ရေခြားမြေခြား ဗန်းစကား

“ရေမြေခြားသွားရတော့*****
မင်းလေးကိုထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ-----ကိုယ်စိတ်ချပါရစေ*****
ဒါပေမယ့်ကိုယ့်အတွက်တော့
ယုံကြည်ပြီးစောင့်နေပါနော်****”


ဒီကနေ့ခေတ်စားနေတဲ့ အာဇာနည်ရဲ့သီချင်းလေးတစ်ပုဒ်ပါ။ ခေတ်ကြေးမုံကိုထင်ဟပ်စေတဲ့
အကြောင်းအရာနဲ့ ဖွဲ့စပ်ထားတော့ သီချင်းလေးက လူထုကြားကိုပေါက်သွားခဲ့ရတယ်လေ။
ဒီနေ့ခေတ်မှာ မြန်မာတွေဟာကိုယ့်နိုင်ငံအတွင်းသာမကတော့ဘူး၊ နိုင်ငံရပ်ခြား ရေခြားမြေခြား
ဒေသတွေကိုပါ အကြောင်းအမျိုးမျိုးနဲ့ ကူးလူးဆက်ဆံသွားလာကြာတာ ပိုများလာတာကိုတွေ့
ရပါတယ်။

တချို့က နိုင်ငံတကာအဆင့်မှီတက္ကသိုလ်တွေမှာ ကျောင်းသွားတက်ကြတာ။ တချို့က
ဝမ်းရေးအတွက် ရေကြည်ရာ မြက်နုရာရှာရင်း အလုပ်သွားလုပ်ကြတာ။ တချို့ကတော့
စကောလားရှစ်ဆိုတဲ့ ပညာသင်ဆုရလို့။ တချို့ကတော့ နိုင်ငံအတွက် သက်ဆိုင်ရာဌာနတွေ
မှာ အမှုသွားထမ်းကြ၊ သင်တန်းတွေတက်ကြပေါ့။

ဒီလိုအကြောင်းကိစ္စတွေအပြင် စီးပွားရေး၊ နိုင်ငံရေး၊ အလည်အပတ် စတဲ့ အကြောင်းတွေနဲ့
လည်း သွားလိုက်ကြ လာလိုက်ကြနဲ့ပေါ့။
Global villageဆိုတဲ့စကားလုံးကို မြန်မာတွေကပါ ကမ္ဘာနဲ့အညီရင်ဘောင်တန်းပြီး ပုံဖော်လာ
ကြတာကိုတွေ့ရပါတယ်။
လူငယ်အကြိုက် ဂီတလောကမှာသာ ခေတ်ကိုရောင်ပြန်ဟပ်စေတဲ့သီချင်းမျိုးတွေကို တွေ့လာ
ရတာမဟုတ်ပါဘူး။

အနုစာပေလောကကို ကြည့်ရင်လည်း
“အမျိုးသားက နိုင်ငံခြားမှာလေ.........”ဆိုပြီး
ရပ်ကွက်ထဲမှာ
တချို့ဇနီးမယားတွေ
ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကိုကွပ်မျက်ခဲ့ရတာပါ
မိသားစုနဲ့အိမ်ကိုခွဲခွာခဲ့
သူငယ်ချင်းများနဲ့တိုင်းပြည်ကိုခွဲခွာခဲ့
အဲဒီအတွက် ရမယ့်ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်ကနေ့တွေကိုရေတွက်ရင်း
လေယာဉ်ပျံတွေမြင်ရင်
အိမ်ပြန်ချင်တယ်လို့ ညည်းမိ”
(အာရှတိုက်ရဲ့တစ်နေရာ၊ ရွှေအမြုတေရဲ့ ရွှေအမြုတေများ၊ ပထမအကြိမ်ဆုရစာမူများ)

ဆိုပြီး ကဗျာပုံစံနဲ့တစ်မျိုး

“****ဆေးသုတ်ရာမှာ ဝတ်ရမယ့်ဝတ်စုံတွေကတော့ အားလုံးလဲပြီးနေကြပြီ။ နံနက်
၈နာရီခွဲလောက်မှာ မိုးကစဲပြီး နေကချက်ချင်းထွက်လာတယ်။ သူတို့တွေ ကားပေါ်ကဆင်းပြီး
လုပ်ငန်းစကြတယ်။ ဒီနေ့အထပ်၁၄ထပ်မြောက်တစ်ခုတည်းကို အတွင်းရော အပြင်ရော အပြီး
သုတ်ရမှာ။
သူ့သံလုံးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဂရုစိုက်တက်ခဲ့တယ်။ ၁၂ထပ်မြောက်အရောက်မှာ အောက်
က အကြီးအကဲရဲ့ ခရာမှုတ်သံကိုကြားလိုက်ရတယ်။
အောက်ကိုငုံ့ကြည့်လိုက်တော့ လက်ဟန်ခြေဟန်နဲ့စကားပြောနေတာကို တွေ့ရတယ်။
တချက် မိုက်ကနဲဖြစ်သွားတယ်။ ခေါင်းကိုရမ်းခါပစ်လိုက်တယ်။
နောက်ကျောက ဆေးဖြန်းဖို့ sprayဗူးကို လွယ်ထားရသေးတယ်။ ခပ်လှမ်းလှမ်းက နှုတ်ခမ်းမွှေး
နဲ့ဖိလစ်ပိုင်ကောင်က ပေဂျာပါတော့ ကြီးကြပ်ရေးမှူးပြောတာကို သဘောပေါက်တယ်ထင်တယ်
ခေါင်းညိတ်ပြီး သူ့ကိုလည်း အောက်ဆင်းကြစို့ဆိုတဲ့ မျက်နှာပေးနဲ့ အချက်ပြပြီး တလှမ်းချင်း
အောက်ပြန်ဆင်းနေတယ်။
သူအောက်ပြန်ဆင်းဖို့ခြေလှမ်းချလိုက်တယ်။ နောက်ထပ်ဆင်းဖို့ ခြေလှမ်းအချမှာ မိုက်ကနဲဖြစ်
သွားပြီး ခြေချော်သွားတယ်။”
(အနာဂတ်မြို့တော်၊ ချယ်ရီမဂ္ဂဇင်း၊ အမှတ် ၁၄၉၊ ၂၀၀၇ဒီဇင်ဘာလထုတ်)
ဆိုပြီး ဝတ္ထုတိုပုံစံ
နဲ့တဖုံ ခေတ်ကိုထင်ဟပ်စေတဲ့ အဖွဲ့တွေနဲ့ ရေခြားမြေခြား မြန်မာတွေရဲ့ အခြေအနေကို
ရေးဖွဲ့ခဲ့ကြတာကိုလည်း တွေ့ကြရပါတယ်။

အခုလို စာပေ၊ ဂီတ စတဲ့ အနုပညာရပ်တွေမှာသာမကပါဘူး။ နေ့စဉ်သုံး မြန်မာဘာသာစကား
အတွင်းကိုလည်းရေခြားမြေခြားတိုင်းတပါးမှာရှိကြတဲ့ မြန်မာအချင်းချင်းပြောဆိုကြတဲ့ ဝေါဟာ
ရအသစ်လေးတွေ တိုးပွားလာကြတာကို တွေ့ရှိရပါတယ်။

ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံရပ်ခြားရောက် မြန်မာတွေက ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊
နိုင်ငံရေးစတာတွေအတွက် သက်ဆိုင်ရာနိုင်ငံအသီးသီးက ဘာသာစကားတွေကို ကြိုးစားပြီး
လေ့လာပြောဆိုသုံးနှုန်းကြသလို မြန်မာအချင်းချင်းဆုံဖြစ်ကြရင်တော့ မွေးကတည်းက ပြော
ဆိုလာခဲ့ကြတဲ့ အမိဘာသာစကားကိုပဲ အားပါးတရ ပြောဆိုသုံးနှုန်းလေ့ရှိကြပါတယ်။
ဒီတော့ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသအလျောက် ကိုယ့်အချင်းချင်းသာ နားလည်
သဘောပေါက်နိုင်တဲ့ စကားလုံးအသစ်တွေ တီထွင်ပြောဆိုကြရာက “ရေခြားမြေခြား ဗန်း
စကား”
လေးတွေ ထွက်ပေါ်လာခဲ့ရပြီး မြန်မာဘာသာစကားအတွက် စိတ်ဝင်စားစရာအပိုင်း
တစ်ခုဖြစ်လာပါတော့တယ်။
မြန်မာဗန်းစကားအမျိုးအစားတွေမှာ စကားဝှက်ဗန်းစကား၊ အဆွယ်ဗန်းစကား၊ စကားပုံ
ဆိုရိုးအဖြစ်သုံးတဲ့ဗန်းစကား၊ နောက်ပြောင်သုံးတဲ့ဗန်းစကား၊ အရွှန်းဗန်းစကား၊ တင်စား
ဗန်းစကားရယ်လို့ ၆မျိုးလောက်ရှိပါတယ်။ ရေခြားမြေခြားမှာသုံးနေတဲ့ မြန်မာတွေရဲ့
ဗန်းစကားတွေမှာ အဲဒီခြောက်မျိုးလုံးနဲ့အကျုံးဝင်တဲ့အမျိုးအစားတွေကို လေ့လာတွေ့ရှိရ
ပါတယ်။

ရေခြားမြေခြား စကားဝှက်ဗန်းစကား
နိုင်ငံရပ်ခြားမှာ မြန်မာအချင်းချင်း တခြားနိုင်ငံခြားသားမိတ်ဆွေရှေ့မှာဖြစ်စေ၊ သူတို့ကြား
ထဲမှာဖြစ်စေရောက်ရှိနေကြတဲ့အခါမှာ တခြားလူတွေမသိစေဖို့ အချင်းချင်းသာသိစေတဲ့
အမှတ်အသားစကားဝှက်တွေနဲ့ ပြောဆိုကြရာက အသုံးကျယ်ပြန်လာတဲ့ ဗန်းစကားမျိုး
ကို “ရေခြားမြေခြား စကားဝှက်ဗန်းစကား”အဖြစ် သတ်မှတ်နိုင်ပါတယ်။ မြန်မာဘာသာ
စကားမှာ ကမ္ဘာ့နိုင်ငံအမည်တွေ လူမျိုးအမည်တွေ အတော်များများက အင်္ဂလိပ်ဘာသာ
စကားကအသံထွက်ကို အနီးစပ်ဆုံယူပြီး မြန်မာလိုပြောကြဆိုကြတာများပါတယ်။
ဒီတော့ သက်ဆိုင်ရာနိုင်ငံတွေဆီရောက်နေတဲ့ ဗမာတွေက အဲဒီလူမျိုးတွေအရှေ့မှာ
အချင်းချင်းပြောဆိုတဲ့အခါမှာ သူတို့တွေမရိပ်မိစေဘဲ အေးဆေးပြောနိုင်မယ့်နာမ်စားတွေ
နဲ့ အစားထိုးပြောဆိုလာကြပါတယ်။

ကိုးရီးယားနိုင်ငံရောက်နေတဲ့ မြန်မာတွေက ကိုးရီးယားဆိုတဲ့စကားလုံးလေးအစား
“ကကြီးတွေ”၊ ဂျပန်ရောက်မြန်မာတွေကတော့ ဂျပန်လူမျိုးတွေကို “ဂငယ်တွေ”၊
အမေရိကန်က မြန်မာတွေကတော့ ဂျူးလူမျိုးတွေကို“ဂငယ်တွေ”၊ စင်္ကာပူလူမျိုးတွေ
ကိုတော့ “စလုံးတွေ” လို့သုံးပါတယ်။ ဗီယက်နမ်လူမျိုးတွေကိုတော့ “ဗျိုင်းတွေ၊ ဗျိုင်း
အုပ်စု” လို့သုံးကြပါတယ်။ (အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်နိုင်ငံရောက်
အမေရိကန်စစ်သားတွေကတော့ ဗီယက်နမ်လူမျိုးတွေကို “Charley”လို့ ဗန်းစကား
အဖြစ်သုံးခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်-စကားချပ်)

ဖိလစ်ပိုင်လူမျိုးတွေကိုတော့ “ဖားအုပ်စု၊ ဖားတွေ”၊ လူမျိုးခြားကုလားတွေကိုတော့
“ကာလာတွေ”၊ယိုးဒယားတွေကိုတော့ “ယ-ပက်လက်”၊ တရုတ်လူမျိုးတွေကိုတော့
“တ-ဝမ်းပူ” အစရှိသလို မြန်မာအက္ခရာစာလုံးတွေနဲ့ နာမ်စားအဖြစ် အစားထိုးပြောဆို
သုံးနှုန်းကြတာကို တွေ့ရပါတယ်။နိုင်ငံကူးလက်မှတ်ကိုတော့ “စာအုပ်” လို့သုံးပြီး၊
over stayဆိုတဲ့ နေထိုင်ခွင့်သက်တမ်းကျော်လွန်သွားတာကိုတော့ “အိုသွားပြီ”၊ တခါ
တရံ “ဝလုံးဖြစ်သွားပြီ” လို့ သုံးနှုန်းပြောဆိုကြပါတယ်။

“သူ့စာအုပ်က ဝလုံးဖြစ်နေတာ ၂လတောင်ကျော်နေပြီလေ” လို့ သုံးကြပြောကြတာပေါ့။
တခါတရံ“စာအုပ်သက်တမ်းမရှိတော့ဘူး” လို့လည်း သုံးကြပြောကြပါတယ်။
ဒီစကားဝှက်ဗန်းစကားလေးတွေဟာ မြန်မာအချင်းချင်းပြောဆိုရာမှာ နားလည်လွယ်ကူစေ
သလို အဲဒီလူမျိုးတွေအရှေ့မှာလည်း အိနြေ္ဒမပျက် ခပ်တည်တည်နဲ့ ပြောဆိုလို့ရတာကြောင့်
အခုလို အသုံးများနေရတာလည်း ဖြစ်ပါတယ်။

ရေခြားမြေခြား အဆွယ်ဗန်းစကား
အဆွယ်ဗန်းစကားရဲ့သဘောက စကားလုံးအသစ်တွေကို လိုအပ်သလို တီထွင်သုံးစွဲတဲ့အခါ
မှာ တစုံတရာကို စွဲယူပြီး သုံးနှုန်းခြင်း၊ ပုံပမာသာဓကဆောင်ပြီး သုံးနှုန်းကြခြင်းသဘောပဲဖြစ်
ပါတယ်။ ဒီသဘောမျိုးဆောင်တဲ့ ဗန်းစကားလေးတွေကိုလည်း ရေခြားမြေခြားမြန်မာများ
အကြားမှာ တွေ့ရှိနိုင်ပါတယ်။

အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရလွန်းလို့ ပင်ပန်းတယ်၊ လက်ပန်းကျတယ် ဆိုတဲ့ သဘောကို
ပဲ“ပြဲတယ်” လို့တမျိုး “သေလို့ရတယ်” လို့တဖုံ “ပြိုင်းနေပြီ” အစရှိသလို သုံးကြတာကိုတွေ့
ရပါတယ်။

“တစ်ပတ်လုံး အလုပ်လုပ်ရတာပြဲလွန်းလို့ တရှိန်ထိုး ကစ်ပစ်လိုက်တယ်” ဆိုရာမှာ
“တရှိန်ထိုးကစ်”ဆိုတာက “တစ်ကျိုက်တည်းမေ့သောက်”တာကို ပြောတာပါ။ အရက်လည်း
ဖြစ်ချင်ဖြစ်မယ်၊ ရိုးရိုးသောက်ရေလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

“ရှေ့မှာ ဘူကောင်းတွေကွ၊ မင်းဝလုံးဖြစ်နေတာမဟုတ်လား၊ သိသွားလို့လှမ်းပေါက်ခံနေ
ရအုံးမယ်”
ဆိုတဲ့အသုံးလေးမှာ “ဘူကောင်တွေ” က “ဘူ” ဆိုတာက ဖဲကစားရာမှာ “လျော်ရ
တဲ့ဖဲ”၊ ဒါကိုပုံပမာဆောင်ပြီး “ဘူကောင်”ဆိုတာ “လျော်ဖဲ”၊ အဲဒါကိုထပ်ပြီး စကားလိမ်ပြု
လိုက်တော့ “ရဲဘော်”ဖြစ်၊ ဆိုလိုချင်တာက over stayဖြစ်နေတဲ့သူတွေကို လိုက်စစ်လိုက်
ဖမ်းနေတဲ့ ရဲတွေကို ပြောတာပါ။ “လှမ်းပေါက်ခံနေရအုံးမယ်” ဆိုတာက “အချင်းချင်း
သတင်းပေးခံနေရအုံးမယ်”လို့ ဆိုလိုတာပါ။

နောက်ပြီး အလုပ်ခွင်မှာ အန္တရာယ်ရှိနိုင်တယ်။ ဒုက္ခရောက်နိုင်တယ်လို့ သတိပေးရင်
“အဲဒီအလုပ်ကရှော့ရှိတယ်”၊ “ပျားတုပ်လိမ့်မယ်” လို့ မြန်မာအချင်းချင်းပြောဆိုသတိ
ပေးကြပါတယ်။

ကမ္ဘာ့စီးပွားရေးပျက်ကပ် ဆိုက်တဲ့အချိန်ဆိုတော့ တချို့လည်းအလုပ်ပြုတ်ကြ၊ တချို့ကို
လည်း အလုပ်ဖြုတ်ခံရတာတွေ တွေ့ကြုံကြရပါတယ်။
ဒီသဘောတွေကို ပြောဆိုလိုရင် အလုပ်ပြုတ်တာကိုတော့ “ခေါင်းပြုတ်”၊ မိမိအပြစ်တစ်ခု
ခုကြောင့်အလုပ်က အထုတ်ခံရတာကိုတော့ “ခေါင်းဖြတ်ခံရတယ်”လို့ ပြောဆိုသုံးနှုန်းကြ
ပါတယ်။

နောက်ပြီး အရေးကြီးတဲ့ လတ်တလော မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကိုတော့ “ဒေးဝမ်း”
လို့ခေါ်ကြပြီး နောက်တစ်နေ့အထိ ရွှေ့လို့ရတဲ့အလုပ်တွေကိုတော့ “ဒေးတူး”လို့ သုံးကြ
ပြောဆိုကြတာတွေလည်း ရှိပါတယ်။ ဒီလိုအဆွယ်ဗန်းစကားအသုံးတွေကလည်း နိုင်ငံရပ်
ခြားမှာတော့ သူ့နေရာနဲ့သူ အသုံးတွင်ကျယ်တာကိုတွေ့ရပါတယ်။

ရေခြားမြေခြား ဆိုရိုးဗန်းစကား
ရေခြားမြေခြားဆိုမှတော့ မိဝေးဖဝေး၊ ဆွေမျိုးညာတိမရှိဘဲ တစ်ယောက်တည်းရုန်းကြ
ကန်ကြရတာများပါတယ်။

တချို့က အဆင်ပြေမှ မိသားစုဆွေမျိုးတွေကို ခေါ်ယူတာမျိုးလည်း ရှိတော့ရှိပါတယ်။
ဒါပေမယ့် အားလုံးကတော့ သူများရေမြေသစ်မှာ ရုန်းကြကန်ကြရတာပါပဲ။
ဒီတော့ ဘာသာစကားမတူတဲ့ လူမျိုးအချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ သူငယ်ချင်းအချင်း
ချင်း လမ်းမှားမရောက်ကြရလေအောင် အပြန်အလှန်သတိပေးပြောဆိုကြရာက ဆိုရိုးဗန်း
စကားလေးတွေလည်း ပေါ်ပေါက်လာရပါတယ်။

“ရွှေမကျင်ရ”
“ဖားမရိုက်ရ”
“ငါးမဖမ်းရ”
“ငါးသောက်ရင် ပြားမှောက်သွားမယ်”
ဆိုတဲ့ ဗန်းစကားလေးတွေဟာ နိုင်ငံရပ်ခြားက မြန်မာတွေကြား တစ်ဦးကိုတစ်ဦး သတိပေး
ပြောဆိုကြရာက အသုံးတွင်ကျယ်လာပြီး ဆိုရိုးဖြစ်သွားရတဲ့ ဗန်းစကားလေးတွေပေါ့။ မြန်
မာတွေဟာ ကိုယ့်လူမျိုးကိုတော့ နာမ်စားအဖြစ် “ရွှေ”တွေလို့ သုံးကြပါတယ်။

“ရွှေမကျင်ရ” ဆိုတာကတော့ “မြန်မာမကို ရည်းစားမထားရ” လို့ ဆိုလိုတာပါ။ သဘောက
တော့ မြန်မာမတွေက တခြားလူမျိုးတွေလို အပျော်တွဲလို့မရဘူး။ ကိုယ့်လူမျိုးဓလေ့အရ လူ
သိရှင်ကြားတွဲပြီးရင် ယူရတယ် ဆိုတဲ့သဘောရှိတော့ အိမ်ထောင်တစ်ခုအတွက် အဆင်သင့်
မဖြစ်သေးရင် ဒါမှမဟုတ် အိမ်ထောင်မပြုချင်သေးရင် မြန်မာမကို အပျော်ရည်းစားသွားမထား
နဲ့ အတည်ယူရလိမ့်မယ်-လို့ ဆိုလိုတဲ့သဘောပါ။

“ဖားမရိုက်ရ”ဆိုတာကတော့ “ဖိလစ်ပိုင်မတွေနဲ့မတွဲမိစေနဲ့၊ ပိုက်ဆံကုန်တတ်ပြီး လိင်ကိစ္စကို
အလေးအနက်မထားတတ်လို့ ကျန်းမာရေးအတွက်လည်း အန္တရာယ်များနိုင်တယ်”လို့ သတိ
ပေးပြောဆိုကြတာပါ။

“ငါးမဖမ်းရ”ဆိုတဲ့သဘောက “ချောင်းဆိုပျောက်ဆေးရည်ကိုမူးယစ်ဆေးနဲ့တွဲပြီးမသုံးရ”လို့
ပြောကြတာပါ။

အဲဒါကိုစွဲသွားခဲ့ရင် ရှာထားစုဆောင်းထားတဲ့ငွေတွေ အလဟဿကုန်မယ်ပေါ့။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီးပင်ပန်းရင် ယောင်္ကျားလေးတွေရဲ့သဘာဝ ယမကာလေး
သောက်လိုကြတယ်။ သောက်ချင်ကြတယ်လေ။ ဒါပေမယ့် အရက်ဖိုးက ဒေါ်လာ ၂၀နဲ့၃၀
ကြားမှာ ပေးရလေ့ရှိတော့ တချို့ကချက်ပြုတ်တဲ့ဟင်းတွေထဲမှာပဲ အသားပူအောင်ထည့်တဲ့
ဆေးလေးတွေကို ရေနဲ့သောက်ကြတယ်။

အဲဒီဆေးသောက်ပြီးလို့ မူးတာက ရေမရောတဲ့ ဝီစကီပြင်းပြင်းတစ်ခွက်နဲ့ညီမျှပါသတဲ့။
ဒီတော့ ဈေးနှုန်းသက်သာလို့ အရက်အစား အဲဒီဆေးပြားလေးကို အစားထိုးသောက်လာကြ
တာ များပါတယ်။ အဲဒါကို “ငါးသောက်တယ်”လို့ သုံးပါတယ်။ ငါးသောက်ရင် လူတွေလည်း
ဖောကုန် ဝကုန်လာကြတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးထိခိုက်နိုင်သလို ပိုက်
ဆံလည်းအပိုကုန်နိုင်လို့ မြန်မာတွေအချင်းချင်းက “ငါးသောက်ရင် ပြားမှောက်သွားမယ်” ဆို
ပြီး သတိပေးတားမြစ်လာကြပါတယ်။

သဘောကတော့ “အဲဒီဆေးစွဲသွားရင် ဘဝဟာ ပြားပြားမှောက်ပြီး ဆုံးသွားလိမ့်မယ်” လို့ ဆို
လိုတာပါ။ ရေခြားမြေခြားမှာ အခုလို အချင်းချင်း သတိပေးပြောဆိုကြတဲ့ဆိုရိုးဗန်းစကားလေး
တွေဟာ သတိပြုမိစရာကောင်းသလို မြန်မာအချင်းချင်း နွေးထွေးမှုရှိတဲ့လူနေမှုဓလေ့လေးကို
ထင်ဟပ်ဖော်ပြနေပါတယ်။

ရေခြားမြေခြား နောက်ပြောင်သုံး၊ အရွှန်းနဲ့ တင်စားဗန်းစကား
ဒီလိုဗန်းစကားလေးတွေကိုလည်း နိုင်ငံရပ်ခြား မြန်မာများအကြားမှာ ကြားရတွေ့ရနိုင်ပါတယ်။
တချို့ဗန်းစကားလေးတွေဟာ အချင်းချင်းနောက်ပြောပြီး သုံးကြရာက အသုံးတွင်ကျယ်လာရ
သလို တချို့လူငယ်လေးတွေကျတော့ အရွှန်းဖောက်တီထွင်ပြီးသုံးကြရာက စကားလုံးအသစ်
လေးတွေအလိုအလျောက် ပေါ်ပေါက်လာပြန်ပါတယ်။ တခါတလေကျတော့လည်း တိုက်ရိုက်
မပြောဆိုဘဲ တင်စားပြီးပြောဆိုသုံးနှုန်းတဲ့ ဗန်းစကားလေးတွေကိုလည်း တွေ့ရှိရပါတယ်။
“အိုက်တိုပဂေးစံ”ဆိုတဲ့အသုံးဆိုရင် မြန်မာစကားလိမ်အသုံးလေးပါ။ “အိုးတိုက်ပန်းကန်ဆေး
အလုပ်”ကို နောက်ပြောင်အရွှန်းဖောက်ပြီးပြောကြရာက တွင်ကျယ်လာတဲ့စကားလုံးလေးပေါ့။
ဂျပန်နိုင်ငံမှာတော့ “Yasumi” ဆိုတဲ့ ဂျပန်စကားအဓိပ္ပါယ်က “အားလပ်ရက်” ကိုပြောတာပါ။

အဲဒီစကားလုံးကို အစွဲပြုပြီး မြန်မာတွေက “မင်းဒီနေ့ယာရက်လား?”လို့ သုံးကြပါတယ်။
“ဒီနေ့အားလပ်ရက်လား?” လို့မေးတာပါ။

“ငါတော့ ကွန်ဆင်းနေရလို့ မယာနိုင်တော့ဘူး” ဒီအသုံးလေးက “ကွန်ဆင်း”ဆိုတာက
“ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ဆင်းတာ”ကို ပြောတာပါ။

နောက်ပြီး “အလုပ်ရချင်တဲ့သူနဲ့ အလုပ်ပေးနိုင်မယ့်သူဌေးနဲ့ တွေ့ဆုံပေးခြင်း” ဆိုတဲ့သဘောကို
“တေ့ပေး”၊ နိုင်ငံတစ်နိုင်ငံကို အလည်အပတ်ဗီဇာနဲ့ရောက်လာပြီး သက်တမ်းစေ့ပေမယ့်
မပြန်ချင်သေးရင်၊ နေချင် အလုပ်လုပ်ချင်သေးရင်တော့ “မင်းမပြန်ချင်သေးရင်တော့ ခုန်ဆင်း
လိုက်ပေါ့ကွာ”လို့ သုံးကြပါတယ်။
တခါတလေတော့ “ခုန်ချလိုက်”လို့လည်း သုံးကြပါတယ်။

“စာအုပ်အိုမဖြစ်ခင်သွားပြီး တုံးထုလိုက်ကွာ” ဆိုတဲ့အသုံးက “တုံးထု” ဆိုတာက သံရုံးမှာ
ဗီဇာသက်တမ်းအတွက် တရားဝင်တံဆိပ်ရိုက်တုံးထုတာကို ပြောတာပါ။

နောက်ပြီး တချို့မြန်မာတွေအချင်းချင်း ငွေချေးမှာစိုးလို့ မြန်မာတွေနဲ့မပေါင်းဘဲ ခပ်ဝေးဝေး
ရှောင်လေ့ရှိတဲ့သူတွေကိုတော့ “ပေသီး မာစတာတွေ” လို့ သုံးတာကိုတွေ့ရပါတယ်။
ဒီစကားလုံးလေးဖြစ်လာပုံကလည်း စိတ်ဝင်စားစရာပါ။ မြန်မာတွေက ကပ်စေးနှဲတာကို
“ပေခေါက်တယ်”လို့ သုံးကြပါတယ်။

ကပ်စေးနှဲတဲ့သူကိုတော့ “ပေသီး”လို့သုံးပြီး အရမ်းကိုကပ်စေးနှဲတဲ့သူ၊ ကော်တရာကပ်စေးကို
တော့ “ပေသီးမာစတာ”လို့ တင်စားသုံးကြရာက ဒီအသုံးလေးက တွင်ကျယ်လာတာပါ။
ရေခြားမြေခြားမှာသုံးနေတဲ့ မြန်မာတွေရဲ့ ဗန်းစကားလေးတွေဟာ စကားဝှက်ဗန်းစကား၊
အဆွယ်ဗန်းစကား၊ ဆိုရိုးဗန်းစကား၊ အရွှန်းနဲ့နောက်ပြောင်သုံးဗန်းစကား၊ တင်စားဗန်းစကား
ရယ်လို့ အမယ်စုံလင်လှပါတယ်။ ဒီစကားလုံးလေးတွေဟာလည်း မှတ်တမ်းမှတ်ရာနည်းပါးတဲ့
အတွက် အနက်အဓိပ္ပါယ်နဲ့တကွ စာရင်းပြုစုထားဖို့ လိုအပ်လှပါတယ်။

မြန်မာဘာသာစကားဟာ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်လို့ အလွှာလိုက် နေရာဒေသ
အလိုက် အခြေအနေအရ အသစ်အသစ်တွေတိုးပွားနေဆဲပါ။

ဒီဆောင်းပါးမှာဖော်ပြခဲ့တဲ့ ရေခြားမြေခြားဗန်းစကား ကဏ္ဍလေးဟာလည်း စိတ်ဝင်စားစရာ
ကောင်းပြီး မှတ်တမ်းတင်လေ့လာထိုက်တဲ့ ဘာသာစကားနယ်ပယ်တစ်ခုဖြစ်ကြောင်း တင်ပြ
ရင်း ဒီအထဲမှာ မပါဝင်သေးတဲ့ ရေခြားမြေခြားဗန်းစကားဝေါဟာရအသစ်လေးတွေကိုလည်း
ဖြည့်စွက်အကြံပေးကြပါဦးလို့.....။

ဖြူဖြူဝင်း(မြန်မာစာ)
ကိုးကားစာရင်းစု............
မြန်မာစာပေအဆီအနှစ်၊ လှသမိန်၊ ၁၉၇၃ မတ်လ။
မန္တလေးနိုင်ငံခြားတက္ကသိုလ်၊ နှစ်လည်မဂ္ဂဇင်း၊ ၂၀၀၅။
မန္တလေးအထင်ကရမဂ္ဂဇင်း၊ အတွဲ၂၊ အမှတ်၁၊ ၂၀၀၉ စက်တင်ဘာ။

5 comments:

  1. ဆရာမရေ မေလေးတောင် ခုမှ ဒိလောက်သိတယ်။ ကျေးဇူးပါ ဆရာမ။ တချို့ဗန်းစကားတွေ ကိုယ့်ရှေ့မှာ လာပြောနေရင် နားမဝင်တတ်တဲ့မေလေးက ကိုယ်နဲ့သူ အပြန်အလှန် အသုံးတည့်နေတတ်တဲ့ ကိုယ့်လူမျိုးချင်းပဲ သိတဲ့ ဗန်းစကားမျိုးကျတော့ နှစ်ခြိုက်ပါတယ်။ မေလေး သိပ်မသိတာမို့ နောက်ထပ် မပြောတတ်ပါဘူး။ ဆရာမ ရေးထားတာလေးပဲ မှတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်နော် ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  2. မှတ်သွားပါတယ်...

    ReplyDelete
  3. မြန်မာစာ မြန်မာစကားနှင့် ပက်သက်ပြီး ဗဟုသုတရစေတဲ့ ပို့စ်တစ်ခုကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။

    ReplyDelete
  4. ဆရာမရေ...ထပ်ဖတ်ရပြန်ပြီပေါ့နော်...ကျွန်တော်လဲ ဆရာမကို အားကျပြီး ဗန်းစကားနဲ့ ပက်သက်လို့ ရေးဘို့ရှိတယ်ဗျာ...အခုတော့ ဆရာမရဲ့ ပို့စ်လေးကို အားပေးသွားပါတယ်...တော်တော်စုံစုံလင်လင် သိရဖတ်ရပါတယ် ဆရာမရေ...။

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်

    ReplyDelete