မြန်မာဒေသိယစကားလေးများ

ရှင်သန်နေတဲ့ဘာသာစကားတစ်ခုအတွင်းမှာ စာစကား၊ အရပ်သုံးစကား၊ စကားယဉ်၊ စကားရိုင်း၊ ဗန်းစကား၊ ရုံးသုံး၊ နေ့စဉ်သုံးစကားတွေအပြင် ရေမြေဒေသအလိုက် ကွဲပြားခြားနားတဲ့ ဒေသိယ စကားလေးတွေဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဌ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒီလိုဒေသိယစကားတွေရှိနေခြင်းကိုက ဘာသာစကားတစ်ခုရဲ့ ဂုဏ်တစ်ရပ်တစ်ခု ချစ်စရာ ဓလေ့တစ်ခုပါ။ မြန်မာဘာသာစကားအတွင်းမှာလည်း ဒီလိုဂုဏ်ယူစရာ ချစ်စရာကောင်းတဲ့ ဒေသိယစကားလေးတွေ ရှိနေတာကို တွေ့ရပါတယ်။
တလောက မရောက်တာကြာပြီဖြစ်တဲ့ ရတနာပုံတက္ကသိုလ် မြန်မာစာဌာနကို မြန်မာစာက သူငယ်ချင်းတွေစုပြီး သူငယ်ချင်း လက်ထောက်ကထိက မကြည်ကြည်ခိုင်ဆီ အလွမ်းပြေ သွားလည်ခဲ့ကြတယ်။
ကန်တင်းက Friend မှာ ဆုံကြ စကားပြောကြရင်း ဒေသိယစကားလေးတွေနဲ့ပတ်သက်လို့ မြန်မာစာဌာနရဲ့ ကြိုးပမ်းမှုလေးတွေ အခု သင်ရိုးအဖြစ်ပြဋ္ဌာန်းပြီး သင်ကြားပေးနေတဲ့အကြောင်း ကြားသိလိုက်ရတော့ ဘာသာစကားဌာနတစ်ခုရဲ့ တာဝန်ကျေပွန်တဲ့ မြန်မာစာဌာနက ဆရာ၊ဆရာမတွေ အတွက် ဝမ်းသာချီးကျူးမိခဲ့ရတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ဒေသိယစကားလေးတွေကို ဒီဌာနက ဆရာ၊ဆရာမတွေက ကိုယ်တာဝန်ကျရာ အရပ်ဒေသတွေမှာ တပိုင်တနိုင် စုဆောင်းမှတ်တမ်းတင်ခဲ့ကြပြီး အခု တတိယနှစ် မြန်မာစာအထူးပြုသင်ရိုးအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေတာဟာ ဘာသာစကားတွေကို ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်သလို ပညာကိုဖြန့်ဝေရာလည်း ရောက်ပါတယ်။
စာရေးသူဟာ ဒီဒေသိယစကားလေးတွေနဲ့ပတ်သက်လို့ ထူးခြားချက်လေးတွေကို သတိထားမိပြီး စုဆောင်းပြုစုလိုစိတ် ဖြစ်ပေါ်နေတာ ကြာပါပြီ။ အိမ်မှာ အကူအဖြစ် သန့်ရှင်းဖို့ ချက်ဖို့ ပြုတ်ဖို့အတွက် မိခင်ဖြစ်သူက ခေါ်လေ့ရှိတဲ့ နယ်ပယ်စုံကနေ ဝမ်းစာအတွက် လာအလုပ်လုပ်ကြရတဲ့ သူတွေဆီက မတူညီတဲ့ စကားအသုံးအနှုန်းလေးတွေ လေသံလေးတွေကို သတိပြုမိရာက စခဲ့တာပါ။ မြန်မာနိုင်ငံ မြေလတ်ပိုင်း ပခုက္ကူမြို့ အနောက်ဖက်ကျတဲ့ ပေါက်မြို့နယ်ကလာတဲ့ မပိန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆို သူပြောတဲ့ လေသံလေးတွေက နားထောင်ရတာ တစ်မျိုးလေးဖြစ်သလို တချို့စကားသုံးလေးတွေဆို နားမလည်လို့ ဘာကိုဆိုလိုတာလဲလို့ ပြန်မေးရလေ့ရှိပါတယ်။
ရောက်လာလာချင်း အိမ်ကရှိတဲ့လူတွေကို မိတ်ဆက်ပေးတော့ စာရေးသူရဲ့နာမည်ကို “မဖြူဖြူဝန်း”လို့ င-သတ် ရှေ့ဆီးသံနေရာမှာ န-သတ် ရှေ့ဆီးသံထွက် ရွတ်ဆိုတာကို စသတိပြုမိခဲ့တယ်။ ကြားရတာတစ်မျိုးလေးပေါ့။ သူ့ရှေ့မှာ မတော်တဆ ခြေခေါက်လဲသွားတော့လည်း “အယ်တော် ခြေခွန်သွားပြီ” လို့ ပြောလိုက်တာတစ်မျိုး၊ မောင်ထွန်းကို “မောင်ထွင်း”လို့ ခေါ်တာတစ်မျိုး၊ င-သတ်နေရာကို နငယ်သတ် နောက်ပြီး န-သတ်နေရာကိုတော့ င-သတ်အသံထွက်တာကို သတိထားမိခဲ့ရတယ်။ ဒီလိုအသံထွက် ထူးခြားတာတွေတင် ဘယ်ကမှာလဲ။ တချို့အနက်အဓိပ္ပါယ်တူပြီး အသုံးအနှုန်းမတူတဲ့ စကားလုံးလေးတွေကိုလည်း ထပ်သိရ ကြားရပြန်တယ်လေ။
မိုးမျှော်ငရုတ်သီးလို့ခေါ်ကြတဲ့ ငရုတ်သီးတောင့် အသေးလေးတွေကို “ဆတ်သီး၊ ရွှယ်သီး၊ ရွဲသီး” လို့ ခေါ်တာမျိုး၊ ငရုတ်သီးအတောင့် အကြီးကိုတော့ “ငရုတ်ကောင်းသီး”လို့ ခေါ်တာမျိုး၊ ဆန်နို့ဆီဗူး တစ်ဗူး နှစ်ဗူး (တစ်လုံး နှစ်လုံး လို့လည်း သုံး) ဆိုတာကိုတော့ “၁ပုံးလား ၂ပုံးလား”လို့ သုံးတာမျိုး၊ ဟော... နို့ဆီဗူးဝက်ဆိုတာကျတော့ “တစ်ခါးလား?”လို့ သုံးပြန်တာမျိုး အသစ်အဆန်းတွေ ကြားရသိရပြန်ပါတယ်။
“ဟဲ့ကောင်လေး ဟိုရှီးကွား ရှောက်ပိုင်းထဲက ဟင်းကို ဇွန်းနဲ့မွှေပ” လို့ ပြောလိုက်ရင် တခုခုကို ခိုင်းလိုက်မှန်းတော့သိတယ်။ အကုန်လုံးကို နားမလည်ဘူး။ နားထောင်လို့တော့ အကောင်းသားနော်။ ဒီမှာ ပြန်မေးရပြန်တယ်။ ဘာတွေပြောလိုက်သလဲလို့ပေါ့။“ဟိုရှီးတွား” ဆိုတာက “ဟိုနားသွားပြီး....”
“ရှောက်ပိုင်း” ဆိုတာက “ဒယ်အိုး” (တခါတရံ သံပုရာပိုင်းလို့လည်း သုံး)
“ဇွင်း” က “ဇွန်း ဟင်းခတ်ဇွန်း” ဒါကိုပြောတာဖြစ်ကြောင်း ရှင်းပြမှ ဂဃနဏ သိရပါတော့တယ်။
တခါတလေ “မလုပ်ချင်ဘူး မလုပ်ဘူး” ဆိုတာကို “ဟုတ်မနေဘူး” လို့လည်း ပြောပါတယ်။
နောက်ပြီး “ပေါင်ဒါရိုက်” ဆိုတာကိုကျ “ပေါင်ဒါသိပ်”၊ “ဘူးသီးကြော်” ကိုတော့ “ဘူးသီးပေါင်း”၊ “အတွင်းခံ အင်္ကျီ ဘော်လီ” ဆိုတာကိုကျတော့ “ချွေးခံအင်္ကျီ”၊ “မီးခြစ်” ကိုကျတော့ “မီးကပ်”၊ “အမြင်ကတ်တယ်/ကြည့်မရဘူး” ဆိုတာကိုတော့ “မျက်ကြောကိုက်” စတဲ့ အသုံးထူးလေးတွေဟာလည်း မှတ်သားစရာလေးတွေပေါ့။
ဒါ့အပြင် ယောက်ျားရဲ့အဖေ (ယောက္ခမ)ရဲ့ ညီတို့ အစ်ကိုတို့ကို ခေါ်တဲ့ အခေါ်အဝေါ်တွေကလည်း ထူးဆန်းပြီး နတ်ဆန်၊ နန်းဆန် လှတာကို တွေ့ရပါတယ်။ အမှန်တော့ မြန်မာဆွေမျိုးစပ်ဝေါဟာရတွေမှာ အဖေအမေနဲ့ ယောက္ခမတွေရဲ့ ညီတို့ အစ်ကိုတို့ဟာ ဦးလေး၊ ဦးကြီး၊ ဘကြီး၊ ဘထွေးလို့ပဲ ခေါ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ပေါက်မြို့နယ်သူ မြို့နယ်သားတွေကတော့ အဆန်းလေ။
ယောက္ခမရဲ့အစ်ကိုကို “မင်းကြီး”တဲ့၊ ယောက္ခမရဲ့ညီကိုတော့ “မင်းလေး” လို့ ခေါ်ကြပါတယ်တဲ့။ မှတ်သားစရာပါ။ “အခါတင်နေတုန်း အရေးကောင်းတော်။ ထန်းလျက်အိုပေါ် ကျည်ပွတ်ဆိတ်တက်လို့ ဒုန်းသွားပြီး ခါထည့်လိုက်ရတယ်” ဆိုတဲ့စကားလေးဟာ “နတ်တင်နေတုန်း အရေးထဲနော်။ ထန်းလျက်ပေါ် ပုရွက်ဆိတ်တက်လို့ မြန်မြန်သွားပြီး ခါလိုက်(မှုတ်ထုတ်လိုက်)ရတယ်” လို့ ဆိုလိုတာဖြစ်ကြောင်း၊ ကွဲပြားခြားနားတဲ့ ဝေါဟာရအသုံးလေးတွေ လေသံလေးတွေရဲ့ သဘော ထူးဆန်းတာလေးတွေက လေ့လာမှတ်သားချင်စရာပေါ့။ ဒါက ပခုက္ကူအနောက်ဖက် ပေါက်နယ် ကင်းချောင်း အောင်ချမ်းမြေ့ရွာက ဒေသိယအသုံးပဲ ရှိပါသေးတယ်။

ဒီတော့ ဘာသာစကားတစ်ခုမှာ အခုလိုဒေသိယစကားလေးတွေရဲ့ အပိုင်းကလည်း အရေးကြီးပြီး မှတ်တမ်းတင်သင့် လေ့လာသင့်တဲ့ အပိုင်းဖြစ်တာကို တွေ့ရပါတယ်။ ဒေသိယစကားနဲ့ပတ်သက်လို့လည်း ဆိုရိုးလေးတစ်ခုရှိတယ်လေ။ “ငါးမိုင် ကွာတိုင်း ရေမြေပြောင်းလဲတတ်သည်။ ၁၀မိုင်ကျော် ကွာဝေးပါက ဘာသာစကား ပြောင်းလဲတတ်သည်” ဆိုတာလေးပါ။
ဒီဆိုရိုးလေးက ဒေသဝေးကွာသွားတိုင်း ပြောင်းလဲသွားတတ်တဲ့ ဘာသာစကားရဲ့ သဘောသဘာဝကို ဖော်ပြနေပါတယ်။
ဒီလိုဒေသကွာခြားမှုတွေကြောင့် ပြောင်းလဲသွားတဲ့ ဘာသာစကားတစ်ခုရဲ့ အသွင်ကွဲတွေကို ဒေသိယစကားလို့ ခေါ်ကြကြောင်း ဘာသာဗေဒပညာရှင်တွေက ပညတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒေသိယစကားတွေကို အမျိုးအစားခွဲတဲ့အခါမှာ ယေဘုယျအနေနဲ့
(၁) ဒေသကွဲပြားတဲ့အလျောက် ဖြစ်ပေါ်လာတဲ့ ဒေသိယစကား
(၂) အချိန်ကာလပြောင်းလဲတဲ့အလျောက် ဖြစ်ပေါ်လာတဲ့ ဒေသိယစကား
(၃) လူမှုဝန်းကျင် အဆင့်အတန်းအလိုက် ဖြစ်ပေါ်လာတဲ့ ဒေသိယစကား
ဆိုပြီး စနစ်တကျ ခွဲခြားလေ့လာဖို့လိုကြောင်း တွေ့ရှိရပါတယ်။
ဒေသကွဲတိုင်းကိုလည်း ဒေသိယစကားအဖြစ် သတ်မှတ်လို့မရနိုင်တာတွေ ရှိပါတယ်။ သာဓကဆိုရရင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရှမ်းဘာသာစကား၊ မွန်ဘာသာစကား၊ ကရင်ဘာသာစကား စတာတွေကတော့ စံဘာသာစကားဖြစ်တဲ့ မြန်မာဘာသာစကားနဲ့ ကွဲပြားခြားနားတဲ့အတွက် မြန်မာဒေသိယစကားအဖြစ် သတ်မှတ်လို့မရဘဲ သီးခြားဘာသာစကားတွေသာဖြစ်တယ်လို့ ဘာသာဗေဒပညာရှင်တွေက ဆိုပါတယ်။ အဓိကကတော့ ဒေသိယစကားဆိုတာဟာ အသံထွက်၊ သဒ္ဒါ၊ ဝေါဟာရအသုံးအနှုန်း ကွဲပြားခြားနားမှုမရှိပေမယ့် အထူးလေ့ကျင့်မှုမရှိဘဲ အချင်းချင်းနားလည်နိုင်တဲ့ စကားမျိုးတွေကို ဆိုလိုတာပါ။
ဒါတွေကိုလေ့လာမယ်ဆိုရင် မြန်မာဘာသာစကားအတွင်းမှာ ပြောဆိုသူတွေရဲ့ နေရာဒေသအလိုက် စစ်တွေဒေသိယစကား၊ သံတွဲဒေသိယစကား၊ မုံရွာဒေသိယစကား၊ ရွှေဘိုဒေသိယစကား၊ မန္တလေး ဒေသိယစကား၊ ယော ဒေသိယစကား၊ အင်းလေး၊ မြင်းခြံ၊ ပခုက္ကူ၊ တောင်ရိုး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ် စတဲ့ ဒေသိယစကားလေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာလို့ ရနိုင်ပါတယ်။ ဒါတွေကို စံဘာသာစကား ဌာနတစ်ခုဖြစ်တဲ့ မြန်မာစာဌာနက တပိုင်တနိုင်လေ့လာမှတ်တမ်းတင်ထားပြီး သင်ရိုးအဖြစ် ပြဋ္ဌာန်းသင်ကြား နေတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် စာရေးသူကလည်း အခုလို ကြုံလာဆုံလာတုန်း ကျယ်ပြန့်လှတဲ့ ဒေသိယစကား အသုံးလေးတွေကို တတ်နိုင်သလောက်လေ့လာမှတ်တမ်းတင်ရင်း အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် တာဝန်ကျေချင်လို့ ဒီဆောင်းပါးလေးနဲ့ တဖက်တလမ်းက ကြိုးစားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
ဖြူဖြူဝင်း(မြန်မာစာ)
ကိုးကား....
မြန်မာဒေသိယစကားများ (မ-၃၁၁၂) တတိယနှစ်၊ မြန်မာစာအထူးပြု၊ ရတနာပုံတက္ကသိုလ်၊ မြန်မာစာဌာန
တွေ့ဆုံမေးမြန်းသူ- မပိန် (ပခုက္ကူအနောက်ဖက် ပေါက်မြို့နယ် ကင်းချောင်း အောင်ချမ်းမြေ့ရွာသူ)

1 comment:

  1. ဆရာမ ... ဒီပို့စ်မှာ ဆိုလိုချင်တာက ဒေသိယကို ပြောတာလို့ ထင်ပါတယ်။
    နေရာဒေသနဲ့ သက်ဆိုင်တဲ့ ဝေါဟာရ ဆိုရင် ဒေသိယဝေါဟာရ လို့မှတ်သားခဲ့ဖူးပါတယ်။
    ဒေသယိ ဆိုတဲ့ ပါဠိက ... ဟောတော်မူပြီဆိုတဲ့ အနက်အဓိပ္ပါယ် ဆောင်ပါတယ်။
    ပရိတ်ကြီး ၁၁ သုတ်ထဲမှာ အ-ဒေသယိ ဆိုတဲ့ပါဠိအသုံးကို တွေ့နိုင်ပါတယ်။ ဒေသယိနဲ့ အဒေသယိ အဓိပ္ပါယ်အတူတူပဲလို့ သိရပါတယ်။
    ဆရာမ ခေါင်းစဉ်မှာ ဒေသယိ ဖြစ်နေလို့ အဓိပ္ပါယ်လွဲသွားမှာ စိုးလို့ပါရှင်။

    ReplyDelete