မီးခဲပြာဖုံး မြန်မာ့ဇာတိမာန်စိတ်ဓာတ်ကို ပြန်လည်ရှင်သန်စေခဲ့တဲ့ ကိုလိုနီခေတ် ကဗျာလေးများ

"မီးခဲပြာဖုံး"ဆိုတဲ့ 
မြန်မာစကားပုံ
လေးရဲ့သဘောက 
လောင်တတ်တဲ့
သတ္တိရှိပေမယ့် 
ပြာဖုံးနေတဲ့ 
မီးခဲလေးဟာ 
တောက်လောင်
ခွင့်မရသေးသလို 
အစွမ်းသတ္တိရှိပေ
မယ့်အခြေအနေ
မပေးသေးလို့ 
အစွမ်းသတ္တိပြခွင့်မရသေးတဲ့သဘောကိုစကားလုံးလေးလုံးတည်းနဲ့ ပုံပမာဆောင်ပြီး ပြောဆိုထားတဲ့ သဘောပါ။
ကိုလိုနီခေတ်ကဗျာလေးတွေကြောင့် မီးခဲပြာဖုံးဖြစ်နေတဲ့ မြန်မာတွေရဲ့ ဇာတိမာန်စိတ်ဓာတ်ဟာ ဟုန်းကနဲ အရှိန်ကောင်းကောင်းနဲ့ ပြန်လည်ရှင်သန်နိုးကြားလာစေခဲ့တာကို အဲဒီအချိန်က ကဗျာလေးတွေကို ခံစားလေ့လာကြည့်ရင် သိနိုင်ပါတယ်။
ကဗျာဆိုတဲ့သဘောကိုက အများအားဖြင့်တော့ ခေတ်ပြုပြင်ရေး၊ ခေတ်လှုံ့ဆော်ရေးတွေကို အခြေခံပြီး ရေးဖွဲ့ကြတဲ့သဘောပါ။ ကဗျာစပ်တဲ့သူဟာ စိတ်ခံစားမှုနဲ့ စိတ်တက်ကြွစရာဖြစ်လာရအောင် ဖွဲ့စပ်နိုင်ခဲ့ရင်တော့ ကဗျာကောင်းတစ်ပုဒ်လို့ခေါ်ရမှာပါ။ ဒီလို ကဗျာ လင်္ကာတွေကိုတော့ ရသစာပေကောင်းတစ်မျိုးအဖြစ် သတ်မှတ်ကြပြီး လောကဝန်းကျင်အမြင်တွေ၊ အသိတရားတွေ စိမ့်ဝင်လိုက်ပါလာစေနိုင်တဲ့ အစွမ်းတွေ ပါဝင်လေ့ရှိတာကို တွေ့ရပါတယ်။
မြန်မာစာပေလောကမှာ ကဗျာကောင်းလေးတွေကို စာပေအစပြုရာ ပုဂံခေတ်ကတည်းက အလှူမှတ်တမ်းတင်ကျောက်စာ စကားပြေ အရေးအသားတွေကြားထဲကပဲ တွေ့ရှိနေရပါပြီ။ "မြကန်သာ" တို့လို သိုးကလေ- ချီ "ပုပ္ပါးနတ်တောင်" တို့လို "တောင်ပုပ္ပါး စကားပွင့်" တို့လို လင်္ကာတိုလေးတွေ အချင်းငယ်လေးတွေကို ရသမြောက်အောင် ဖွဲ့စပ်နေကြပါပြီ။
ပင်းယခေတ်မှာတော့ စစ်မက်ထူပြောခဲ့လေတော့ ခေတ်အလိုက် ညာသံပေးတဲ့ ကာချင်းကဗျာတွေ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ အင်းဝခေတ်မှာတော့ စာဆိုရှင်တော်တော်များများက ရဟန်းစာဆိုတွေ အများဆုံးဖြစ်ခဲ့လေတော့ ဗုဒ္ဓဝင်ဇာတ်တော်များကိုပဲ အခြေခံတဲ့ ပျို့ကဗျာအမျိုးအစားကို အများဆုံးတွေ့ပြန်ပါတယ်။
မော်ကွန်း ဧချင်း နဲ့ ရတု ကဗျာအမျိုးအစားတွေ ပေါ်ပေါက်ခဲ့ပေမယ့် အဲဒီခေတ်က ဓမ္မကြောင်းက နေရာအယူဆုံးဖြစ်ခဲ့ပါတယ်။ တောင်ငူခေတ်မှာတော့ ပုဂ္ဂိုလ်ရေးကိုအခြေခံတဲ့ ရတုကဗျာတွေ ခေတ်စားခဲ့ပြန်ပါတယ်။ ညောင်ရမ်းခေတ်ရောက်တဲ့အခါကျ ဝန်ကြီးပဒေသရာဇာက ဆင်းရဲသားလူတန်းစားတွေဖက်က ရပ်တည်တဲ့ လောကကြောင်းကို အခြေခံတဲ့ တျာချင်းကဗျာတွေကို တွေ့လာရပါတယ်။ ဒီခေတ်အပြီး ကုန်းဘောင်ခေတ်တွေက ကဗျာတွေမှာတော့ လောကကြောင်းကို အခြေခံတဲ့ ကဗျာတွေရှိပေမယ့် အဲဒီအချိန်အထိ မယ်ဘွဲ့တွေ မောင်ဘွဲ့တွေ မြှောက်ပင့်ဘွဲ့တွေ နောက်ပြီး အလွမ်းဘွဲ့တွေကဲတဲ့ ကဗျာစုတွေကနေ ရုန်းမထွက်နိုင်သေးတာကို ခြုံကြည့်ရင် တွေ့လာရပါတယ်။
ဒီလိုနဲ့ ၁၈၈၅ခုနှစ် နိုဝင်ဘာ ၂၆ရက်မှာ သီပေါမင်းပါတော်မူသွားပြီး ၁၈၈၆ ဇန်နဝါရီ ၁ရက်နေ့မှာတော့ မြန်မာတစ်ပြည်လုံးကို ကိုလိုနီနိုင်ငံအဖြစ် ကြေညာခံခဲ့ရပါတော့တယ်။ ပါတော်မူပြီးတဲ့နောက်မှာတော့ ကဗျာပုံစံနဲ့ အကြောင်းအရာတွေလည်း တစတစနဲ့ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ရာဇကြောင်း လွှမ်းမိုးခဲ့တဲ့ ကဗျာတွေလုံးဝပျောက်ကွယ်ပြီး လောကကြောင်းသက်သက်ကိုပဲ ရေးဖွဲ့လာခဲ့ကြပါတယ်။ အဲဒီလိုဇာတိမာန်ကဗျာလေးတွေကြောင့် ကိုလိုနီခေတ်မှာ မီးခဲပြာဖုံးဖြစ်နေတဲ့ မြန်မာတွေရဲ့ဝံသာနုစိတ်ဓာတ်တွေ ပြန်လည်ရှင်သန်ကိန်းအောင်းလာစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
သီပေါမင်းပါတော်မူအပြီး နယ်ချဲ့ကိုလိုနီလက်အောက်မှာ ကျွန်ဘဝအဖြစ်ကျန်ရစ်ခဲ့ရတဲ့ မြန်မာတွေရဲ့ရင်ထဲမှာ ဒေါသစိတ်တွေ မခံချင်စိတ်တွေ မျိုးချစ်စိတ်တွေ ကိန်းအောင်းနေပေမယ့် လက်နက်ချင်းကမမျှလို့ မာန်တွေလျှော့ခဲ့ကြရပါတယ်။ အားလုံးက နာကြည်းနေကြချိန်ဖြစ်လေတော့ မြန်မာတွေဟာ မိမိတို့ရဲ့ ကိုယ်စီခံစားချက်တွေကိုအခြေခံပြီး ကဗျာအဖြစ်တင်ပြလာကြပါတယ်။ နယ်ချဲ့တွေရဲ့အမြင်မှာတော့ အဲဒီခေတ်က ကဗျာတွေ စာပေတွေဟာ သူပုန်အားပေးစာတွေလို့ မြင်ခဲ့ကြပေမယ့် မြန်မာတွေအနေနဲ့ကတော့ မျိုးချစ်စိတ်ဓာတ်အင်အားတွေ တက်ကြွလာအောင် ရေးဖွဲ့ခဲ့တဲ့ တော်လှန်ရေးစာပေတွေ ဖြစ်ခဲ့ရတာပေါ့။
ဒီကဗျာတွေကြောင့်လည်း မလွတ်လပ်တဲ့ဘဝကို တော်လှန်ချင်တဲ့ မြန်မာတွေ တိုးပွားလို့ လာခဲ့ရပါတယ်။
မျိုးချစ်စိတ်ဓာတ်ပေါ်လာစေဖို့ ထိရောက်ခဲ့တဲ့အတွက် ကိုလိုနီခေတ်က ဇာတိမာန်တက်စေတဲ့ အဲဒီကဗျာလေးတွေဟာ အခုအချိန်အထိ တန်ဖိုးမဖြတ်နိုင်တဲ့ ကဗျာလေးတွေလို့ ဆိုနိုင်ပါသေးတယ်။
မြန်မာတွေဟာ နယ်ချဲ့လက်အောက် ကျရောက်စအချိန်က  xxxxxxx
"ဆယ့်တဖြာငယ်၊ နေအာ့ဒိစစ်၊ ဖရာစိုးသည့်၊ ဖြူမိုးလှစ်က
အနှစ်ပညာ၊ အရှင်းကွာ၍၊ စဉ်လာမင်းသုံး၊ ရှေ့ကျင့်ထုံးကို
အလုံးပစ်လွှဲ၊ ငွေနှင့်မြှူလျှင်၊ လူပေပဲဟု၊ စိတ်စွဲမှတ်ကျုံး
တိုင်းအလုံးကို၊ ဈေးနှုန်းနှင့်ထပ်၊ အမွေအပ်သော်
မကပ်တရား၊ ရှေ့ဆောင်နွားကြောင့်၊ နောက်သားတဝိုက်၊ လမ်းကောက်လိုက်သို့"

ဆိုပြီး အချင်းချင်းအပြစ်တင် ဝေဖန်ကြတဲ့ လေးချိုးကြီးတွေလည်းပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဇာတိမာန်စိတ်ဓာတ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး ဆယ်နှစ်ထိအောင် တိုက်ခိုက်ခဲ့ကြပါသေးတယ်။ လက်နက်ချင်းကမမျှသလို ပစ္စည်းအင်အားချင်းကလည်း မမျှလေတော့ အရှုံးပေးရတာက များခဲ့ရသလို မြန်မာမျိုးချစ်ခေါင်းဆောင်တွေလည်း နယ်ချဲ့လက်တွင်းမှာပဲ ကျဆုံးခဲ့ရရှာပါတယ်။ အရှုံးများလာတဲ့အခါမှာတော့ ခေါင်းဆောင်ပေါ်ထွက်မလာနိုင်တော့ဘဲ မြန်မာလူထုရဲ့ ဇာတိမာန် ဇာတိသွေးတွေဟာလည်း ပျော့ခွေ ညှိုးနွမ်းခဲ့ရပြန်ပါတယ်။ ကြာလာတော့ နယ်ချဲ့တိုင်းတပါးသားတွေကိုပဲ အရှင်သခင်အဖြစ် ထင်မြင်စပြုလာပြီး မြန်မာတို့ရဲ့ ရာဇဝင်နဲ့တကွ ယဉ်ကျေးမှုတွေကိုပါ အမေ့မေ့ အလျော့လျော့ ဖြစ်ရာက နှစ်တွေကြာလာတဲ့အခါမှာတော့ မြန်မာ့စိတ်ဓာတ်တွေဟာ ညံ့ဖျင်းလာခဲ့ပါတော့တယ်။
ဒီလိုမီးခဲပြာဖုံးဖြစ်နေတဲ့ မြန်မာတွေရဲ့ ဇာတိမာန်စိတ်ဓာတ်တွေကို တေးထပ်ဆရာကြီး အချုပ်တန်းဆရာဖေက ဆန်ရင်းနာနာဖွပ် ဆိုသလိုမျိုး xxxx
"မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ.....
မှီငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေ၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး"

ဆိုပြီး နယ်ချဲ့လက်အောက် သူ့ကျွန်ဘဝရောက်နေရတာကို ဒေါသသံပြင်းပြင်းနဲ့ "ဗျိုး" ဟစ်ပြီး ခွေးနဲ့ နှိုင်းရေးဖွဲ့လိုက်တဲ့ ကဗျာက အားမာန်ပါလှပါတယ်။ အဲဒီခေတ်က မြန်မာအချင်းချင်းတော့ဖြင့် စည်းလုံးမှုမရှိကြတော့ဘဲ အုပ်ချုပ်သူ အင်္ဂလိပ်တွေ ကုလားလူမျိုးတွေ ဖြစ်ရင်တော့ စာရေးအဆင့်ဖြစ်ပေမယ့် ပျာယာခတ်နေအောင် ခရီးဦးကြိုပြု ဦးထိပ်ထားလာကြတဲ့ မြန်မာတွေ ရှက်တတ်လာစေဖို့ သတိထားမိလာစေဖို့ ရေးဖွဲ့ခဲ့တာပါ။ ဒီကဗျာစာသားလေးဟာ ဇာတိမာန် ကွယ်ပျောက်လုနီးဖြစ်နေတဲ့ မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို ပြန်လည်အရောင်တင်ပေးလိုက်သလို ဖြစ်ခဲ့ရတယ်လို့ အဲဒီခေတ်ကို သိမှီသူတွေက လက်ဆင့်ကမ်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ လက်သံပြောင်ပြီး ခွန်အားရှိတဲ့ ကဗျာလေးပါ။ ဆဲဆိုနေသံတွေ ကြားကပဲ ဆရာဖေရဲ့ ဒေါသ၊ မာန နဲ့ စေတနာတွေကို အခုချိန်ထိ ခံစားရနိုင်သေးပါတယ်။
ကိုလိုနီခေတ်မှာ မြန်မာတွေဟာ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ မိမိတို့ရဲ့ မြန်မာ့ဂုဏ်ရည်ကို ပြန်လည်သတိရဖို့လည်း လိုလာပါတယ်။
ဝံသာနုစိတ်ဓာတ်တွေ ပေါ်ပေါက်လာစေဖို့အတွက် မိမိတို့ရဲ့ အတိတ်ရာဇဝင်ကိုလည်း ပြန်လည်နားလည်ဖို့ လိုလာပါတယ်။ နောက်ပြီး မိမိတို့ရဲ့ စာပေယဉ်ကျေးမှုကို ပြန်လည်လေ့လာကြဖို့ လိုလာပါတယ်။ ဒါတွေကြောင့် အဲဒီအချိန်က ဝံသာနုလုပ်ငန်းတွေ ပေါ်ပေါက်လာစေဖို့အတွက် မြန်မာတွေဟာ နည်းအမျိုးမျိုးနဲ့ စည်းရုံးခဲ့ကြရပြန်ပါတယ်။ ဒီအထဲမှာ စာပေနဲ့လည်း စည်းရုံးခဲ့ရာမှာ ထိရောက်မှုတွေ ရှိခဲ့တာကို အဲဒီခေတ်က ကဗျာလေးတွေက ပြောပြနေကြတယ်လေ။ သံချိုဆရာကြီး မောင်းထောင်းဦးကျော်လှကတော့ ဝံသာနုစိတ်ဓာတ်ရင့်သန်စေဖို့အတွက် .XXXX
"ကမ္ဘာတွင် မြန်မာအမျိုးတို့
ဓမ္မတာ အရိုးအစဉ် ဖျင်ပင်နီနှင့်
ဆင်ထမီ တဘက်ကြမ်းတို့၊ ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့
ဖန်ဆိုးကာ ကိုယ်စီဝတ်ကြရ၊ မိုးစွတ် နဲ့ နေပူခံ"

ဆိုပြီး နိုင်ငံခြားကလာတဲ့ ပိတ်အုပ်တွေကို မဝတ်ကြလေဘဲ ရိုးရာယဉ်ကျေးမှုလည်း မပျောက်စေဖို့ ဈေးလည်းသက်သာပြီး အကြမ်းပတမ်းခံ ရာသီဥတုဒဏ်လည်း ခံနိုင်တဲ့ ပြည်တွင်းမှာ ကိုယ်တိုင်ရက်လုပ်ထားတဲ့ ဖျင်အင်္ကျီတွေကိုပဲ ဝတ်ကြဖို့ လှုံ့ဆော်ထားတဲ့ ကဗျာလေးပါ။
နိုင်ငံခြားကလာတဲ့ အဝတ်အထည်တွေဟာ ဈေးကြီးလှတဲ့အပြင် xxxx
"စူလယာ ဖျင်တဘက်၊ တင်ပခွက်လုံအောင်မဖုံးနိုင်ဘူး
သက်ဆုံးတိုင် ရှည်ကြာနေကြရ
သည်ဝါတွေ တပြည်တရွာကမြေကို မရောင်းကြပါနှင့်"

လို့လည်း နယ်ချဲ့စီးပွားရေး သွေးစုပ်မှုကို ပေါ်လွင်အောင် ထောက်ပြထားပြန်ပါတယ်။ မောင်းထောင်းဦးကျော်လှဖွဲ့ထားတဲ့ သံချိုကဗျာတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် နယ်ချဲ့အစိုးရက ဦးကျော်လှကို ဖမ်းဆီးခြင်းပြုရတဲ့အထိ ဝံသာနုအမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်စမ်း စာဆိုသမားတစ်ဦးအဖြစ် ထင်ရှားတဲ့ ဆရာမင်းသုဝဏ်ကလည်း xxxx
"မောင်တို့ခင်....
ကျွန်တွင်းမှာ မပျော်လေနဲ့ ၊ အတူယှဉ် မောင်နှင့်ရုန်းတာပ
သင်္ဘောချည်ဝတ်ထည် မုန်းလို့ရယ် ၊ သုံးစို့ ဖျင်ကြဲ"

ရယ်လို့ ဝံသာနုစိတ်ဓာတ်တက်ကြွထက်သန်လာစေဖို့ ဖွဲ့ပြခဲ့ပြန်ပါတယ်။ ပကတိအခြေအနေမှာပဲ သာယာကျေနပ်နေကြတဲ့ အဲဒီခေတ်က မြန်မာတွေအတွက် သတိပြုမိစရာကောင်းတဲ့အဖွဲ့အစပ်လေးတစ်ခုပါ။
အင်္ဂလိပ်အစိုးရရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သံယံဇာတပစ္စည်းတွေအပေါ်မှာ လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်မှုတွေကြောင့် အဲဒီခေတ်က မြန်မာတွေအများစုဟာ အကျိုးမခံစားကြရဘဲ ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ခဲ့ကြပါဘူး။ အဲဒီအခြေအနေကိုသိတဲ့ ကိုလိုနီခေတ်စမ်းစာဆို ဆရာဇော်ဂျီကလည်း  xxx
"ထလော့မြန်မာ ၊ အို မြန်မာတို့
တို့ရွာ တို့မြေ ၊ ဤရွာမြေဝယ် ၊ ရေချိုသောက်ရန်
မြစ်ချောင်းကမ်းတွင် ၊ သီးနှံချိုပြား ၊ များလည်းများ၏
များပါလေလည်း ၊ တမွဲမွဲနှင့် ၊ ဆင်းရဲတာရှည် ၊ ကာလကြာလျှင်
မြင်သာမြင်ရ ၊ မစားရနှင့်"

လို့ ဇာတိမာန်စိတ်ဓာတ်ကို တမျိုးတဖုံနှိုးဆွပေးထားပြန်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေကို ငုံ့မခံကြဖို့ ထောက်ပြထားတဲ့အဖွဲ့လေးပါ။
မြန်မာတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို အုတ်မြစ်ချတဲ့အခါ မြန်မာစာပေဖက်ကနေ ကြီးမားတဲ့အထောက်အပံ့ကိုပေးခဲ့တဲ့ စာဆိုတစ်ဦးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပဲဖြစ်ပါတယ်။ ဆရာကြီးဟာ ဇာတိမာန်စိတ်ဓာတ်ရင့်သန်ပြီး နယ်ချဲ့ကိုတော်လှန်တဲ့သဘောနဲ့ ပထမအကြိမ် ယူနီဗာစီတီ ကျောင်းသားတွေရဲ့သပိတ်မှာ ကိုယ်ထိလက်ရောက်ပါဝင်အားပေးခဲ့သူပါ။
အဲဒီအခါက ဆရာကြီးဟာ အမျိုးသားကောလိပ်ကျောင်းမှာ မြန်မာစာပေနဲ့ ရာဇဝင်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ သူ့တပည့် သပိတ်မှောက်ကျောင်းသားလူငယ်တွေရဲ့ တက်ကြွမှုကို တွေ့မြင်ရတဲ့အခါ ဆရာကြီးဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ဟန်တူပါတယ်။ အရေးကြီးလာတဲ့အခါမတော့ သွေးနီးရာပါလိုတဲ့ စိတ်ဓာတ်တွေနဲ့ xxxx
"သြော်....ဝေးခရီးပေမဲ့
အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲမို့
ဆရာလဲကွာ ပဌမကနဦးဆီက
မြန်မာ့တခွင်မှာ သမ္မတရှင်ဘုရင်မလူးခင်ပါ့
တဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ ဆရာကို စာရင်းတို့ကာ ထားလိုက်ကြလေတော့"

ဆိုပြီး စိတ်ခါးတောင်းကို နာနာကျိုက်ပြီး အားတက်စရာရေးဖွဲ့ပြခဲ့ပါတယ်။ အားလုံးဟာ တသွေးတည်း တသားတည်း တပြေးညီ
ပါပဲလို့ ဆရာကြီးက ပြောလိုတာလည်းဖြစ်ပါတယ်။
ကိုလိုနီခေတ်ကဗျာလေးတွေဟာ ပဲ့တင်သံလေးတွေ မဟုတ်ခဲ့ပါဘူး။ ခေတ်ရဲ့အခြေအနေ ခေတ်ရဲ့ဝန်းကျင်က အလိုလိုမြည်ဟီးလာတဲ့ ပကတိအသံလေးတွေဖြစ်တာကို တွေ့ရပါတယ်။ ဒီလိုဇာတိမာန်ကဗျာလေးတွေမှာ မိုးလားကဲလား ပညာဂုဏ်ဖော်ပြလိုတဲ့ ဟိတ်တလုံး ဟန်တလုံးဖွဲ့ထားတဲ့ ကဗျာတွေမဟုတ်ကြဘဲ ကြည်လင်တဲ့ စေတနာနဲ့ ဖွဲ့စပ်ထားတဲ့ ကဗျာလေးတွေအဖြစ် တွေ့ကြရပါတယ်။
အဲဒီခေတ်အခါက အားမတန်လို့ မာန်လျှော့ခဲ့ကြတဲ့ မြန်မာတွေမှာ မိမိတို့ရဲ့ရာဇဝင်၊ စာပေနဲ့ယဉ်ကျေးမှုတွေကိုပါ မေ့လျော့စည်းကမ်းပျက်လာနေတော့ ဒီလိုညံ့ဖျင်းတဲ့စိတ်ဓာတ်တွေ ခံယူချက်တွေကို ပပျောက်သွားစေဖို့ စာပေနဲ့ ပြန်လည်စည်းရုံးပေးနိုင်ခဲ့ကြပါတယ်။
မီးခဲပြာဖုံးဖြစ်နေတဲ့ မြန်မာတို့ရဲ့ဇာတိမာန်စိတ်ဓာတ်ကို ပြန်လည်ရှင်သန်လာစေဖို့ နှိုးဆော်ပေးနိုင်ခဲ့တာကြောင့် ကိုလိုနီခေတ်ဇာတိမာန် ကဗျာလေးတွေဟာ အခုအချိန်အထိ တန်ဖိုးမဖြတ်နိုင်လောက်အောင် ဖြစ်နေသေးတာကို ဂုဏ်ယူဖွယ်တွေ့ရှိရပါတော့တယ်။
အဲဒီခေတ်အချိန်က ကဗျာစာဆိုတို့ရဲ့ ကျေးဇူး ကြီးပေစွပါတကားလို့ xxxxxx


ဖြူဖြူဝင်း(မြန်မာစာ)

ကိုးကားစာရင်းစု----

မြန်မာစကားပုံ၊ ၁၉၉၆ (တတိယအကြိမ်)၊ မြန်မာစာပေအဖွဲ့၊ ရန်ကုန်။
ခေတ်သစ်ကဗျာများ၊ ၁၉၆၂၊ ဦးဝန်နှင့်ဦးသိန်းဟန်၊ ရန်ကုန်တက္ကသိုလ်ပုံနှိပ်တိုက်၊ ရန်ကုန်။
ကဗျာယဉ် စာယဉ် လက်ရွေးစဉ်၊ (ခုနှစ်မသိ)၊ ဦးချမ်းမြ၊ ဟံသာဝတီ။


Click here to get more from MasterGreetings.com
 

2 comments:

  1. ကဗျာလေးတွေထဲမှာ ခေတ်ရဲ့ အရိပ်က ထင်ဟပ်နေပါတယ်..စာရေးသူရဲ့ စေတနာတွေ ကလည်း ပေါ်လွင်နေပါတယ်။

    ReplyDelete
  2. ဇာတိမာန် ရင်သန်စေမယ့် ကဗျာတွေ အများအပြား ရှိနေမှာပါ။ တင်ပြပေးထားတဲ့ ကဗျာလေးတွေက ကျနော် မသိသေးတာလေးတွေနဲ့ တိုက်ဆိုင်နေလို့ မကြားဖူးသေးတာ ကြားဖူးသွားခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ...။
    လေးစားလျက်
    ပေါ့ဆိမ့်

    ReplyDelete