ရောင်စုံဗန်းစကား

မြန်မာစာအဖွဲ့ကထုတ်ဝေတဲ့ မြန်မာအဘိဓာန်ထဲမှာ ဗန်းစကား ဆိုတာကို
"အချင်းချင်းနားလည်အောင် ပြောဆိုသုံးနှုန်းရာမှ အသုံးကျယ်ပြန့်လာသည့်ပေါ်ပင်စကား"
လို့ အနက်ဖွင့်ပြထားပါတယ်။ ဒီအနက်ဖွင့်လေးက သူ့သဘောကို ယေဘုယျခြုံငုံဖွင့်ဆို ပြထားခြင်းပေါ့။
တကယ်တော့ မြန်မာဘာသာစကားထဲမှာရှိတဲ့ ဗန်းစကားလေးတွေဟာ မြန်မာလူမှုအဖွဲ့အစည်း
အလွှာအသီးသီးမှာ ပြောဆိုနေတဲ့ နေ့စဉ်သုံးစကားတွေထဲက ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်
အရောင်အသွေးစုံလှပါတယ်။ မြန်မာဗန်းစကားလေးတွေဟာ အမျိုးအစားလည်းများပြားသလို
တချို့ဗန်းစကားလေးတွေကြောင့် ဘာသာစကားတစ်ခုအတွက် အနက်အားကောင်းလှပတဲ့
ဝေါဟာရလေးတွေ ပေါကြွယ်တိုးပွားလာစေရပါတယ်။
"ဗန်းစကားရဲ့ ရင်းမြစ်"
အင်္ဂလိပ်လို Slang လို့နားလည်ထားကြတဲ့ စကားအမျိုးအစားကို မြန်မာတွေက ဗန်းစကားလို့
သတ်မှတ်ကြပါတယ်။
ဒီစကားလုံးလေးကို ကုန်းဘောင်ခေတ် ၁၈၅၂ခုနှစ်ထုတ် မြန်မာ-အင်္ဂလိပ်အဘိဓာန် စာမျက်နှာ
-၅၀၂မှာ.....
"ဘန်း 3, n.blind,puzzling language, ဘန်းစကား"
ရယ်လို့အသုံးပြုနေကြတာကို တွေ့ရှိနေရပါပြီ။ ဒီနေ့ခေတ်မြန်မာစာအဖွဲ့က ပြန်လည်ပြင်ဆင်
သတ်မှတ်တဲ့ "ဗန်းစကား" ဆိုတဲ့အသုံးကို အဲဒီအထဲမှာတော့ "ဘ-ကုန်း" နဲ့ပေါင်းထားပါတယ်။
အနက်ဖွင့်ကတော့ တမျိုးထူးခြားနေတာကိုတွေ့ရပါတယ်။ ပဟေဠိဖြစ်စေတဲ့စကားလို့ဆိုထား
လေရဲ့....
မန္တလေးသား ကိုစမူ သား မောင်စုပြုစုခဲ့တဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန် စာ-၅၄၆မှာတော့xxx
"Slang.n, ဘန်းစကား,ဘလန်းစကား,ဆဲရေးစကားV.ဘန်းစကားနဲ့ဆဲသည်ဆိုသည်
လို့အနက်ဖွင့်ပြထားပြန်ပါတယ်။ ဒီအနက်ဖွင့်တွေအရ ဗန်းစကားလေးတွေကို မြန်မာဘာသာ
စကားထဲမှာ အရာမသွင်းချင်တဲ့သဘောပေါ်လွင်နေပါတယ်။ အဲဒီတုန်းကအနက်ဖွင့်ခဲ့ကြသလို
ဗန်းစကားလေးတွေဟာ ဆဲရေးတိုင်းထွာတဲ့စကားလုံးလေးတွေမဟုတ်ကြပါဘူး။ သူ့အဆင့်နဲ့
သူရှိပါတယ်။ ဒီစကားလုံးလေးဟာ အင်္ဂလိပ်စကား"ban"ဆိုတာကို မြန်မာဘာသာ "စကား"
နဲ့တွဲစပ်ပြီး "ဘန်းစကား"ရယ်လို့ဆင်းသက်ပေါ်ပေါက်လာတာဖြစ်ကြောင်း ရင်းမြစ်ကိုခွဲခြမ်း
စိတ်ဖြာကြံဆပြခဲ့တဲ့ ပညာရှင်ကတော့ ဆရာမောင်သာခင်ဖြစ်ပါတယ်။ ၁၉၂၄ထုတ် JBRS
(အတွဲအမှတ်အတိကျမသိရပါ)ထဲက "The Cant of the Musicians of Burma"
ဆိုတဲ့ဆောင်းပါးထဲမှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီတော့ ဒီစကားလုံးလေးရဲ့ရင်းမြစ်ကိုအင်္ဂလိပ်
မွေးစားစကားလုံးအဖြစ်သတ်မှတ်ရမှာပါ။
အင်္ဂလိပ်စကား"ban"ဆိုတာကတော့ "an Order forbidding something,V.forbid officially"
လို့အနက်ရပါတယ်။
ဒါပေမယ့် ဗန်းစကားအသုံးတွေဟာ လူတွေနေ့စဉ်ပြောဆိုရာက ပေါ်ပေါက်လာတဲ့ ပေါ်ပင်
စကားအဖြစ်ကနေ တချို့အသုံးလှ၊ လူရှေ့သူရှေ့မှာ ပြောဆိုလို့တင့်တယ်၊ တင်စားမှုပြောင်
်မြောက်တဲ့ စကားလုံးတွေဆိုရင် ထီးသုံးနန်းသုံး ရုံးသုံး စကားဖြစ်သွားရပြီး တချို့ဆိုရင် စံ
ကျအဘိဓာန်တွေထဲအထိ ရောက်သွားရတာလေးတွေ လည်းရှိလာပါတယ်။

"ဗန်းစကားကြောင့် မြန်မာဘာသာစကားမှာ အားကောင်းလှပတဲ့ ဝေါဟာရတွေ ပေါကြွယ်တိုးပွားလာရခြင်း"
အရေးရော အပြောရော အခိုင်အမာရှိတဲ့ ဘာသာစကားတစ်ခုမှာ ဗန်းစကားတွေဟာ ရှိကိုရှိနေ
တဲ့ မပါမဖြစ်ပါဝင်နေတဲ့ အမျိုးအစားတစ်ခုပါ။ ဗန်းစကားတွေရှိနေခြင်းဟာ ဘာသာစကား
တစ်ခု ရဲ့သဘောသဘာဝလို့တောင်ဆိုနိုင်ပါတယ်။ ဒီသဘောသဘာဝနဲ့ပြည့်စုံတဲ့မြန်မာစကား
မှာလည်း ဗန်းစကားကြောင့် အားကောင်းလှပတဲ့ ဝေါဟာရတွေ ပေါကြွယ်တိုးပွားလာတာကို
တွေ့ရပါတယ်။
ဒီအမျိုးအစားအသုံးတွေကြောင့် ဘာသာစကားပညာရှင်တွေကို သတ်မှတ်ထားတဲ့ Slang
နဲ့ညီမျှတဲ့"ဗန်းစကား" ဆိုတဲ့ ဝေါဟာရအသစ်တစ်လုံး မြန်မာစကားထဲမှာတိုးလာခဲ့ရပါတယ်။
အေဒီ ၁၇၆၈ခန့်က နန်းတွင်းစာဆိုကျော် ရွှေတောင်နန္ဒသူရေးဖွဲ့ခဲ့တဲ့ "မွေနွန်းရကန်"ထဲက
"လုလင်" "ယောက်ယက်ခတ်" "သျှို" "ရဲငံ" "လုပ်လဲ့" စတဲ့စကားလုံးတွေဟာ အဲဒီခေတ်
က နန်းတွင်းအပျိုတော်တွေ အရပ်ထဲက မိန်းမပျိုလေးတွေ အချင်းချင်းပြောဆိုသုံးနှုန်းတဲ့
"ပေါ်ပင်စကား" "ဗန်းစကား" ဖြစ်ရာက ဒီကနေ့ မြန်မာစာပေအဖွဲ့ကပြုစုတဲ့"မြန်မာအဘိဓာန်"
ထဲမှာတော့ တည်ပုဒ်အဖြစ်နေရာယူအနက်ဖွင့်ခံရတဲ့ စကားလုံးလေးတွေဖြစ်လာတာကိုတွေ့ကြ
ရမှာပါ။ ဒါ့အပြင် မြန်မာပညာရှင်သိပ္ပံမောင်ဝက "ဗန်းစကား" အလေအလွင့်စကားအဖြစ်
ကြံဆခဲ့တဲ့ "ကြမ်းပိုး"ဆိုတဲ့စကားလုံးလေးဟာလည်း သူ့ရဲ့တိုက်ရိုက်အနက်အဖွင့်အပြင်
"လေလွင့်ပျက်စီးနေသူ၊ တေလေ" ဆိုတဲ့ဗန်းစကားအနက်ဖွင့်ကိုပါ ထည့်သွင်းဖွင့်ဆိုပြလာကြ
ရပါတယ်။
တချို့ဗန်းစကားလေးတွေဟာ ဥပမာပေးတာအလွန်ကောင်းပြီး လူရှေ့သူရှေ့ပြောရင်လည်း
မရိုင်းစိုင်းတဲ့အပြင် ဆိုလိုချင်တဲ့အနက်အဓိပ္ပါယ်ကို ပိုမိုပေါ်လွင်သွားစေတတ်တာတွေ့ရပါတယ်။
"ပြဿနာတက်နေတယ်၊ အလုပ်ရှုပ်နေတယ်၊ ဒုက္ခပေးတယ်"ဆိုတဲ့သဘောကို xxxxxxx
"ဒီနေ့ပျားတုတ်နေတယ်ဟေ့"
"ငါမြွေကိုက်ခံလိုက်ရတယ်"
"သူကတော့တကယ့်မြွေပဲကွာ"
"သူ့ချစ်သူက တကယ့်ဇယားလေးကွ"
"သူတို့အဖွဲ့က ဆတ်ဆတ်ထိမခံတဲ့ ကျွတ်ကျွတ်အိတ်တွေလေ"

ဆိုတဲ့အသုံးမျိုးလေးတွေပေါ့။
နောက်ပြီး ဗန်းစကားလေးတွေကနေ စကားပုံဖြစ်သွားရတာလေးတွေလည်း မြန်မာစကားမှာ
ရှိပါတယ်။ လူလိမ်၊ လူလည် တစ်ဦးဆီက ထပ်ပြီးလိမ်လည်လှည့်စားသွားတဲ့သူကို "ကတုံး
ပေါ်ထိပ်ကွက်သူ"လို့သုံးကြရာက ဒီအသုံးလေးကို အခုမြန်မာစကားပုံအဖြစ် သတ်မှတ်ထည့်
သွင်းလိုက်ကြပါပြီ။ အဲဒီလိုပဲ အရည်အချင်းမရှိဘဲကံကောင်းအကြောင်းလှလို့ အနိုင်ရသွားတဲ့
သူ အောင်မြင်နေသူကိုတော့ "ကြက်ကန်းဆန်အိုးတိုးတာပါကွာ"လို့ ပြောဆိုကြရာက အသုံး
များလာပြီး သူလည်းမြန်မာစကားပုံဆိုရိုးစကားအဖြစ် သတ်မှတ်လိုက်ကြပါပြီ။
ဒါ့အပြင်
"ဟေ့..သိပ်မရှုနေနဲ့ မျက်စိကျွတ်ထွက်သွားအုံးမယ်"ဆိုတာမျိုး၊
"ဒီကနေ့အစီအစဉ်ကတော့ နိတ်သဟေ့"
"ကဲ-အားလုံး စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေကို ဒီနေရာမှာတင် ခေါက်ထားလိုက်ကြတော့"

ဆိုတဲ့အသုံးတွေက"ရှု" "နိတ်" "ခေါက်ထား" စတဲ့ဗန်းစကားတွေကြောင့်
မြန်မာစကားအပြောပိုင်းမှာ အနက်အဓိပ္ပါယ်ပိုလေးနက်ပြီး ရုံးတွေကျောင်းတွေမှာ နေ့စဉ်သုံး
လိုဖြစ်နေတာကိုလည်း တွေ့ကြရပါတယ်။
"အဲဒီလူကိုသတိထားနော် သူကနှစ်ဖက်ချွန်ကြီး"လို့ဆိုရင်လည်း ထူးပြီးရှင်းပြစရာမလိုဘဲ ဘာကိုဆိုလိုမှန်းသဘောပေါက်နားလည်နိုင်တဲ့ ဗန်းစကားအသုံးဖြစ်နေတာကိုတွေ့ရပါတယ်။
တချို့ဗန်းစကားလေးတွေမှာ အနက်အဓိပ္ပါယ်တစ်ခုတည်းကိုပဲ ခေတ်အဆက်ဆက် အသုံး
ပြောင်းလဲလာတာတွေလည်း ရှိတာကိုတွေ့ကြရမှာပါ။
"ဘုန်းတော်ကြီး၊ ဘုန်းကြီး၊ ဦးပဥ္ဒင်း" လို့အနက်ရတဲ့ စကားရပ်ကို ဗန်းစကားအဖြစ်
"ဘဂဝါ၊ ရဲလိုးအာမီ၊ ရိုးလင်းစတုန်း၊ ယောပန၊ လိမ္မော်သီး"
ဆိုပြီး အဆင့်ဆင့်ပြောင်းလဲသုံးနှုန်းလာကြပါတယ်။
တကယ်တော့ မြန်မာဗန်းစကားလေးတွေဟာ ချစ်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်း၊
ဆိုလိုချင်တဲ့ အနက်အဓိပ္ပါယ်ကို ပိုပြီးလေးနက်ပေါ်လွင်စေတာကိုတွေ့ရပါတယ်။ မြန်မာဗန်း
စကားတစ်လုံးရဲ့ ဖြစ်ပေါ်လာပုံကိုလေ့လာရင် မြန်မာလူမျိုးတွေရဲ့ထွင်ဥာဏ်၊ ဟာသဥာဏ်နဲ့
စကားပရိယာယ်ကြွယ်ဝမှုတို့ကိုလည်း သိလာစေရပါတယ်။ အရောင်အသွေးစုံလင်လှတဲ့
ရောင်စုံဗန်းစကားလေးတွေရဲ့အကြောင်းကို လက်လှမ်းမီသလောက်လေ့လာတင်ပြရင်းအခု
ုနောက်ဆုံးပေါ် ချစ်စရာမြန်မာကဗျာလေးတစ်ပုဒ်နဲ့ ဒီဆောင်းပါးလေးကိုနိဂုံးချုပ်လိုက်ပါရ
စေလား။

"လမ်းဘေးဘာသာစကားကဗျာ"
ကျွန်တော်တို့ဆီမှာတော့
သွားကြားထိုးတံကို ရှာဖွေရေးလို့ခေါ်ပါတယ်
ပိုက်ဆံမရှိတာကို ရေမလန်းဘူးလို့သုံးပါတယ်
ပြဿနာတက်နေရင် တိုင်ပတ်တယ်လို့ပြောပါတယ်
ကလေကချေကို စရိုက်လို့သုံးပြီး
အောက်စက်ကို ပစ္စည်းလို့သုံးပါတယ်
ကောင်မလေးချောချောမြင်ရင် ဇယားလေးကမှည့်တယ်လို့ ပြောပြီး
ကိုယ့်အိမ်ကိုယ် ပြန်အိပ်တဲ့အခါ
ကိုယ့်ဘိကိုယ်ပြန်ကျိုးတယ်လို့ သုံးစွဲပါတယ်
သူငယ်ချင်းကို သားကြီးလို့သုံးနှုန်းတတ်ပါတယ်
ကျွန်တော်တို့ဆီမှာတော့
ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ခုနစ်နှစ်အချိန်ယူရပါတယ်
ဝီစကီကောင်းကောင်းတစ်ခွက်ရဖို့ အနှစ်နှစ်ဆယ်
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်
အချိန်ယူရပါတယ် အချိန်ပေးရပါတယ်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုကြည့်ဖို့
အိပ်ရေးဝဝ အိပ်ထားဖို့လိုအပ်လို့
ကိုယ့်ဘိမှာကိုယ် အေးဆေးကျိုးနေပါတယ်......
{အမှတ်၁၃၆၊ သရဖူမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ ၂၀၀၉}

ကဲ- ဘယ်လောက်ထွင်ဥာဏ်ရှိ ပြောင်မြောက်ပြီးချစ်စရာကောင်းလိုက်ပါသလဲ။ ဒီကဗျာလေး
အတွက် ဆရာကြည်ဇော်အေးကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။

ဖြူဖြူဝင်း(မြန်မာစာ)

2 comments:

  1. ရေးထားတာလေးကောင်းတယ် တချို့ဗန်းစကားတွေဆို သိတောင်မသိဘူး ခုမှပဲသေချာသိတော့တယ် ကျေးဇူး

    ReplyDelete
  2. ဝေလင်း2 January 2010 at 13:47

    ဟီး..ဟုတ်တယ်။ ကျွန်တော်လည်း တစ်ချို့ဟာတွေ သေချာမသိဘူး

    ReplyDelete