"Recession"ကိုကျားကန်ကြည့်ခြင်း



ဒီကနေ့အပြောများနေတဲ့စကားလုံးခေတ်စားနေတဲ့စကားလုံးကိုပြောပါဆိုရင်တော့ အင်္ဂလိပ်
စကားလုံး "Recession" ပဲလို့ ဆိုရမှာပါ။
ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်ပြီး အလုပ်လက်မဲ့ဦးရေတွေ တိုးပွားလာလိုက်တာဟာ
အမေရိကန်တစ်နိုင်ငံထဲမှာတင် ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလထဲမှာ ခြောက်သိန်းငါးသောင်း
တစ်ထောင်ရှိရာက အခုမတ်လအကုန်ပိုင်း အလုပ်လက်မဲ့စာရင်းတွေအရ ခြောက်သိန်း
ငါးသောင်းသုံးထောင်အထိတိုးလာတာကို တွေ့ရပါတယ်။ ဒီတော့စီးပွားရေးဟာ ဆက်
လက်ကျဆင်းနေဆဲသာမက ပိုဆိုးလာနေပြီလို့ဆိုရင်လည်းရပါတယ်။ လုပ်ငန်းတစ်ခု
ဆက်လက်တည်မြဲဖို့ ဝန်ထမ်းအရေအတွက်လျှော့မချ ဖို့အတွက်ကြံဆဖြေရှင်းကြရတော
့မှာပါ။ တချို့လုပ်ငန်းတွေက စီးပွားရေးတွက်ခြေမကိုက်ကြပေမယ့် အလုပ်လက်မဲ့ဦးရေ
တိုးမလာဖို့ ဝန်ထမ်းလစာတွေကို၁၀ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းအစရှိသလို လျှော့ချတာ
မျိုးတွေလည်းရှိပါတယ်။ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်း တွေအများကြီးလျှော့ချပြီး ကိုယ့်နဲ့
လုပ်ဖော်ကိုင်ဖက်တွေ နေ့မြင်ညပျောက်ဖြစ် အလုပ်လက်မဲ့ဦးရေတွေ များလာတာထက်
စာရင် ဒီလိုလစာရာခိုင်နှုန်းအနည်းငယ်လောက်ပဲ ဝန်ထမ်းတိုင်းကိုလျှော့ချတာက အလုပ်
လက်မဲ့ဦးရေတိုးပွားမှုကိုလည်း ထိန်းပေးရာရောက်ကြောင်းသိလာကြလို့ လုပ်ငန်းပိုင်ရှင်
တွေနဲ့ ဝန်ထမ်းတွေညှိပြီး ရသလောက်လေးဆက်လက်လည်ပတ်နေတဲ့လုပ်ငန်းတွေလည်း
ရှိလာပါတယ်။ တချို့ကတော့ အသားကျပြီးသားလုပ်ငန်းတစ်ခုကို ထွင်ဥာဏ်သုံးအများ
စိတ်ဝင်စားအောင် အရောင်းသွက်အောင် လုပ်ယူတာမျိုးတွေကိုလည်းတွေ့လာရပါတယ်။

ဒီလိုလုပ်ငန်းတွေထဲမှာတော့ လောင်းဖဲလိုးကော်ဖီကုမ္ပဏီ(Longfellow's coffee)
ဟာ လာမယ့်နှစ်တွေထဲမှာ အများကစောင့်ကြည့်ရမယ့်Changeဆိုတဲ့စကားလုံးလေးကို
အသုံးပြုပြီး အများမျှော်လင့်နေတဲ့အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိသူအဖြစ်
ယုံကြည်ခံရတဲ့ သမ္မတသစ်ဘားရက်အိုဘားမားရဲ့နာမည်ကိုအသုံးပြုပြီး ကော်ဖီဖျော်နည်း
အမျိုးအစားအသစ်တစ်မျိုး ထွင်လိုက်ကာ ဈေးကွက်မှာတင်လိုက်ပါပြီ။
အိုဘားမားဘလန်းအမည်ရှိတဲ့ အဲဒီနှပ်ကော်ဖီ ၂၀အောင်စတစ်ထုပ်ကိုမှာယူချင်ရင် ၁၆
ဒေါ်လာနဲ့၂၅ဆင့်ရှိပါတယ်။ နှစ်ထုပ်ထက်ပိုမှာလို့ရှိရင်တော့ ၁၀ရာခိုင်နှုန်း လျှော့ပေးမှာ
ပါတဲ့နော်။ အထုပ်သုံးဆယ်ပါတဲ့ပုံးတစ်ပုံးမှာယူရင်တော့ အထူးဈေး ၂၉၈ဒေါ်လာ၅၀ဆင့်
ကျပါတယ်။

အိမ်တိုင်ရာရောက်သယ်ယူတဲ့စရိတ်စကပါပါပြီးသားပါတဲ့။အိုဘားမားတို့ပေါ်ပြူလာဖြစ်ပုံများ။
ဒီကော်ဖီအမျိုးအစားပေါ်လာရပုံကလည်းစိတ်ဝင်စားစရာ။ အများကစိတ်ဝင်တစားဖြစ်နေတဲ့ အိုဘားမားဟာလူမျိုးသုံးမျိုးလောက်စပ်ထားပြီး နေရာသုံးနေရာမှာနေထိုင်ကြီးပြင်းခဲ့ရတဲ့
ကပြားတစ်ယောက်မဟုတ်လား။ သူနေထိုင်ခဲ့တဲ့အရပ်တွေဖြစ်တဲ့ အာဖရိကတိုက်က ကင်
ညာနိုင်ငံ၊ အနောက်အာရှတိုက်က အင်ဒိုနီးရှားနဲ့အမေရိကန်ပိုင်ဟာဝိုင်ရီကျွန်းနေရာတွေဟာ
ကော်ဖီစိုက်ပျိုးဖြစ်ထွန်းတဲ့နေရာတွေဖြစ်နေပြန်တယ်။ ဒါကိုအစွဲပြု သူနာမည်ကြီးနေတာကို
အခွင့်ကောင်းလေးယူလိုက်ပြီး ဒီစကားလုံးလေးထွင်လိုက်တာပါတဲ့။ အင်္ဂလိပ်စကားလုံး
Blend ဆိုတာကတော့ "mix;shade intoeach other; mixture"ဆိုတဲ့အနက်တွေရှိပါတယ်။
ကဲ...သူနဲ့ဘယ်လောက်ကိုက်ညီလိုက်တဲ့ စကားလုံးလေးလဲလို့နော်။ အိုဘားမားကိုယ်တိုင်
ကလည်း အမေရိကန်သမ္မတသမိုင်းစာမျက်နှာသစ်ဖွင့်နိုင်လောက်အောင်လို့ စည်းရုံးရေးကာ
လတွေတုန်းက စကားလုံးလေးတစ်လုံးကို အထူးပြုပြီး အသုံးပြုခဲ့ရာကအဲဒီစကားလုံးလေးဟာ
အများလိုချင်တောင့်တနေတဲ့ ဆန္ဒတွေနဲ့တထပ်တည်း ဖြစ်လို့လူကြိုက်များအားကိုးခံရတာ မ
ဟုတ်လား။ အခုလည်း သူရေပန်းစားနေတာကို အခွင့်ကောင်းယူ ဒီလိုထွင်ပြီး နှပ်ကော်ဖီ
အဖြစ်ကြေငြာလိုက်တော့ လူတွေစိတ်ဝင်စားသွားကြတာပေါ့။

ဒီအရသာကို လူတိုင်း မြည်းစမ်းကြ ဝယ်ကြည့်ကြနဲ့ပေါ့။ တချို့ကတော့ သူ့ကိုချစ်လို့
ကြည်ညိုလို့ဆိုပြီး သူ့နာမည်ပါတဲ့နှပ်ကော်ဖီကို အသားလွတ်ဝယ်အားပေးတယ် ဆိုတာတောင်
ရှိပါသေးတယ်။ နောက်ပြီးကော်ဖီဆိုတာကလည်း လူတိုင်းအများကြိုက် စားသုံးခံရတဲ့
အမျိုးအစားမဟုတ်လား။ စကားလုံးရွေးချယ်အသုံးပြုမှုမှန်ကန်သွားလိုက်တာမှ လောင်းဖဲလိုး
ကော်ဖီကုမ္ပဏီကြီးကို အမှာစာတွေရောက်ရှိလာပြီး ပျံ့နှံ့ခေတ်စားသွားလိုက်တာ ကြော်ငြာခ
အထူးမပေးရဘဲနဲ့...........
The word is spreading, and we're keeping the roaster busy. People Magazine,CNN,USA Today, and numerous other newspeapers, news service agencies,
radio stations, and cable TV programs have featured Obama Blend specialty coffee. Join the taste drive that's taking all across the country.

ဆိုပြီး နာမည်ကြီး မဂ္ဂဇင်းတွေ သတင်းဌာနတွေနဲ့ သတင်းစာတွေမှာ တခမ်းတနားဖော်ပြခြင်း
ခံရတာကိုတွေ့ရပါတယ်။ဘာပဲပြောပြော သူတို့ကုမ္ပဏီကတော့ အများစီးပွားကျလို့ ဝန်ထမ်း
တွေတထိတ်ထိတ်ဖြစ်နေချိန်မှာ အသုံးလေးတစ်ခုကြောင့် လတ်တလောအလုပ်ဖြစ်သွားခဲ့တာ
အမှန်ပါ။ဒါဟာ "Recession" ဆိုတာကို ကျားကန်ခြင်းတစ်မျိုးပေလား။ စာရေးသူက
တော့ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေအတွက် မုဒိတာပွားမိရပါတယ်။ ကမ္ဘာ့
စီးပွားပျက်ကပ်ကြီး ဆိုက်နေချိန်မှာ နောက်ထပ် "Recession" ကို ကျားကန်ကြည့်ခြင်း
တစ်မျိုးကို ဆက်လက်တင်ပြချင်ပါတယ်။
ဆန်းသစ်တဲ့ ကြော်ငြာလေးတစ်မျိုးလို့လည်း ဆိုရမှာပါ။ ဒီနေ့ခေတ်က မီဒီယာခေတ်
ကြော်ငြာခေတ်ဖြစ်လာတာဆိုတော့ လူတိုင်းက ကိုယ့်စီးပွားရေးလုပ်ငန်းတိုးတက်ဖို့အတွက်
လုပ်ငန်းသေးရင်လည်းသေးတဲ့အလျောက် ကြီးရင်လည်းကြီးတဲ့အလျောက် နည်းမျိုးစုံနဲ့
ကြော်ငြာလာကြတာကို တွေ့နေရပါတယ်တချို့လုပ်ငန်းရှင်တွေဆိုရင် ကြော်ငြာဖို့အတွက်
ကုန်ကျမယ့်စရိတ်ကို အရင်းအနှီးထဲကနေ သီးခြားဖယ်ထားလာကြတာကို ကြည့်ရရင်
စီးပွားရေးလုပ်ငန်းတွေမှာ ကြော်ငြာဟာ အဓိကကျလာပြီဆိုတာကို မီးမောင်းထိုးပြနေသလို
ပါပဲ။ အခုမျှော်လင့်မထားဘဲ ကြော်ငြာလို့ကြော်ငြာမှန်းမသိခဲ့ဘဲ ကြော်ငြာခံလိုက်ရတဲ့
ကိုယ်တွေ့အဖြစ်လေးတစ်ခုကို ပြောပြချင်ပါတယ်။ အမေရိကန်နိုင်ငံ အီလီနွိုင်းပြည်နယ် ဒီခပ်ဆိုတဲ့မြို့လေးမှာ၂၀၀၈အောက်တိုဘာလ ၉ရက်နေ့ကပေါ့။ မြောက်အီလီနွိုင်းကျောင်း
ကြီးထဲက စာကြည့်တိုက်ကြီးရဲ့ရှေ့ ကွင်းပြင်ကြီးထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့
စည်စည်ကားကားဖြစ်လို့။ ဘာပါလိမ့်။ "Guitar Hero World Tour" ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့
စင်အသေးလေး။ ကျောင်းသူကျောင်းသားတချို့ တက်ဟဲနေကြတာကိုလည်းကြားရတယ်။
စင်အောက်မှာတော့ သီချင်းတက်ဆိုဖို့ ဂစ်တာတက်တီးဖို့ ဒရမ်တက်တီးကြဖို့ အဖော်ညှိပြီး
စဉ်းစားနေကြသူတွေလည်းရှိတယ်။ အလှည့်ရောက်ဖို့ စောင့်နေတဲ့အဖွဲ့တွေလည်းရှိတယ်။
အနားကဖြတ်သွားတဲ့လူတိုင်းကိုတော့ ပိုက်ဆံတပြားမှပေးစရာမလိုဘဲ သီချင်းတက်ဆိုလို့ ဂစ်တာတက်တီးလို့ရတဲ့အကြောင်းတီရှပ်အဖြူပေါ်မှာ "Guitar Hero World Tour" စာတန်း
ပါတဲ့အဖြူတစ်ယောက်က အပြေးလေးထွက်လာပြီး ဆွယ်နေလေရဲ့။ တစ်ဖွဲ့လုံးညီညွတ်လို့
သီချင်းဆုံးတဲ့အထိ ဆိုနိုင်ခဲ့ရင်တော့ တီရှပ်တစ်ထည် ဒါမှမဟုတ် အိတ်တစ်လုံးလက်ဆောင်
ပေးဦးမတဲ့။ လမ်းသူရဲဇာတိက မပျောက်သေးဘူးထင်ပါရဲ့။ ကိုယ့်အသက်ကို မေ့ပြီးတော့
တက်ဟဲပစ်ချင်စိတ်ပေါက်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် အရှေ့တိုင်းသားတစ်ယောက်က
အနားရောက်လာပြီးသူတို့အဖွဲ့မှာ သီချင်းဆိုတဲ့သူလိုနေလို့ဆိုမလားလို့မေးလာရော။"ဆိုချင်
ရက်လက်တို့" အမေးခံလိုက်ရတော့။ သိပ်မငြင်းပါဘူး။ကြိုက်တဲ့သီချင်းဆိုလို့ရရင်တော့
ဆိုမယ်လို့ပြောလိုက်မိတယ်။
တဖွဲ့လုံးက မင်းကြိုက်တာဆိုပါ တီးပေးမယ် ဒါဆိုရင်စာရင်းပေးလိုက်တော့မတဲ့။ ဘယ်တော့
မှ ရတဲ့သူမဟုတ်တော့လန့်နေရပြီ။ ဒါကြောင့် အနားကအရှေ့တိုင်းသားလေးကို ကပ်ပြီး စာ
သားပြသလားလို့မေးကြည့်တော့ တီဗွီဖန်သားပြင်ပေါ်မှာပြထားတယ်ဆိုလို့တော်ပါသေးရဲ့။
မီးစင်ကြည့်ကရတော့မှာပေါ့။ ဆိုဖို့အလှည့်လည်းရောက်ကရော ကိုယ်နဲ့မသိတဲ့သူတွေနဲ့အတူ
စင်ပေါ်ကိုခပ်တည်တည်နဲ့ တက်သွားလိုက်တယ်။ စိတ်ထဲကတော့ခပ်လန့်လန့်။သီချင်းကို
တော့သူတို့ကတိပေးထားတဲ့အတိုင်း ကိုယ့်စိတ်ကြိုက်ရွေးလိုက်ပြီး စဆိုကြတယ်။ အများရတဲ့
Bon Jovi ရဲ့ Living on a prayer သီချင်းလေးကို ရွေးဖြစ်လိုက်တယ်။

စက်ကလည်းအဆန်း။ ဒရမ်တီးတဲ့သူ ဘေ့စ်နဲ့လိဒ်ဂစ်တာတီးတဲ့သူ သီချင်းဆိုတဲ့သူ အားလုံး
ကီးကိုက်မှ သီချင်းကအဆုံးအထိဆက်သွားပေးတယ်။ ကီးမကိုက်ခဲ့ဘဲ တစ်ခုခုကြောင်သွားရင်
တော့ စက်ကအလိုလိုရပ်သွားတယ်။ဆိုရင်းခဏနေတော့ ရပ်သွားပါလေရော့။ စင်အောက်က
တစ်ယောက်ကတက်လာပြီးဒရမ်တီးတဲ့သူကြောင့် ရပ်သွားတာလို့လာပြောတယ်။
တော်ပါသေးရဲ့ ကိုယ့်ကြောင့်မဟုတ်လို့။

ဒီလိုနဲ့အစကပြန်ဆိုကြပြီး တစ်ပုဒ်လုံးအပြီးအထိ ညီညီညာညာနဲ့ဆိုလို့ရသွားကြတယ်။
သီချင်းဆိုပြီး စင်အောက်ဆင်းတာနဲ့ တစ်ဖွဲ့လုံးကို တီရှပ်ကိုယ်စီ လက်ဆောင်ပေးခံရလေရဲ့။
ပျော်လိုက်တာမပြောပါနဲ့။ အဲဒီတီရှပ်ကို တန်ဖိုးထားလွန်းလို့ အခုထိမဝတ်ရသေးဘူး။
ဒါပေမယ့် ဘာကြောင့်အခုလို သီချင်းအလကားဆိုခွင့်ပေးရတာလဲ။ လက်ဆောင်ပေးရတာလဲ
ဆိုတာကိုတော့ နားမလည်ဘူးဖြစ်နေတယ်။ ဘာပဲပြောပြော အဲဒီစက်ကလေးကိုတော့အတော်
သဘောကျမိတာအမှန်ပဲ။ ကိုယ်တင်မဟုတ်ဘူးတစ်ဖွဲ့လုံးပဲ။ သီချင်းဆိုအပြီး စင်ပေါ်ကဆင်း
လာကြတော့ချက်ချင်းပြန်မသွားနိုင်ကြသေးဘဲ အဲဒီစက်ကို စိတ်ဝင်တစားစပ်စုကြ မေးမြန်းကြ
နဲ့ သဘောတွေကျနေကြတာလေ။ကိုယ့်ဆီမှာတော့ အကအတွက်ပဲ ဒီလိုစက်မျိုးရှိတာတွေ့ဖူး
တယ်။ စာကြည့်တိုက် ကော်ဖီဆိုင်ထဲက မြောက်အီလီနွိုင်းကျောင်းသားတွေ ဦးစီးထုတ်တဲ့
"Northern Star" နေ့စဉ်ထုတ် ဂျာနယ်ရှေ့မျက်နှာဖုံးမှာ ဖတ်လိုက်ရတော့မှ ဒါစီးပွား
ရေးကြော်ငြာတစ်မျိုးဆိုတာသိလိုက်ရတယ်။ လူငယ်တွေအများစုဖြစ်တဲ့ ဒီကျောင်းကြီးကို
လာရတဲ့အကြောင်းအရင်းကတော့-

Prometers Katie and Crystal look on as JohnKuhne properly demonstrates how to
rock out on a guitar as they promoted the new Guitar Hero World Tour
ပါတဲ့။ ဂစ်တာနှစ်လက် ဒရမ်ဆက်နဲ့ မိုက်ကရိုဖုန်းပါတဲ့ ဒီစက်ကလေးဟာ ကွန်ပျူတာနဲ့
ဖြစ်စေ တီဗွီနဲ့ဖြစ်စေ ဆက်ပြီးသုံးလို့ရတယ်လေ။ ရော့ခ်သီချင်းတွေ ဟဲဗီးသီချင်းတွေ
ပါတဲ့ ဆော့ဖ်ဝဲကသက်သက်ရောင်းပေးပါသတဲ့။ စက်ကြီးပဲယူရင် ဈေးဘယ်လောက်
ဆော့ဖ်ဝဲကြီးဆို ဈေးဘယ်လောက် အဲ-နှစ်ခုလုံးယူရင်တော့ အထူးလျှော့ဈေးရှိပါသတဲ့။
ကဲ.......ဒါကလည်းဆန်းသစ်တဲ့ကြော်ငြာလေးတစ်မျိုးပေါ့နော်။စက်နဲ့ဆော့ဖ်ဝဲကို
လက်တွေ့ကျကျအသုံးပြုလိုက်စေခြင်းအားဖြင့် ဒီစက်ကို ပထမဆုံးတော့ စိတ်ဝင်စားသွား
မယ်။ နောက် ဝါသနာကြီးသူက လျှော့ဈေးနဲ့ရောင်းပေးတဲ့အခုလိုအချိန်မှာချက်ခြင်းဝယ်
ကြမှာပါ။

ဒီစက်ဆော့ဖ်ဝဲနဲ့ သက်ဆိုင်မယ့်သုံးစွဲသူတွေကလည်း လူငယ်တွေဖြစ်နေလေတော့ တမင်
တကာကို လူငယ်တွေအများစုရှိတဲ့ ကျောင်းထဲကို လာရောက်ပြီး လက်တွေ့မြည်းစမ်းခွင့်
ပေးလိုက်တာလေ။ အဲဒီနေ့က သူတို့ရည်ရွယ်ချက်ဘယ်လောက်ပြည့်ပြီး အဆင်ပြေသွား
သလဲဆိုတာမသိပေမယ့်လူတွေသိသွားစိတ်ဝင်စားသွားကြပြီး သူတို့စက်ကို သဘောကျ
သွားကြတာကတော့ အမှန်ပဲ။ ကိုယ်တိုင်အပါအဝင်ပေါ့။

ဒါကလည်း "Recession" ကိုကျားကန်ခြင်းတမျိုးဖြစ်မှာပါ။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်
နေတဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေအတွက်လည်း မုဒိတာပွားစရာတမျိုးပေါ့။ သူတို့
လုပ်ငန်းလေးဆက်လက်လည်ပတ်နေနိုင်သေးလို့လေ။



ဖြူဖြူဝင်း(မြန်မာစာ)

1 comment:

  1. Recession ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် နိုင်ငံတော် အနေနဲ့ရော၊ စီးပွားရေး ပညာရှင်တွေ အနေနဲ့ရော ကျားကန်နိုင်ဖို့ နည်းလမ်း ရှာကြတယ်။ ကျနော်တို့ နိုင်ငံ အနေနဲ့ကတော့ လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေ.. စတဲ့ လုပ်ငန်းတွေက စက်မှုလုပ်ငန်းထက် များစွာ ပိုမိုကျယ်ပြန့်တယ်။ ဒါကြောင့် တိုက်ရိုက်ထိခိုက်တာမျိုး မရှိပဲ ပြည်ပနိုင်ငံမှာ အလုပ် သွားလုပ်နေတဲ့ အလုပ်သမားများ ပြန်လည်ဝင်ရောက် လာခြင်း.. နိုင်ငံခြားဝင်ငွေ လျော့နည်းခြင်း.. ဒီလောက်ပဲ သွယ်ဝိုက် ထိခိုက်တာမျိုး ရှိမယ်။ ပြန်ဝင်လာသူတွေ အတွက် ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဆောင်ရွက် ပေးနိုင်ရင် ထို ထိခိုက်မှုဟာ လျော့နည်းကျဆင်းမယ် ထင်မိတယ်။ ဒီလမ်းကြောင်းကိုလဲ ဖော်ဆောင်နေတာ မြင်မိပါတယ်။

    ReplyDelete