မရိုးနိုင်တဲ့ခံစားမှုတွေနဲ့ ပုဂံလမ်းသစ်

ခရီးတကြောတည်းဆက်နေတဲ့ မြန်မာတွေရဲ့ အစပြုရာ ပုဂံ ညောင်ဦး နဲ့ ပုပ္ပါးမြို့လေးတွေကို အရင်က သုံးခေါက်လောက်ရောက်ခဲ့ဖူးပါတယ်။ မန္တလေးကနေ မိတ္ထီလာ ဒီကမှတဆင့် ကျောက်ပန်းတောင်းလမ်းခွဲကနေ ပုဂံကို တောက်လျှောက်သွားခဲ့တာပါ။ ခရီးအစီအစဉ်အနေနဲ့ကတော့ ပုဂံနဲ့ ညောင်ဦးမှာရှိတဲ့ နာမည်ကြီးဘုရား၊ ပုထိုးစေတီတွေကို နှစ်ညအိပ်သုံးရက်လောက်ကနေ၊ ဖူးပြီးမှအပြန် နံနက်စောစောထ ပုပ္ပါးတောင်ကို ခရီးသွားဟန်လွှဲ ဝင်ပြီးတာနဲ့ မန္တလေးကို တောက်လျှောက်ပြန်ခဲ့တာချည်းပါ။ အရင်ရောက်ခဲ့ဖူးတဲ့ ပုဂံခရီးစဉ်က ဘုရားဖူး အလည်အပတ် သက်သက်သွားခဲ့တာပါ။
ဒီတစ်ခေါက် ဒီဇင်ဘာကျောင်းပိတ်ရက်ကိုတော့ အပြင်၃၇မင်းနတ်မဟုတ်တဲ့ နောက်တိုးနတ်တွေအကြောင်း စာတမ်းပြုစုချင်တာနဲ့ အပြင်၃၇မင်းအစပြုရာ ပုဂံ၊ ညောင်ဦးကိုသွားပြီး ဒေတာကောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နတ်ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့ ပုဂံညောင်ဦးနဲ့ ပုပ္ပါးနယ်တဝိုက်ဟာ ဖယ်ချန်ထားလို့အရတဲ့ အပိုင်းဖြစ်နေလို့ပါ။ ခါတိုင်းလို ဘုရားဖူးလည်ပတ်ရုံလောက်မဟုတ်တော့ ပုပ္ပါးတောင်ကိုလည်း အရင်ခရီးစဉ်တွေကလို ခရီးသွားဟန်လွှဲဝင်ရုံတင် လုပ်လို့မဖြစ်တော့လို့ ခရီးစဉ်ကို မသွားခင်ကတည်းက ကြိုဆွဲခဲ့ရပါတယ်။ ပုပ္ပါးမှာ အနည်းဆုံး တစ်ညအိပ် နှစ်ရက်လောက်နေပြီး၊ ပုဂံနဲ့ညောင်ဦးမှာလည်း နှစ်ညအိပ် သုံးရက်လောက်တော့ နေမှ လိုချင်တဲ့ အချက်အလက်က လမ်းစပေါ်လာနိုင်မှာပါ။
ခရီးမသွားခင် စာရေးသူဖေဖေက ခါတိုင်းသွားနေကျ မန္တလေး-မတ္ထီလာ လမ်းမကြီးကနေ သွားတာထက် အခု မန္တလေး-မြင်းခြံလမ်းသစ် ဖက်က သွားရင် မိုင်၅၀လောက် သက်သာပြီး ဖြတ်လမ်းသဘောဖြစ်တယ်လို့ အကြံပေးလာပါတယ်။ တကယ်လည်း ခရီးစဉ်မှာ ခါတိုင်းလို ပုဂံကို တန်းမသွားဘဲ ပုပ္ပါးကို အရင်ဝင်မှာဆိုတော့ အဲဒီဖက်ကနေ သွားကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တမ်းသွားကြည့်တော့ လမ်းဖောက်စဖြစ်လို့ ကောင်းတဲ့လမ်းကရှားပြီး ကျောက်စရစ်ခဲတွေကို ထုချေပြီး အကြမ်းသဘောခင်းထားတဲ့ ဖုန်လမ်းကများတာတွေရပါတယ်။ မှန်လုံဆလွန်းကားမို့ မှန်တွေတင်ထားပေမယ့် ဘယ်ကဝင်လာမှန်းမသိတဲ့ ဖုန်တွေနဲ့အတူ ခရီးသွားခဲ့ရတာက အမှတ်တရတစ်မျိုးပေါ့။

မြင်းခြံမရောက်ခင် ကျန်းမာရေးခဏရပ်ကြစဉ် တပ်ထားတဲ့မျက်မှန်အမည်းကို ချွတ်ကြည့်တော့မှ ရယ်စရာကောင်းလောက်အောင် ဖုန်တွေကပ်ပြီး ဖွေးနေတာကို တွေ့ရတယ်။ ဒါပေမယ့် ဖုန်မွှန်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ လမ်းက တကယ်ဖြတ်လမ်းဖြစ်ပြီး အရောက်မြန်တာကိုတွေ့ရတယ်။ လမ်းဟောင်းတုန်းက မနက်၈နာရီလောက်က စထွက်ရင် နေ့လည်၂ချက်လောက်မှ ပုဂံကိုရောက်လေ့ရှိတာ အခု ၁၀နာရီခွဲကျော်ကျော်လောက်မှာ ပုပ္ပါးကိုဝင်တာ သတိထားမိပါတယ်။
ခါတိုင်းတော့ နေ့လည်စာကို ကျောက်ပန်းတောင်းက ဖိုးပါကြီးမှာ ဝင်စားနေကျ၊ အခုနေ့လည်စာကို Popa Mount Resort Hotel mHa Check in လုပ်ပြီးမှ အခန်းမှာလွတ်လွတ်လပ်လပ် စားကြတယ်လေ။ မေမေပါလာတော့ ထုံးစံအတိုင်း ချိုင့်တွေ ပလုံးတွေနဲ့ အိမ်က ချက်ပြုတ်ပြီးယူလာတဲ့ ထမင်းတွေ ဟင်းတွေကို ပျော်ပွဲစားထွက်သလို ဖွင့်စားကြတယ်။ ဒီဟိုတယ်လေးက ပုပ္ပါးတောင်ကလပ်ထက်မြင့်တဲ့ တောင်ကြောတစ်ခုပေါ်မှာ တည်ထားတော့ သွားချင်တဲ့ ပုပ္ပါးတောင်ကလပ်ကို အထက်စီးကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းလေးက စိတ်ကျေနပ်စရာကောင်းသလို လွမ်းစရာလည်းကောင်းလှပါတယ်။ 


ပုပ္ပါးတောင်ကလပ်

ဒီမြင်ကွင်းတွေကြောင့် ခရီးရောက်မဆိုက် စာထိုင်ရေးချင်စိတ်ပေါက်လာပေမယ့် ဖုန်တောထဲက လာခဲ့ကြရလို့ လက်တွေ့မှာတော့ ရေမိုးချိုး ကိုယ်လက်သန့်စင်လုပ်၊ နေ့လည်စာကို အရင်စားဖြစ်ခဲ့ကြတယ်။
မေမေစီစဉ် ချက်ပြုတ်လာတဲ့ ငါးပိချက်အခြောက်ချက်ရယ်၊ ဘဲဥပြုတ်၊ ပုဇွန်ကြော်နဲ့ ထမင်းဆီဆမ်း၊ ငရုတ်သီးထောင်းတွေက အရည်သောက်မပါပေမယ့် စားလို့မြိန်လှတယ်လေ။ အခန်းအနောက်ဖက်က ဝရန်တာလေးမှာ တောတောင်စိမ်းစိမ်းတွေ၊ ချောက်ကမ်းပါးတွေကြား ခေါင်းမဖော်တမ်းကို လွေးကြတာပေါ့။ ပြီးတာနဲ့ ရှိုးထုတ်ပြီး ပုပ္ပါးတောင်ကလပ်ကို သွားဖို့ စီစဉ်တယ်။
ဒီဟိုတယ်ကနေ တောင်ကလပ်တောင်ခြေကို ကားနဲ့ဆို ဆယ်မိနစ်ပဲမောင်းရပါတယ်။ တောင်ခြေရောက်တာနဲ့ လာရင်းကိစ္စအတွက် ဒေတာတွေက စပြီးကြိုဆိုနေတာတွေ့ရတယ်။ ဘာလို့ဆို ပုပ္ပါးတောင်ပေါ်စတက်တဲ့ အဝင်ဝမုခ်ဦးနဲ့ မျက်နှာချင်းဆိုင် ကားလမ်းတစ်ဖက်မှာ “ပုပ္ပါးမယ်တော် နှင့် ၃၇မင်းနတ်နန်း” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တခမ်းတနားတွေ့ရလို့ပါပဲ။ 


 
ပုပ္ပါးတောင်ခြေက မယ်ဝဏ္ဏနတ်နန်း

သားဖြစ်သူနဲ့ တူ၊ တူမတွေကတော့ တောင်ပေါ်ကိုတက်ချင်လို့ တက်ကြွနေကြပေမယ့် စာရေးသူက သူတို့နဲ့ မလိုက်တော့ဘဲ နတ်နန်းမှာပဲ နေခဲ့လိုက်တယ်။ အတက်အဆင်းလမ်းက ဒီတစ်လမ်းပဲရှိတာဆိုတော့ သူတို့နဲ့ တစ်နေရာရာမှာတော့ ဆုံကြမှာပဲလေ။ သားကိုတော့ စိတ်ချရအောင် သူ့ဦးလေးလက်အပ်လိုက်တယ်။ မျောက်တွေနဲ့အပြိုင်မဆော့ဖို့လည်း မှာလိုက်ရသေးတယ်။
မယ်ဝဏ္ဏနန်းမှာ စိတ်ကြိုက်ဒေတာကောက်၊ ဓာတ်ပုံမှတ်တမ်းတင်ပြီးတာနဲ့ တောင်ကလပ်ပေါ်ကိုတက်ခဲ့တယ်။ အဖွဲ့တွေက အရင်တက်နှင့်ပြီး ရှေ့ရောက်နေတော့ သူတို့နဲ့အရမ်းကွာမှာစိုးတာနဲ့ မောတာတောင်မနားဘဲ့ ဖြည်းဖြည်းမှန်မှန်တက်ခဲ့လိုက်တာ “တောင်ပြုန်းမင်းနှစ်ပါး ဖွားမြင်တဲ့ဂူ” ဆိုတဲ့နားမှာ သူတို့တွေ နားနေတာနဲ့ ဆုံမိကြတယ်။
အရင်အခေါက်တွေကထက် ဒီတစ်ခါ မျောက်တွေ သိသိသာသာနည်းသွားတာကို သတိထားမိလိုက်တယ်။ မျောက်မျက်စိနောက်လောက်အောင် လူတွေကများလို့ပဲ မျောက်တွေက နားအေးပါးအေးနေရာမှာ ရှောင်နေကြတာလား မသိဘူး။ နောက်တိုးနတ်တွေအကြောင်း ဒေတာရလိုရငြား တောင်ကလပ်ရင်ပြင်တော်ပေါ်မှာ သတိထားကြည့်မိတော့ ထူးထူးခြားခြား ကွမ်ရင်မယ်တော်၊ ဥတည်ပွားနဲ့ တရုတ်ပြည်ပေါက်မျက်နှာတော်နဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို တွေ့ခဲ့ရတယ်။ ထိုင်ဝမ်က တရုတ်အဖွဲ့တွေ လာတုန်းက လှူသွားတာပါတဲ့။ အဲဒီတရုတ်အဖွဲ့က နှစ်တိုင်း ဒီပုပ္ပါးကိုလာပြီး ဂါရဝပြုကြသတဲ့လေ။
ထွက်ရပ်ပေါက် ဘိုးမင်းခေါင်ကိုလည်း သူတို့နဲ့ ပဌာန်းဆက်ချင်းတူလို့ဆိုပြီး ကိုးကွယ်ကြသတဲ့။ လူမျိုးမတူ နေရာဒေသချင်းမတူပေမယ့် ကိုးကွယ်ယုံကြည်မှု ယဉ်ကျေးမှုချင်းဆက်နေတဲ့ သဘောပေါ့။
ဘိုးမင်းခေါင်နန်းက ကုတင်တစ်ခုကို နန်းစောင့်ပုဂ္ဂိုလ်လေးက
“ဒါ ဘိုးမင်းခေါင်အိပ်ခဲ့တဲ့ အိပ်ယာ”
လို့ ပြောလို့ကြည့်လိုက်တော့ အခုခေတ်ရယ်ဒီမိတ်သံကုတင်ဖြစ်နေတာ တွေ့ရတယ်။
ဒါနဲ့
“ဟဲ့ ဘိုးမင်းခေါင်က ၁၉၅၂မှာ ကွယ်လွန်သွားတယ်လည်းဆိုသေး၊ သူအိပ်တဲ့အိပ်ယာက အခုခေတ်ကုတင်ကြီးဖြစ်နေတယ်”
လို့ မေးခွန်းထုတ်လိုက်မှ ဒါက သူများလှူထားတာဖြစ်ကြောင်း၊ ဒီနေရာမှာအိပ်ခဲ့ပေမယ့် တကယ့်ကုတင်အစစ်က ရင်ပြင်တော်အထွက်နားမှာ ရှိတဲ့အကြောင်း ပြောပါတယ်။
ဒီရင်ပြင်ပေါ်မှာ စာရေးသူအတွက် ထူးပြီးဒေတာမရခဲ့ပါဘူး။ ဒါပေမယ့် အေးမြတဲ့လေကောင်းလေသန့်ကို ရှုရှိုက်ခဲ့ရပြီး ဘုရားဖူးခဲ့ရတာတော့ အမြတ်ပေါ့။

ဗျတ္တပန်းဆက်လမ်းကိုဖြတ်သန်းလျက်

နောက်မနက် ၂၈ရက် ဒီဇင်ဘာ ၂၀၀၉ မှာတော့ စောစောထ ဟိုတယ်မှာ နံနက်စာဘူဖေးစားအပြီး  မယ်ဝဏ္ဏနန်းဆီကို အသံဖမ်းစက် ကင်မရာတွေ စာအုပ်တွေနဲ့အတူ ထပ်သွားခဲ့ပါတယ်။ ညက အခန်းတံခါးဖွင့် ရှုရှိုက်ခဲ့ရတဲ့ စန္ဒကူးပန်းနံ့နဲ့ စကားဝါပန်းနံ့ သင်းသင်းလေးကို အခုထိ နှာခေါင်းဝမှာ စွဲတုန်းပဲ။ ဒီအနံ့အရသာလေးက တခြားဘယ်နေရာ ဘယ်ဟိုတယ် မှာမှ မရနိုင်တဲ့ သဘာဝပန်းနံ့လေးတွေပါ။ ဒါကလည်း ထူးခြားချက်လေးတစ်ခုပေါ့။
တောင်ကလပ် နတ်နန်းမှာ စိတ်ကြိုက်ဒေတာကောက်ပြီးတာနဲ့ အခန်းပြန်၊ ဟိုတယ်နားတဝိုက်လျှောက်ကြည့်၊ ရှုခင်းသာမှာ ဓာတ်ပုံတွေ ရိုက်ပြီးတာနဲ့ Check out လုပ်ကြပြီး ဗျတ္တပန်းဆက်လမ်းကို ဖြတ်သန်းပြီး ပုဂံ၊ ညောင်ဦးဆီကို လှမ်းလာခဲ့ကြပါတယ်။ လမ်းတလျှောက်မှာ သတိထားမိတာက သစ်သားအိမ်ငယ်ပုံ စင်မြင့်လေးအတွင်းမှာ မြင်းစီးနေတဲ့ မင်းသားလေးပုံတော် ရုပ်ထုလေးတွေကိုပါ။ ဒါဟာ ဦးဗျတ္တလို့ သိရပါတယ်။ ရှေ့မှာတော့ ပန်းအိုးလေးတွေ ကပ်လှူထားကြသလို တချို့လည်း ဗလိနတ်စာလေးတွေ တင်လှူထားကြတာကို သတိထားမိပါတယ်။ ဒါပေမယ့် အဲဒီလမ်းအဆုံး ရွှေလှိုင်းရွာအနီးမှာတော့ အနီးအနားတဝိုက် ရွာလေးတွေဟာ ရွှေလှိုင်းနတ်ကို ကိုးကွယ်ကြတာသိခဲ့ရပါတယ်။ ရွာသူ ရွာသားတွေဟာ အချင်းချင်း အိမ်ထောင်ကျရင်ဖြစ်စေ၊ တစ်ရွာသားနဲ့ အိမ်ထောင်ရပ်သားကျရင်ဖြစ်စေ ဒီရွှေလှိုင်းနတ်နန်းကိုလာပြီး ပူဇော်ပြသ အကြောင်းကြားရပါသတဲ့။ ထန်းရည်ဆိုင်လေးတစ်ခုမှာ ထန်းလျက်ဝယ်ကြ၊ ထန်းရည်သောက်နားကြရင်းက ဆိုင်ရှင်ကို မေးမြန်းကြည့်ရာက သိလာရတဲ့ အချက်တစ်ချက်ပါ။
နံနက်၁၁နာရီလောက်က ထွက်လာခဲ့ကြတာ ညောင်ဦးကို နေ့လည် ဆယ့်နှစ်နာရီခွဲမှာ ရောက်လာကြတယ်။ ရောက်ရောက်ချင်း “ဧရာဟိုတယ်”မှာ တည်းကြဖို့ Check in လုပ်ပြီးတာနဲ့ သရပါစားသောက်ဆိုင်မှာ နေ့လည်စာစားကြတယ်။ အဲဒီကျမှ လမ်းဘေးဆိုင်လေးတွေနဲ့ လူတွေ လှည်းတွေ စည်စည်ကားကားတွေ့လို့ မေးကြည့်တော အာနန္ဒာဘုရားပွဲဆိုတာ သိလိုက်ရတယ်။ ဘုရားပွဲကို လှည်းတွေနဲ့ ညအိပ်ညနေလာကြတဲ့ အညာသူအညာသားတွေကိုကြည့်ရတာ မျက်စိနောက်ပေမယ့် ကြည်နူးစရာပါ။


ပုဂံသူလေးတွေ
သူတို့အသုံးပြုတဲ့ လှည်းဘီးတွေကို သတိထားကြည့်မိတော့ သမားရိုးကျ အစဉ်အလာသစ်သားတွေနဲ့ ကျီးခွေခွေထားတဲ့ လှည်းဝင်ရိုးတွေအပြင် တချို့လှည်းတွေမှာ မော်တော်ကားဘီးတာယာကြီးတွေ (Bridge Stone တို့ Good Year တို့ပေါ့) အစားထိုး သုံးစွဲလာကြတာကို သတိထားမိတယ်။ ခေတ်သစ်လှည်းတွေလို့ ဆိုရမှာပါ။ နွားလှည်းတွေကို သင့်တော်ရာ ကွင်းပြင်နေရာလွတ်တွေမှာ ထိုးစိုက်၊ တချို့က အိပ်နေကြ၊ တချို့က ချက်ပြုတ်နေကြနဲ့ ပျော်နေကြဟန်တူပါရဲ့။ သူတို့တတွေ မပြန်မချင်း ဘယ်နားသွားပြီး အညစ်အကြေးစွန့်ကြလေမလဲ၊ ရေချိုးကြလေမလဲ ဆိုတာက စိတ်ဝင်စားစရာ အတွေးပွားစရာပေါ့။
ပုဂံနဲ့ညောင်ဦးမှာတော့ နှစ်ညအိပ်သုံးရက်ခရီး နာမည်ကျော် ကမ္ဘာကျော်ဘုရားတွေကို စုံအောင် အတတ်နိုင်ဆုံးဖူးခဲ့ကြတယ်။ အာနန္ဒာ၊ ရွှေစည်းခုံ၊ မနူဟာ၊ အလိုတော်ပြည့်၊ ဓမ္မရံကြီး၊ လောကနန္ဒာ၊ ဗူးဘုရား၊ မြစေတီ၊ ဂူပြောက်ကြီး အစရှိတာတွေကိုတော့ ထုံးစံအတိုင်း အရောက်သွားဖူးခဲ့ရတယ်။ သရပါတံခါးနားက နတ်ချုပ်ကြီး မင်းမဟာဂီရိ နဲ့ နှမတော် ရှင်မြတ်လှတို့ကိုလည်း ဓာတ်ပုံမှတ်တမ်းတင်ပြီး အဲဒီမှာရှိတဲ့နတ်ထိန်းကို အလှူငွေပေးပြီး ပူဇော်ခဲ့လိုက်သေးတယ်။
သူတို့မောင်နှမက ဝါအရကော အချိန်အရပါ အစောဆုံးဖြစ်တာကြောင့် အခုနောက်တိုးနတ်တွေရဲ့ ခေါင်းဆောင်နေရာအပေးခံနေရတဲ့ နတ်ချုပ်ကြီးရာထူး အလိုလိုဖြစ်သွားကြပြီလေ။ အဲ့ဒီမှာ ကာရန်တွေ နဘေတွေနဲ့ နားဝင်ချိုလှတဲ့ နတ်ထိန်းရဲ့ ဆုတောင်းကိုတောင် အသံဖမ်းခဲ့သေးတယ်။
မြန်မာစာကျောင်းသူဆိုတော့ မြန်မာစာပေရဲ့အစလို့ ဆိုခဲ့ကြတဲ့ မြစေတီအတွင်းက ရာဇကုမာရ်ကျောက်စာကိုလည်း မဖြစ်မနေ မရိုးနိုင်အောင် သွားကြည့်ခဲ့ပါသေးတယ်။ လေးမျက်နှာရှိတဲ့ ကျောက်စာတိုင်လေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ သော့ခတ်ထားပေမယ့် အရင်နှစ်တွေကထက် ကြည့်ရတာ ပိုဟောင်းသွားသလို ခံစားရတယ်။ နှစ်တွေကလည်း ကြာသထက်ကြာလာတော့ ဒီလောက်တော့ ထင်စရာရှိမှာပေါ့လို့ တွေးမိရတယ်။ ရွှေစည်းခုံဘုရားအတွင်းက ပိတ်ထားတဲ့ ၃၇မင်းနတ်နန်းကိုလည်း အလှူငွေထည့် ဖွင့်ခိုင်းပြီး မှတ်တမ်းယူခဲ့ပါသေးတယ်။ ညနေပိုင်းတော့ ဗူးဘုရားကိုသွားကြတယ်။ ဗူးဘုရားရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ ဘိုးဘိုးကြီးရှင်မုန်တိုင်းဆိုတာကတော့ အပြင်၃၇မင်း နဲ့ မဆိုင်တဲ့ စာရေးသူလေ့လာနေတဲ့ နောက်တိုးနတ်လို့ဆိုရမှာပါ။ သစ်ဖောင်သမားတွေ မော်တော်မောင်းတဲ့ အလုပ်သမားတွေက အများဆုံးကိုးကွယ်ကြသတဲ့။ 


 
သရပါတံခါး

ညောင်ဦးမြို့ထဲပြန်ရောက်တော့ ဇီးကွက်မှာ မေမေတို့က ပုန်းရည်ကြီးနဲ့ အညာဒေသ အစားအစာတွေကို ဝယ်ယူကြတယ်။ နောက်မနက်အပြန်မှာ ပုဂံနန်းမြို့မျှော်စင်ပေါ် လူကြီးတစ်ယောက်ကို ဝင်ကြေး ၂၀၀၀ပေးပြီး တက်ကြည့်ကြသေးတယ်။ ပုဂံမြို့က ဘုရားပုထိုးတွေကို မြင်ရသလို ဘေးနားက ဒေါ်လာ၃၀၀တန်ကနေ ၉၀၀တန်အထိရှိတဲ့ ရဲတိုက်ကြီးတွေနဲ့တူတဲ့ ဟိုတယ်အဆောင်တွေကိုလည်း မြင်နေရပါတယ်။
ကြာကန်တို့ ဂေါက်ကွင်းတို့လည်း ပါလေရဲ့။ ဒီဟိုတယ်ကြီးမဆောက်ခင်က ဒီအနီးနားတဝိုက်မှာ ယာမြေတွေ၊ ရွာလေးတွေနဲ့ အိမ်ငယ်လေးတွေရှိခဲ့တာကို မြင်ယောင်မိပါသေးတယ်။ မျှော်စင်ရဲ့ အရှေ့တောင်ဖက်ကျကျ ထောင့်မှာတော့ ပုဂံသူပုဂံသားတွေ စီးပွားရေးအဆင်ပြေချမ်းသာကြစေဖို့ အဓိဌာန်ပြုပြီး ဖိုလ်ထိုးခဲ့ရာက ဖိုလ်အောင်လို့ တည်ထားကိုးကွယ်ခဲ့တဲ့ အရှင်အဉ္ဇဂေါဏရဲ့ ဆုတောင်းပြည့်စေတီတော်ကြီးကိုလည်း တွေ့နေရပါတယ်။ နဂါးနီသီချင်းနဲ့ ကိုလိုနီခေတ်က ဇီးဘန်နီဆရာတော်ဘုရားကြီးရဲ့ “ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်းသုည သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ် သုညခေတ်ဝယ် ဖြစ်လာရလေတို့တတွေသည် သေသော်မှတည့် သြော်ကောင်း၏” ဆိုတဲ့ကဗျာလေးကို သွားပြီးသတိရမိလျက်သားဖြစ်သွားရတယ်။ လွမ်းစရာ့ ပုဂံပြည်ကြီးပါပဲ။
ပုဂံမြို့ဟောင်း ပုဂံမြို့သစ်နဲ့ ညောင်ဦးတဝိုက်က ဘုရားပုထိုးစေတီတွေဟာ သပ္ပါယ်မြဲ ဂုဏ်ယူစရာကောင်းမြဲ လွမ်းမောဖွယ်ရာဖြစ်မြဲပါ။
မြန်မာစာပေ၊ ဘာသာစကား၊ ရှေးဟောင်းပညာရပ်ဆိုင်ရာနဲ့ယဉ်ကျေးမှုဓလေ့တွေ၊ ပုဂံဗိသုကာလက်ရာတွေဟာလည်း ပညာရှင်တိုင်းအတွက် လေ့လာလိုက်စားလို့ မကုန်နိုင်အောင် တန်ဖိုးရှိတဲ့ ရှေးဟောင်းမြို့အဖြစ် တည်မြဲပါပဲ။
ဘယ်နှစ်ခါရောက်ရောက်လည်း မရိုးနိုင်တဲ့ခံစားမှုက ဖြစ်မြဲပါ။ ဒီတစ်ခေါက် ပိုအကျိုးရှိခဲ့တာက နောက်တိုးနတ်စာတမ်းအတွက် သွားရောက်ခဲ့ပေမယ့် မထင်မှတ်တဲ့အချက်အလက်အသစ်တွေ ထပ်ရခဲ့တာကြောင့် ပုဂံမြေကို ကျေးဇူးတွေတင်ပြီးရင်းတင်ရင်းနဲ့ အပြန်လမ်းခရီးကားဘီးလေးတွေက ဖုန်ထူတဲ့ ပုဂံလမ်းသစ်ဖက် ဦးမတည်တော့ဘဲ လမ်းဟောင်း ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းဖက်ကိုဘဲ ဦးတည်ပြေးလွှားလို့လေ.................


ဖြူဖြူဝင်း(မြန်မာစာ)

2 comments:

  1. ဆရာမခင်ဗျာ..
    ဆရာမနဲ့အတူ ပုဂံညောင်ဦး ဘုရားဖူး ထွက်လိုက်ရသလိုပါပဲ။
    အရေးအသားကောင်းလွန်းတော့ ဖုန်မှုန့်လေးတွေကအစ မြင်တွေ့လိုက်ရပါတယ်ဗျာ..း)

    ဖုန်မှုန့်တောင် မြင်လိုက်ရပြီဆိုတော့ ဘုရားတွေ၊ စေတီတွေ၊ နတ်ရုပ်တွေ၊ ကျောက်စာတွေ ဆိုတာကတော့ ကြည်ညိုစရာ ထင်းထင်းကြီးတွေကို ရုပ်လုံးပေါ်နေပါတယ်..။

    မြန်မာစာနဲ့ ပတ်သက်တဲ့ မှတ်သားစရာလေးတွေ၊ ပြုံးစရာ မှားတတ်တဲ့ ဝါကျ အမှားအကြောင်းမျိုးတွေ၊ သတ်ပုံအရေးကြီးပုံ အကြောင်းတွေ ဖတ်ချင်မိပါတယ်။

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ReplyDelete
  2. ဆရာမခင်ဗျာ

    ကျွန်တော်ပုဂံကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ စိတ်ထဲမှာတော့ အခြေအနေပေးလာတဲ့ တစ်နေ့တော့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခုလို ဆရာမရဲ့ ပုဂံခရီးသွား အတွေ့အကြုံလေးတွေကို ဓါတ်ပုံလေးတွေနဲ့ တကွ ဖော်ပြပေးလို့ ပုဂံ မရောက်ဖူးသေးပေမယ့် ပုဂံအကြောင်းကို သိခွင့်ရလို့ အထူးပဲ ကျေးဇူးတင်မိပါတယ် ခင်ဗျာ။ ဆရာမ ပြုစုနေတဲ့ အပြင် ၃၇မင်းထဲ မပါတဲ့ နောက်တိုးနတ်တွေ အကြောင်းကိုလဲ စိတ်ဝင်စားမိပါတယ်ခင်ဗျာ။ အခွင့် အခါ သင့်ရင် ဗဟုသုတ အနေနဲ့ ဖတ်ချင်မိပါတယ် ဆရာမ ခင်ဗျာ။

    လေးစားစွာဖြင့်
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete