ပေါင်ကျွန်းက စားသောက်ဆိုင်က အကြီးကြီး။ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ တွဲထားတာကို တွေ့ရတယ်။ ဆာဆာနဲ့ မဲခေါင်မြစ်ထဲကရတဲ့ ဆင်နားရွက်ငါးကြော် [Fried Elephant Ear Fish] ကို ဆန်အပြားနဲ့ လိပ်ပြီးစား နောက်ပြီး အုန်းနို့နဲ့ ချက်ထားတဲ့ မြစ်ပုဇွန်ချိုချိုလေး ကိုသောက် မြန်မာမုန့်ပြားသလက်နဲ့တူတဲ့ ဗီယက်နမ်ပန်းကိတ် [Pan Cake] ကို အားပါးတရကိုက်စား ပစ်လိုက်တယ်။ ဒီဟင်းတွေအ၀စားပြီးလို့ နောက်ဆုံးလာချတဲ့ ထမင်းကြော်ကိုတောင် မစားနိုင်တော့ဘူး။ အီသွားလို့ ရေနွေးကြမ်းပဲ သောက်တော့တယ်။

မဲခေါင်မြစ်ကြီးဟာ ကမ္ဘာပေါ်မှာတော့ အရှည်ဆုံးမြစ်အဖြစ် နံပါတ် ၁၀ ချိတ်ထားပြီး အာရှတိုက်မှာတော့ ခုနှစ်ခုမြောက်အရှည်ဆုံးမြစ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တိဗက်ဒေသကနေ အစပြုပြီး ဖြတ်သန်းစီးဆင်းတာ ယူနန်ပြည်နယ်နောက် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဗောဒီးယားနိုင်ငံတွေကို ဖြတ်စီးဆင်းရာက အခုဗီယက်နမ်တောင်ပိုင်း နောင်ခိုင် [Nong Khai] ဒေသမှာ မြစ်ကအဆုံးပြုပြီး တောင်တရုတ်ပင်လယ်ထဲကို ပေါင်းဆုံပါတယ်။ ဒီမြစ်ကြီးအတွင်းမှာ ငါးအမျိုးပေါင်း ၁၂၀၀ လောက် ရှင်သန်နေကြပြီး ဒီမြစ်ဝှမ်းတလျှောက် ဘေးကမ်းခြေတွေဟာ မြေဆီသြဇာကောင်းလို့ စိုက်ပျိုးရေးဖြစ်ထွန်းကာ တံငါသည်တွေအတွက်လည်း ဘဏ်တိုက်ကြီးတစ်ခုပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီလင်းပိုင်ငါးကြီးတွေဟာ ဒီမြစ်ကြီးထဲက စီးဝင်လာကြတာလည်းဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရေကြောမြေကြောနဲ့ ဒီလောက်ဆက်စပ်လှတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့အဆုံး ဗီယက်နမ်ရွာလေးတွေကို သွားရောက်လည်ပတ်ခဲ့ရတာ ၊ ရွာဓလေ့နဲ့ ဒေသထွက်အစားအသောက် တွေကို မြည်းစမ်းခဲ့ရတာကြောင့် ဒီခရီးစဉ်က တန်တယ်လို့ဆိုရမှာပါ၊ အဲဒီနေ့က တည်းတဲ့ ဟိုတယ်ကို ညနေ ၆ နာရီခွဲမှာ ပြန်ရောက်ခဲ့ပါတယ်။ ။

ဖြူဖြူဝင်း(မြန်မာစာ)

No comments:

Post a Comment