နေရာသစ်ဆီသို့

သူ့ရှေ့က အောက်ခံကျောက်စရစ်ခဲသေးသေးလေးတွေပေါ်နေတဲ့ လမ်းမပေါ်မှာ ခပ်ခြောက်ခြောက် ရွက်ရော်လေးတွေ အဓိပ္ပါယ်မဲ့ လေလွင့်နေကြလေရဲ့။ ရှေ့ခပ်လှမ်းလှမ်းမှာတော့ “မစားဖူးရင် ဝါးကြည့်၊ မချစ်ဖူးရင် ချစ်ကြည့်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကြွားကြွားကြီး ထောင်ပြီး ချိတ်ဆွဲထားတဲ့ အချဉ်ပေါင်းထည့်လှည်းလေးဘေးမှာ မောင်မောင်သယ်လေးတစ်ယောက် ခပ်ငေါင်ငေါင်နဲ့ ထိုင်နေတယ်။ စားသုံးသူ ဘုစုခရုမလေးတွေကို မျှော်နေတာလည်း ဖြစ်နိုင်တယ်။ သူ စိတ်ညစ်ညစ်နဲ့ ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး အဝေးတစ်နေရာကို ပစ်ထည့်လိုက်တယ်။

အခု သူရွာပြန်မလား ဒီမှာဆက်နေပြီး အလုပ်ဆက်ရှာရမလား? အတွေးချာချာလည်နေပြီ။ သူက သူ့ခံစားချက်နဲ့ဝါသနာကို ဦးစားပေးတတ်သူလေ။ ဒါကြောင့် သူ့စိတ်နဲ့မတွေ့လို့ကတော့ ယောက်ျားတန်မဲ့ ရရာအလုပ်လုပ်မယ့်သူမဟုတ်ဘူး။

သူဝါသနာပါတဲ့အလုပ်ကတော့ အခုလေးတင်ပဲ ပြုတ်ခဲ့ရပြီ။ နောင်ကို ဒီအလုပ်ကို ပြန်ရဖို့က လွယ်မှာမဟုတ်။ ရွာပြန်ရင်ကော ရှိတဲ့အလုပ်ကို သူလုပ်မလား? သူတို့အိမ်က ဘိုးဘွားတွေပိုင်ခဲ့တဲ့ လယ်မြေတွေက အခု အလုပ်မဖြစ်တော့လို့ ဗိုက်နာတဲ့ဈေးနဲ့ ရောင်းပစ်လိုက်ပြီလေ။ အဖေက ဒေါ်လှကြည်နှစ်စီးပြန်ဝယ်ထားပြီး ရွာကနေ ၇မိုင်ကျော် ဝေးတဲ့ ပုပ္ပါားမြို့က ကားဂိတ်နဲ့ ရွာကို ခေါက်တုံ့ခေါက်ပြန်ဆွဲပေးတဲ့အလုပ် လုပ်စားနေရတော့ သူပြန်ရင် ဒေါ်လှကြည်ပဲ မောင်းပေးရမှာ သေချာတယ်။ ဒါမျိုးနဲ့ သူနဲ့တန်ပါ့မလား။ သူက မြို့သွား တက္ကသိုလ်တက် ကျောင်းပြီးထားတဲ့ ဘွဲ့ရပညာတတ် တစ်ယောက်ဥစ္စာကို။

သူဆယ်တန်းအောင်တုန်းက အိမ်က နည်းနည်းချောင်သေးတော့ နီးနီးနားနား ပခုက္ကူတက္ကသိုလ်မတက်ခဲ့ဘဲ ချော်တော့ငေါ့ပြီး မန္တလေး ရတနာပုံတက္ကသိုလ်ကို သွားတက်ခဲ့တဲ့အကောင်။ အမေကတော့ အခုချွတ်ခြုံကျမှ တဖျစ်တောက်တောက်နဲ့ သူတို့တတွေ စီးပွားရေးမပြေလည်ရတာဟာ သူ အခုလို မြို့ကြီးပြကြီးမှာ ကျောင်းသွားတက်ခဲ့တာလည်း ပါသလိုလို တရားခံကို ကြံဖန်ရှာပြီး ပြော ပြောနေလေရဲ့။ သူသာပြန်သွားရင် ဒီဓာတ်ပြားအဟောင်းကြီးကိုပဲ ပြန်ဖွင့်နေအုံးမှာ။ ဘွဲ့ရတာ ဘာမှ အားမကိုးရဘူးတို့ ၊ နင်တို့ဘွဲ့က ငါ့ဒေါ်လှကြည်လောက်တောင် အသုံးမကျဘူးတို့၊ ဒါ-ဒါ ချင်းအတူတူ မြို့ကြီးပြကြီးသွား ကျောင်းတက်တော့ ပိုကုန်ခဲ့ရတယ်တို့ လာပါလိမ့်မယ်..... ပြီးမှာကို မဟုတ်ဘူး။

“ဟူး.........”

သူ သက်ပြင်းရှည်ကြီးကို ချပြီး လောလောဆယ် သူရွာကို ချက်ချင်းမပြန်သေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့လက်ထဲမှာ အလုပ်ထုတ်ခံရလို့ နစ်နာကြေးအဖြစ်ပေးတဲ့ လစာ နှစ်လစာကျန်သေးတယ်လေ။ ဒါလေးကို ခြစ်ကုပ်ပြီးသုံးရင် နောက်ထပ်တစ်လလောက်တော့ သူ ဒီမှာဆက်နေလို့ရသေးတယ်။

+++++++++++++++++++++

သူ အလုပ်ပြုတ်မယ့်သာ ပြုတ်တာပါ။ ဒီနှစ်ပိုင်းတွေအတွင်း သူရထားတဲ့အလုပ်လေးဟာ သူ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တာမို့ တက်ကြွပြီး ရင်းနှီးခဲ့ရတာတွေကို သူကိုယ်တိုင်ပဲသိတယ်လေ။ သူစာတွေပိုဖတ်ခဲ့တယ်။ လိုတဲ့စာအုပ်တွေဝယ်ပြီး စာဝမ်းစာကို ပိုဖြည့်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ----- တွေးရင်း ဝမ်းနည်းလာရတယ်။ ဘာမှ ဆက်လုပ်စရာမရှိတာနဲ့ အခုလို လမ်းဘေးမှာ လာထိုင်နေတာ။ အလုပ်ဖြုတ်ခံလိုက်ရပေမယ့် သူ့အရည်အချင်းကို သူဘယ်တော့မှ သံသယမဖြစ်ပါဘူး။ ဒီမှာနေနိုင်သေးတဲ့ တစ်လအတွင်း နောက်အလုပ်သစ်တစ်ခုရဖို့အတွက် သူထပ်ကြိုးစားရမှာပေါ့။

“ဟာ - ဟေ့ကောင် မင်း မင်း သပြေနုက ဇင်လင်းမဟုတ်လား? ငါက မင်းတို့ရွာနဲ့ကပ်ရက် ကျောက်ထုံးကြီးက ထင်ရှားလေကွာ မှတ်မိလား?”

စိတ်ညစ်ညစ်နဲ့ ဦးတည်ရာမဲ့ ငေးကောင်းနေတုန်း ဆွေမျိုးလာစပ်တဲ့သူနဲ့ တွေ့နေပြန်ပြီလေ။ သူ အသံလာရာကို ကြည့်လိုက်တော့မှ သူတို့က အပုန်းကောင်လို့ နောက်ပြီး နာမည်ဝှက်ခေါ်ခဲ့ဖူးတဲ့ ရှိုးခပ်များများနဲ့ ထင်ရှားဆိုတဲ့အကောင်မှန်း သူတန်းမှတ်မိလိုက်တယ်။ ဖုန်ထဲ နေပူထဲနေရတဲ့ သူတို့လိုနယ်ဖက်တွေနဲ့ မလိုက်အောင် ရှိုးများပြီး သပ်သပ်ရပ်ရပ်နေလွန်းလို့ သူ့ကိုယောက်ျားမပီသဘူး ဆိုပြီး အမြင်ကပ်ကပ်နဲ့ အပုန်းကောင်လို့ ကင်ပွန်းတပ်ထားကြတာလေ။

“သြော် ထင်ရှား၊ မင်းကလည်း အချင်းချင်းပဲ မှတ်မိပါတယ်ကွာ၊ ဒီကိုဘာလာလုပ်တာလဲ?”

သူမေးလိုက်ကာမှ သူ့ထက်ပြင်းတဲ့ သက်ပြင်းရှည်ကြီးကိုချရင်း ဘေးကလွတ်နေတဲ့ နေရာမှာ ဝင်ထိုင်လိုက်တယ်လေ။

“ဟူး.........အလုပ်တွေ လုပ်လိုက်ရတာကွာ၊ အချိန်ပိုဆိုလည်း ဆင်းရ၊ ဟိုသွားဆိုလည်း သွားခဲ့၊ စိတ်လျှော့ဆိုလည်း လျှော့ရ၊ အူကြောင်ကြောင်စကားလုံးတွေနဲ့ ဟန်လုပ်နှုတ်ဆက်ဆိုလည်း နှုတ်ဆက်ရ၊ ပြုံးရ၊ မတော်တရော် အသားအရည်နဲ့ အကျင်္ီ အရောင်အသွေးနဲ့ မလိုက်ဖက်လည်း သိပ်ကြည့်ကောင်းတာပဲ ဘာညာနဲ့ မုသားတွေလည်း သုံးလို သုံးရနဲ့။ အဲဒီအတွက် ရလာဒ်ကတော့ ငါအခု အလုပ်ပြုတ်ခဲ့ပြီလေကွာ။ ဟေ့ကောင်- ငါ့ကို အဲလိုကြီး ကြည့်မနေနဲ့ ငါ့အပြစ်မဟုတ်ဘူးကွ။ သူဌေးက လုပ်ငန်းဆက်လည်ပတ်ဖို့ အတွက် ငွေဘယ်လိုမှ မလည်ပတ်နိုင်တော့လို့ ဆိုပြီး ဝိတ်လျှော့ချင်တာလေ။ ငါတို့ ယောင်္ကျားလေးသုံးယောက်ကို အရင် လျှပ်တပြက် စာမေးပွဲစစ်မတဲ့ကွာ။ အဲဒါခေါ်စစ်ပြီး မအောင်ရင်တော့ အလုပ်က အနားပေးရမတဲ့။ ငါတို့ကို အလုပ်ဖြုတ်လိုက်ကြောင်း ပြောရင်း သူ့ကိုအပြစ်မမြင်စေလိုကြောင်း ငွေကြေးအခက်အခဲကြောင့် ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောတာကွ။ ငါတို့ကတောင် သူ့ကို ပိုက်ဆံ ချေးပေးရမယ့်ပုံနဲ့ဆိုတော့ ဘာမှ မတတ်နိုင်ဘူးလေကွာ။ ဟာ----စိတ်ပျက်ပါတယ်ကွာ။”

ထင်ရှားစကားကို သူ နားမလည်လို့ မျက်ခုံးတွန့်လိုက်ရင်းက

“ဟ- မင်းဟာက အဆန်းပါလား။ အလုပ်ဖြုတ်ချင်လို့စစ်တဲ့ လျှပ်တပြက်စာမေးပွဲတဲ့။ တစ်ခါမျှမကြားဖူးပါဘူး။ ဟားဟား ပြောစမ်းပါအုံးကွာ။ ဘာတွေစစ်တာလဲ?”

မေးလိုက်ရင်းက သူ ခုနက စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ နည်းနည်းလျှော့သွားပြီး အပျင်းဖြေစရာတစ်ခု ဖြစ်လာရတယ်လေ။ ထင်ရှားက ဂိုက်ဆိုက်မိမိ ထောင်ပြီးသားဆံပင်ကို လက်နဲ့ထိုးဖွလိုက်ပြီး သူ့ကို ရှင်းပြဖို့ ဟန်ပြင်လိုက်တယ်။ ဒီကောင် အဲဒီလိုအိုက်တင်များလို့ အပုန်းကောင်လို့ သူတို့က အမြင်ကပ်ကပ်နဲ့ နာမည်ပေးလိုက်ကြတာလေ။ ဒါပေမယ့် သူ အခုလို ရှိုးများတတ် နေတတ်ထိုင်တတ်လို့လည်း မန္တလေးမြို့ကြီးက နိုင်ငံခြားနာမည်ကြီးတံဆိပ် ဖက်ရှင်ဆိုင်တစ်ခုမှာ အရောင်းစာရေးအဖြစ် အလုပ်ရခဲ့တာပေါ့။ ကျောင်းပြီးပြီးချင်း သူတို့ထက်အရင် အလုပ်ရခဲ့တဲ့ ထင်ရှားက အလုပ်လုပ်နေရလို့ သူတို့ကို သတိမထားမိပေမယ့် ဖိုသီဖတ်သီနဲ့ အလုပ်ရှာနေတဲ့ သူတို့တတွေကတော့ ဒီကောင့်ကို အားကျခဲ့ရတာပေါ့။ လုပ်ရတာကလည်း နာမည်ကြီး ရှော့ပင်းမောကြီး တစ်ခုထဲက အဲယားကွန်းတပ် အခန်းထဲမှာ။ တစ်ခါတလေဆို အဲဒီကုမ္ပဏီက သူ့ဝန်ထမ်းတွေကို အလကားပေးတဲ့ အပြန်စား အင်္ကျီ ဘောင်းဘီတွေကို ကျော့ကျော့လေး ဝတ်လို့ပေါ့။ အရိပ်ထဲမှာလုပ်ရလို့လည်း ဒီကောင့်ကြည့်ရတာ အသားတောင် ပိုဖြူလာသလိုလို။
နောက်တော့ သူလည်း အလုပ်ရသွားတာနဲ့ ဒီကောင်ကို မေ့တေ့တေ့ဖြစ်နေတာ။ အခု ဒီကောင်လည်း သူနဲ့ ဘဝတူဖြစ်နေရှာလေရဲ့။

“ပြောရရင်တော့ သူတို့စစ်တဲ့စာမေးပွဲက ဘာမှ ပညာမပါပါဘူးကွာ။ ဟားဟား အဲဒီ ပညာမပါတဲ့ မေးခွန်းကို ငါကလည်း မဖြေနိုင်ခဲ့တာကွ။ ဖြေနိုင်လည်း အနှေးနဲ့အမြန်တော့ အဖြုတ်ခံရမှာပါကွာ။ သူဌေးက တခြားလုပ်ငန်းတွေကိုပဲ တိုးချဲ့လုပ်တော့မှာတဲ့။ ဒီ ဖက်ရှင် အင်္ကျီအရောင်းအဝယ်လုပ်ငန်းက ဒီနှစ်ပိုင်းတွေမှာ အရောင်းထိုင်းလာတော့ သူ့လုပ်ငန်းတွေထဲက အရှုံးပေါ်ဆုံး လုပ်ငန်းကို ရွေးဖြုတ်ဖို့လုပ်တာ ငါတို့လုပ်နေတဲ့ဟာ ဖြစ်နေတာကွ။ ကံဆိုးပါတယ်ကွာ”

“ဟ- မင်းတို့က သူ့မှာရှိတဲ့ တခြားလုပ်ငန်းတစ်ခုခုမှာ ပြန်ခန့်ပေးဖို့ ပြောပေါ့ကွ”

“ငါတို့လည်း အဲလို တောင်းဆိုတာပေါ့ကွာ။ ဘယ်နေလိမ့်မလဲ။ ခက်တာက တခြား သူပိုင်တဲ့ လုပ်ငန်းတွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကွ။ ဒီအပိုင်းကိုကျ ငါတို့ဝင်လုပ်လို့လည်း မဖြစ်ဘူးလေ။ အုတ်ကျိုးလောက်ပဲ သယ်တတ်မှာကိုးကွ။ ဒါမျိုးတော့လည်း မလုပ်ချင်ဘူးကွာ။ အဲဒီလုပ်ငန်းတွေမှာလည်း ဒို့သူဌေးက အရှုံးပေါ်နေတာပဲတဲ့ကွ”

“ဟူး---- မလွယ်ပါလားနော်။ မင်းတို့ကို နစ်နာကြေးပေးသလား? နေပါအုံး မင်းပြောတဲ့ အလုပ်ဖြုတ်မေးခွန်းဆိုတာက ဘာတွေမေးတာလဲကွ”

“ရော---သူ့မှာ ပိုက်ဆံမရှိတော့လို့ လုပ်ငန်းမလည်ပတ်နိုင်လို့ပါ ဆိုမှ နစ်နာကြေးဆိုတာ ပေးပါလိမ့်မယ်။ အခုလအတွက်ကိုပဲ လမကုန်သေးပေမယ့် အပြည့်ပေးလိုက်တာကွ။ ၁၆ရက်စာလောက်တော့ ပိုပေးလိုက်တဲ့သဘောပေါ့ကွာ။ ငါတို့က အဲလို တောင်းဆိုဖို့ နေနေသာသာ သူ့တောင် ပြန်နှစ်သိမ့်ရမယ့်ပုံပဲကွ။ အလုပ်လုပ်တုန်းကလည်း သူက တခြားသူဌေးတွေလို ငါတို့ကို မောက်မောက် မာမာ အထက်စီးနင်းနဲ့ ဆက်ဆံတာမျိုးမဟုတ်ခဲ့တော့ အခုလို တောင်းတောင်းပန်ပန်နဲ့ပြောလာတော့ ငါတို့ကတောင် သူ့ပြန်သနားနေကြတာကွ။”


ဒီကောင့်ကို အပုန်းကြီးလို့ ခေါ်ခဲ့ပေမယ့် အခုလို စကားပြောကြည့်တော့လည်း ယောင်္ကျားပီသသား။ သူ နောက်ထပ်သိချင်နေတဲ့ မေးခွန်းကို ဒီကောင် အခုထိမဖြေရသေးလို့ စကားထောက်ပေးလိုက်တယ်။

“ဟေ့ကောင် မင်း ငါမေးတာ မဖြေရသေးဘူးလေကွာ။ အလုပ်ဖြုတ်မေးခွန်းအကြောင်း”

သူလည်း ပျင်းပျင်းရှိတာနဲ့ လေကြောရှည်အောင် ထောက်ပေးနေတုန်း အလိုက်ကမ်းဆိုးမသိတဲ့ ဂျာနယ်ရောင်းတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး

“အစ်ကိုတို့ အားပေးပါအုံးဗျာ။ ဒါ ဒီမနက်ထွက်တဲ့ အင်အား။ ဘောလုံးအကြောင်း အကုန်ရော အစင်ရော ပါတယ်။ အာကြီးတွေရဲ့ ကတ္တီပါလမ်းခွဲအကြောင်း၊ ပရီးမီးယား အမှတ်ပေးဇယားအသေးစိတ်၊ ရွန်နေးရဲ့ အချစ်သစ်။ ဟဲဟဲ လုပ်ပါအုံးဗျာ ကျနော် ဈေးဦးမပေါက်သေးလို့ပါ”

“အရေးထဲကွာ။ ဒီမှာ အလုပ်ဖြုတ်ခံရလို့ ပြတ်နေပါတယ်ဆိုမှ။ ခါတိုင်းတော့ ငါ ဒီဂျာနယ်ကို တစ်ပတ်တစ်စောင်တော့ ယူတယ်ကွ။ အခုတော့ ငါလည်း ဝိတ်လျှော့ရတော့မယ်ကွာ။”


ထင်ရှားက သူ့ကို ဒီလိုပြောရင်း

“ဒီမှာ ငါ့ညီရေ အစ်ကိုတောင် မင်းဆီက ပိုက်ဆံချေးရမယ့်ပုံ ပေါက်နေလို့။ မဝယ်နိုင်ပါဘူးကွာ။ အာကြီးတွေ ပရီးမီးယားတွေလည်း စိတ်မဝင်စားအားတော့ပါဘူး။ သွားပါအုံးကွာ။”

ကောင်လေး စိတ်ပျက်လက်ပျက်နဲ့ ဂျာနယ်တွေ တပွေ့ကြီး ပိုက်ပြီး ထွက်သွားတယ်။

“အလုပ်ဖြုတ်မေးခွန်းက ငါ ညံ့တာပါကွာ။ ပြောရရင် ရှက်စရာကြီးပေမယ့် ငါ့လိုပဲ ဟိုနှစ်ကောင်လည်း မဖြေနိုင်ကြဘူးကွ။ ဘာမေးတာလဲ ဆိုတော့ ငါယူထားတဲ့ ဘွဲ့အရှည်ကောက်နဲ့ မေဂျာရဲ့ စာလုံးပေါင်းကို ပထမမေးတာကွ။ အဟီး ဟို ငါ ငါလည်း ကျောင်းပြီးကတည်းက အလုပ်တန်းဝင်တာရော ပညာရေးနဲ့ အဆက်အသွယ်ပြတ်နေတာရောကြောင့် ယောင်ဝါးဝါးဖြစ်သွားတယ်ကွာ။ မသိတော့ဘူး.”

သူ ထင်ရှားအပြောကြောင့် အံ့သြတကြီးဖြစ်သွားပြီး

“ဟာ- မင်း အဲဒါတော့ ညံ့တာပေါ့ကွာ။ နေပါအုံး မင်းက ဘာနဲ့ဘွဲ့ရထားတာလဲ”
“ငါက ဟို ဇူးကွာ ဇူး ဇူး။ Zoo ဇူး ဒါပဲ သိတာကွ။ အဟီး အပြည့်တောင် မပေါင်းတတ်တော့ဘူး။ နောက်ပြီး ဘီအက်စီရဲ့ အရှည်ကောက်၊ ဒါလည်း ဝိုးတဝါးပေါ့ကွာ။ ချက်ချင်းမဖြေနိုင်ဘူး။ ဒါပေမယ့် အဲဒါကိုတော့ ငါအဆောင်ပြန်ရောက်မှ ပြန်သတိရတာကွ။ ဘတ်ချလားအော့ ဆိုင်းရင့်လေ။ ဟုတ်တယ်မဟုတ်လား? ဒါလေးနဲ့ ငါခံလာရတာကွာ”


သူ မိုးပေါ်ကို ခေါင်းလှန်မော့ပြီး ရယ်ရင်း

“ဟား ဟား ---- နည်းသေးတယ်ကွာ။ ဒီ့ထက်ပိုပြီး အပြစ်ပေးသင့်တာ။ နေပါအုံး ကျန်တဲ့နှစ်ယောက်ကရောကွာ။ ဘာတွေမေးလို့ မင်းနဲ့တန်းတူ ဖြစ်သွားရတာလဲ”

“သူတို့ကိုလည်း ငါ့လိုပဲ မေးတာကွ။ ခက်တာက ငါတို့အားလုံးက ဘာမေးမယ်ဆိုတာ ကြိုမသိထားကြတာလည်း ပါပါတယ်ကွာ။ ဒါကြောင့် ကြောင်သွားကြတာလည်း ဖြစ်မှာပါ။ ငါဆို အဆောင်ရောက်တာနဲ့ ပြန်သတိရသားပဲကွ။ ကွက်ရှင် ကြို မအောက်ထားလို့ပါ။ ဟဲဟဲ။ ဟိုနှစ်ကောင်က ပိုဆိုးတယ်ကွ။ သူတို့ယူထားတာ တစ်ယောက်က ဘိုင်အိုတက်ဆိုလား။ နောက်တစ်ယောက်က ဘစ်ဇစ်နက် အက်မစ်နစ် စတေးရှင်းဆိုလား ငါ့ဟာထက်တောင် ခက်သေးလေ။ ဒါတွေကို စာလုံးပေါင်းခိုင်းတော့ ဒီကောင်တွေလည်း ဘယ်ရမလဲကွာ။ သူဌေးက ငါတို့ကို မမေးခင် အခွင့်အရေးပေးပါတယ်။ ဖြေနိုင်ရင် တခြားလုပ်ငန်းတစ်ခုခုမှာ မလိုလည်း ကြည့်ထည့်ပေးမယ်ပေါ့ကွာ။ ငါတို့ကိုကလည်း မဖြေနိုင်တာပါ။”

“မင်းတို့ကတော့ ဖြစ်ရမယ်။ ဘာပဲပြောပြော ဒါလောက်လေးတော့ ပေါင်းတတ်ရမှာပေါ့ကွာ။
Bachelor of Science , Bachelor of Arts, Business Administration, Bio Technology, Zoology ကဲ ဒီလောက်လေးပဲဟာကို”


သူတို့တတွေ မပေါင်းနိုင်တဲ့ဟာကို သူ သမားဂုဏ်ပြ အကောင်လုပ်ပြီး ပေါင်းပြလိုက်တယ်။ အမယ် တောသားက မလျှော့ဘူးဗျာ။

“ဟာ ငါလည်းသိပါတယ်ကွ။ ရုတ်ရက်မို့ပါ။ ဟိုကောင်တွေလည်း အဲလိုပါပဲ။ မင်းကလည်း။ နေပါအုံး မင်းက ငါ့ချည်းမေးနေ။ မင်းလည်း အလုပ်လုပ်နေတာမဟုတ်လား။ အခု ဒီကန်တော်ကြီးထဲမှာ အလုပ်ချိန်ကြီး တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ?”

သူများ သွားကောနေရာက မြှားဦးက သူ့ဖက်ကို လှည့်လာပြီလေ။ ဒါပေမယ့် သူအလုပ်ပြုတ်တာက သူတို့တွေလိုမဟုတ်တော့ ပြောပြရဲပါတယ်။ သူညံ့လို့မှ မဟုတ်ဘဲကိုး။

“အင်း ငါလည်းပြောရရင် မင်းလို အလုပ်ပြုတ်လာတာကွာ။ ဒါပေမယ့် ငါညံ့လို့တော့ မဟုတ်ဘူးကွ။ အများနဲ့ ခံရတာ။ ငါလုပ်တဲ့ ပရိုက်ဗိတ်အင်တာနေရှင်နယ်စကူးကလည်း ဘော့စ်က သိပ်မကိုက်လို့ ဝိတ်လျှော့ချင်တာ။ အဲဒါ ခန့်ထားတဲ့ ဝန်ထမ်းတွေ များနေလို့ လျှော့မယ်လုပ်တော့ ယောင်္ကျားနဲ့ မိန်းမမှာ ဆရာမတွေကိုပဲ ထားပြီး ဆရာတွေကို လျှော့တာဆိုတော့ ငါက အဲဒီအထဲ ပါသွားရတာပေါ့ကွာ။ ဒါပေမယ့် မင်းတို့လိုတော့ မဟုတ်ဘူးကွ။ ငါတို့ကို နစ်နာကြေးနှစ်လစာ ပိုပေးတယ်လေ။ ဒါပေမယ့်ကွာ ကြိုမပြောဘူးဆိုတော့ ခံစားရတာပေါ့။ ဘာပြောရမှန်းလည်း မသိဘူး။ ငါနဲ့အတူ ဆရာ၆ယောက်ကို တပြိုင်တည်းနစ်နာကြေးပေးပြီး ဖြုတ်လိုက်တာလေ။ ပြောပြတဲ့ အကျိုးအကြောင်းလေးကတော့ မင်းပြောသလိုပါပဲ။ သူတို့ကိုတောင် ပြန်သနားရမယ့်ပုံ။ ဒါပေမယ့် ငါတို့ဘော့စ်ကတော့ မင်းတို့ဘော့စ်လို ကိုယ်တိုင်မလာဘူးကွ။ မန်နေဂျာကတဆင့် ခေါ်ပြောတာ။ သူက ဘယ်နေမှန်းတောင်မသိဘူး။ ငါလည်း စာသင်တဲ့အလုပ်ပဲ လုပ်တတ်တာဆိုတော့ ခက်တယ်ကွာ။ ခုန ပီစီအိုကနေ ကျောင်းက ကျောင်းသူလေးတစ်ယောက် ဂိုက်လိုတယ်ဆိုလို့ ရလိုရငြား ဆက်ကြည့်တာ ယောင်္ကျားလေးဖြစ်နေလို့ အမျိုးသမီးဆရာမပဲ လိုက်ရှာနေပါတယ်တဲ့ကွာ။ အခုမှ ငါလည်း ယောင်္ကျားဖြစ်ရတာကို မကျေမနပ်ဖြစ်လာမိတယ်။ အမေက ငါ့ကို ဘာလို့ ယောင်္ကျားလေးအဖြစ် မွေးပေးရတာလဲလို့ပေါ့ ဟား ဟား”

သူသိပါတယ်။ စကားတွေ တရစပ်ပြောချပြီး မဆီမဆိုင် စိတ်ထဲကမပါဘဲ ရယ်ချလိုက်တာကိုပေါ့။ ဟိုကောင် လိုက်မရယ်နိုင်ဘဲ သူ့ကို စာနာနားလည်တဲ့ မျက်နှာပေးနဲ့ ပြန်ကြည့်နေတယ်လေ။ ထင်ရှားက သူ့ကို လေးနက်တဲ့ မေးခွန်းတစ်ခု မေးလာတယ်။

“မင်း ဘာဆက်လုပ်မှာလဲ။ သပြေနု ပြန်မှာလား? မင်းတို့က တော်ပါသေးတယ်ကွာ။ ပြန်လည်း လယ်ပိုင် ယာပိုင်တွေ ဆိုတော့။ ငါတို့မိသားစုကတော့ အစကတည်းက သူရင်းငှါးပဲ လုပ်နိုင်ကြတာဆိုတော့ ပြန်လည်း ပင်ပင်ပန်းပန်းလုပ်မှ အဆင်ပြေမှာကွ။ ဒါမျိုးလည်း ငါမလုပ်နိုင်တော့ဘူးကွာ။ ငါမော်ဒယ်လ်လျှောက်တာမျိုးတော့ ဝါသနာပါတယ်ကွ။ ဒါပေမယ့် အဲဒီလိုင်းကလည်း ပိုက်ဆံတတ်နိုင်တဲ့ သူဌေးသားတွေက ငွေထုပ်ပိုက်ပြီးတော့ကို အလကားမတ်တင်း လုပ်ပေးနေတဲ့သူတွေ ရှိနေတော့ ဝမ်းရေးအတွက် ရပ်တည်ဖို့ကလည်း မလွယ်ပါဘူးကွာ။ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ဟူး........”

အင်း သူ့ဟာသူ ရွာပြန်ရင် ဒေါ်လှကြည်(ထော်လာဂျီ) မောင်းပေးရမှာမို့ စိတ်ပျက်လက်ပျက် ဖြစ်နေတာ။ ဒီကောင်က သူ့ထက်ပိုဆိုးနေလို့ သူ့ကိုတောင် အလုပ်ပြန်ရှာပေးရမယ့်ပုံ။

“မင်းထင်သလို ငါတို့အိမ်ကလည်း လယ်ယာတွေ မရှိတော့ဘူးကွ။ ရောင်းလိုက်ရပြီ။ အခု ဒေါ်လှကြည် ဆွဲပေးနေတယ်လေ။ ငါလည်း အဲဒါကြီးတော့ မမောင်းချင်ဘူးကွာ။ အိမ်ကတော့ ပြန်လာခဲ့ အိမ်အလုပ်ကူလုပ်လို့တော့ ပြောပါတယ်။ မင်းအဲဒါမောင်းတတ်လား ငါ အိမ်ကို ပြောပေးမယ်လေ။ မင်းလုပ်ချင်ရင်ပေါ့ကွာ။ ”

“ဟာ- ငါဘယ်မောင်းတတ်မလဲ။ မောင်းတတ်လည်း မင်းလိုပဲ မမောင်းချင်ပါဘူးကွာ။ နောက် တသက်လုံး ကားဆရာကြီးတော့ မလုပ်ချင်ပါဘူး။ ကားဆရာတောင် ကောင်းကောင်းကန်းကန်း ဂျပန်ကားဆရာမဟုတ်ဘူး။ ဒေါ်လှကြည်ကြီး။ အရိပ်ထဲမှာပဲ မပင်ပန်းတဲ့ အလုပ်ကို ရချင်လို့ လုပ်ချင်လို့ပါကွာ။ ငါအခုလုပ်တဲ့အလုပ်ကလည်း သိပ်မပင်ပန်းဘူးလေကွာ။ ဒါကြောင့်ပါ။”


သူ ဒီကောင့်စကားကို နည်းနည်းတော့ အချဉ်ပေါက်သွားပေမယ့် ဒီကောင်လည်း သူ့လိုပဲနေမှာပါလေလို့ ကိုယ်ချင်းစာပေးလိုက်တယ်။ ပြောသာပြောတာပါ။ သူလည်း ဘာဆက်လုပ်ရမှန်းမသိဘူး။

“ငါတော့ မင်းလိုလည်း သုံးလစာတွေ ဘာတွေမရခဲ့တော့ ဒီမှာဆက်နေဖို့ ခက်တယ်လေကွာ။ လမကုန်သေးခင် လခကြိုရထားတယ် ဆိုပေမယ့် ဒီမှာဆက်နေရင် ဒီလောက်က နောက်ထပ် နှစ်ပတ်စာလောက်ပဲရှိတာဆိုတော့ မနက်ဖြန်ပဲ ရွာကိုပြန်လစ်ရတော့မယ်ကွာ။ အိမ်ရောက်ရင် ဒီငွေလေးပေးပြီး မျက်နှာက လုပ်ရအုံးမှာကွ။ ပြီးမှမီးစင်ကြည့် ကမလားလို့- မင်းရော ဘယ်လိုလုပ်မလဲ?”

“ငါတော့ ဒီမှာတစ်လလောက်ဆက်နေပြီး အလုပ်ရှာကြည့်ဦးမယ်ကွာ။ ချက်ချင်းမပြန်ချင်သေးဘူး။ ငါ့အိမ်က အစကတည်းက ဒီမှာကျောင်းလာတက်တာကို ကြည်တာမဟုတ်ဘူး။ ဒီကြားထဲ အလုပ်လေးရတော့လည်း ငါ အိမ်ကို ငွေမပေးမိဘူး။ ငါ့ဟာငါတောင် အနိုင်နိုင်ရယ်။ အိမ်ကတော့ ဘာမှမမျှော်ပါဘူး။ အခုအလုပ်ပြုတ်မှ ဘာမှမပါဘဲ ပြန်ရမှာကို ငါရှက်တယ်ကွာ။ ဟေ့ကောင် ငါတွေးမိတာ တစ်ခုတော့ရှိတယ်ကွ။ လောလောဆယ် ငါတို့ မပြန်ရမယ့် နည်းလမ်းလေ”

“ပြောစမ်းပါအုံး။ ဘာများလဲလို့”


ထင်ရှားက စိတ်ဝင်စားသွားဟန်တူတယ်။ သူ ပြောသင့် မပြောသင့် ချိန်ဆနေတော့ သူ့ကို စိတ်မရှည်သလိုနဲ့ အမြန်ပြောဖို့ တောင်းဆိုနေတယ်လေ။

သူ အဲဒီအလုပ်ကို ကြားထားတာ ကြာပါပြီ။ သူနဲ့အဆောင်အတူနေတဲ့ ကျောင်းနေဖက်လည်းဖြစ်ခဲ့ဖူးတဲ့ နေမျိုးဆိုတဲ့ကောင်ဆီက သိရတာပါ။ စကြားကြားချင်းတော့ သူကိုယ်တိုင်က သူ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တဲ့ ပညာရေးနဲ့ဆိုင်တဲ့ အလုပ်ကလည်း ရှိထား လစာလေးကလည်း မဆိုးဆိုတော့ ယောင်္ကျားဖြစ်ပြီး အဲဒီအလုပ်လုပ်စားတဲ့သူတွေကို သူ ကဲ့ရဲ့ရှုတ်ချခဲ့မိတယ်။ ပြောပြနေတဲ့ နေမျိုးကိုတောင် သူအတော်လေး အထင်သေးခဲ့တယ်လေ။ နေမျိုးကတော့ သူ့ကိုဒီသတင်းပေးပြီးတာနဲ့ သူ့လက်ရှိအလုပ် ဆေးမန်း အဖြစ်ကထွက် အဆောင်က သူ့အခန်းကို ပြန်အပ်ပြီး ရန်ကုန်တက်သွားတယ်။ ဒီကောင် အဲဒီအလုပ်ကို သွားလုပ်တာလေ။ နောက် သုံးလလောက်နေတော့ သူတို့နေတဲ့အဆောင်ကို နောက်ဆုံးပေါ်ကားအကောင်းစားကြီးနဲ့ နေမျိုးပြန်ပေါ်လာတယ်။ ဒီကောင်က ကားတောင်ကိုယ်တိုင် မမောင်းဘူး။ ဘေးက အခန့်သားကြီးထိုင်လို့။ မောင်းတဲ့သူက အသက်၃၀ကျော် အမကြီးတစ်ယောက်။ သူတို့သူငယ်ချင်းတသိုက်ကို ဝင်နှုတ်ဆက်ရင်း စားဖို့သောက်ဖို့တွေကို လာစွန့်ကြဲသွားတယ်လေ။ ပြီးတော့ သူ့အလုပ်ကို စိတ်ဝင်စားရင် ဆက်သွယ်လိုက်ဖို့ လိပ်စာကဒ်တွေ ဘာတွေတောင် ပေးသွားသေးတယ်။

တခြားငွေမက်တဲ့ကောင်တွေက နေမျိုးကို အားကျနေကြပေမယ့် သူကတော့ အဲဒီအချိန်အထိ ဒီကောင့်အလုပ်ကို အော်ဂလီဆန်နေဆဲပါ။ ဒါပေမယ့် ဝင်ငွေဖြောင့်တာတော့ အသေအချာပဲဆိုတာက သိသာတယ်လေ။ နေမျိုးပြောတာက ဒီအလုပ်က လူတိုင်းလုပ်ချင်လို့မရဘူး။ စံသတ်မှတ်ချက်ရှိသတဲ့လေ။

အရပ်က ၆ပေနဲ့အထက်၊ ကိုယ်ခန္ဓာအချိုးအစားက ဘယ်လိုဖြစ်ရမယ်၊ အသက်က ၂၈နှစ်ထက်မကျော်ရဘူး။ အလေးချိန်ကအနည်းဆုံ ပေါင်ဘယ်လောက်ရှိရမယ် ဘာညာပေါ့။ ရုပ်လှတာထက် ဆွဲဆောင်မှုရှိရမယ့် သဘောပေါ့လေ။ ဒါကြောင့် ဒီကောင်က ဒီအလုပ်အတွက် လူတိုင်းကိုမပြောဘူး။ သူတို့လို ဒေါင်ကောင်းကောင်း ပေမှီဒေါင့်မှီ ထောင်ထောင်မောင်းမောင်းတွေကိုပဲ ရွေးပြောခဲ့တာ။ နေမျိုးကိုယ်တိုင်ကလည်း အဲဒီအချိုးအစားနဲ့က ကွက်တိလေ။ ဒါကြောင့် အခုလိုလပိုင်းလေးအတွင်းမှာ ဒီကောင် ဒီလောက်အလုပ်ဖြစ်တာ နေမှာ။
သူတို့လောကက အဲဒီအလုပ်လုပ်တဲ့သူတွေကိုခေါ်တာ “ယိုးဒယားကိုကို” တဲ့။
ရိုင်းရိုင်းပြောရရင် လိင်ရောင်းစားတဲ့သူတွေပေါ့။ ဝယ်ယူစားသုံးသူတွေက ရန်ကုန်ပိုက်ဆံရှိအသိုင်းအဝိုင်းက ဒီကိစ္စဝါသနာပါတဲ့ အမျိုးသမီးတွေတဲ့။ တချို့အိမ်ထောင်ရှိပေမယ့် ယောင်္ကျားက နိုင်ငံခြားမှာ နှစ်ရှည်လများအလုပ်သွားလုပ်နေသူတွေ၊ အိမ်ထောင်ကွဲနေသူတွေ၊ အိမ်ထောင်ဦးစီးက ဖောက်ပြန်သွားလို့ ကျန်ရစ်ခဲ့တဲ့ မမတွေ၊ ရည်းစားစွန့်ပစ်ခံထားရတဲ့ ဘုစုခရုမလေးတွေ၊ အသွင်ပြောင်းမယ်တွေ စသူ စသူတွေပေါ့။

ကိုကိုတွေအတွက်ကို အေဂျင်စီက နေစရာလည်းပေးတယ်၊ စားသောက်စားရိတ်လည်းပေးတဲ့အပြင် ကံကောင်းရင်တော့ ကိုယ့်ဖောက်သည်ဆီကပဲ ဘောက်ဆူးခပ်များများလည်း ရတတ်တယ်တဲ့။ အဲဒီလိုရရင်တော့ အေဂျင်စီကို ကော်မရှင်နည်းနည်းပြန်ပေးရတာပေါ့။ နေမျိုးသူတို့ကိုဆွယ်တာက အိမ်ထောင်မရှိသေးတဲ့ကောင်တွေ ဒီအတိုင်းတောင်မှ ပိုက်ဆံပေးဝယ်စားနေရသေးတာ။ အခုဟာက အဲဒီစိတ်လည်းဖြေရ ပိုက်ဆံလည်းရသေးသတဲ့လေ။ အဲဒီတုန်းကတော့ ဒီကောင်ယောင်္ကျားတစ်ယောက်ထားရမယ့် မာနဘယ်ရောက်သွားပြီလဲဆိုပြီး အံ့သြနေတာ။ အခုလိုကြံရာမရဖြစ်ချိန်မှာတော့ ပိုက်ဆံစုမိရုံလောက် လုပ်ကြည့်ရင်ကောင်းမလားလို့ အတွေးကဝင်လာတော့တယ်။ ဒီအတွေးကိုလည်း ထင်ရှားကိုပြောပြလိုက်မိတယ်။ သူနဲ့လောလောဆယ် ဘဝတူဆိုတော့လေ။ ပြီးတော့ ဒီကောင်ကလည်း နေမျိုးပြောတဲ့ ပေမှီဒေါက်မှီဆိုဒ်လေ။ သူ့ထက်သာတာက ဒီကောင်က ရူပါဖြောင့်တာ။

သူ့စကားအဆုံးမှာတော့ ထင်ရှားက သူ့ကိုအကြာကြီးစိုက်ကြည့်နေတယ်။ သူတောင်မနေတတ်တာနဲ့ ရေကန်ဘက်ကို အကြည့်လွှဲလိုက်ရတယ်။ ဒီကောင် အတွေးနက်နက်တွေးတာလည်းဖြစ်နိုင်တယ်။ ခဏနေတော့ သူထင်မှတ်မထားတဲ့ တုံ့ပြန်မှုကို ထင်ရှားကလုပ်လိုက်တော့တယ်။ အဲဒါကတော့

“ဟီး ဟီး ဟီး ဟာကွာ ---- ကဲကွာ ကဲကွာ ကဲကွာ ---- ဒုန်း ဒုန်း ဒုန်း”

ထင်ရှားက ယောင်္ကျားတန်မဲ့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးနှစ်ဖက်နဲ့ သူတို့ထိုင်နေတဲ့ ထိုင်ခုံနောက်မှီတန်းကြီးကို လှုပ်ခါနေအောင် တဒုန်းဒုန်းနဲ့ထုတာလေ။ သူလည်းထင်ရှားကို မဆွဲတော့ဘူး။ သူကိုယ်တိုင်လည်း ထင်ရှားလို လုပ်ချင်စိတ်ပေါက်လာလို့ သူ့လက်သီးနှစ်ဖက်ကို တဒုန်းဒုန်းနဲ့ ထုနှက်ပစ်လိုက်တာ သူ့လက်သီးဆုပ်မှာ သွေးတွေထွက် လာတဲ့အထိပေါ့။

++++++++++++++++++++++

တစ်ပတ်ခန့်ကြာပြီးတဲ့နောက် ....

သူနဲ့ထင်ရှားနှစ်ယောက်သား မန္တလေးကျွဲဆည်ကန် ကားကြီးဝင်းအတွင်းမှာ အိတ်ကိုယ်စီလွယ်ပြီး စီးရမယ့်ကားဂိတ်ကို ရှာနေကြတယ်။ လူတွေ ကားတွေ အဝင်အထွက်များလှတာကို တွေ့နေရတယ်။ သူတို့စီးမယ့်ကားက သူတို့ဇာတိရွာတွေဆီကိုရောက်မယ့် ပုဂံညောင်ဦးဖက်ကို ဦးတည်မှာတော့မဟုတ်ဘူး။ ရန်ကုန်မြို့တော်ကြီးဆီကိုလေ .....

ညလင်းဖြူ

No comments:

Post a Comment