အဘိဓာန်ထဲမှာ မတွေ့ရသေးတဲ့ မြန်မာစကားလုံးသစ်လေးတွေ

အမြဲမှန်ကန်နေတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အသုံးတွင်နေဆဲ ဘာသာစကားတစ်ခုအတွင်းမှာ ဝေါဟာရစကားလုံးသစ်လေးတွေ လူတွေကြားထဲမှာ အသစ်အသစ်တွေ ပေါ်ပေါက်ဖန်တီး တိုးပွားနေတဲ့အချက်ပေါ့။
ဒါတွေကို သတိထားမိတဲ့ ဘာသာစကားပညာရှင်တွေဟာ နေ့စဉ်နဲ့အမျှ မရေတွက်နိုင်အောင် ပေါ်ပေါက်နေတဲ့ စကားလုံးသစ်လေးတွေကို စုဆောင်းပြီး စကားလုံးအနက်ဖွင့်ကျမ်းတို့ အဘိဓာန်တို့ စတဲ့ကျမ်းတွေအဖြစ် ခေတ်အဆက်ဆက်က ပြုစုခဲ့ကြလို့ ကိုယ်အသုံးပြုနေတဲ့ ဘာသာစကားတစ်ခုရဲ့ တိုးတက်မှု၊ တိမ်မြုပ်သွားမှု၊ အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာမှု စတာတွေကို သိရှိလေ့လာ မှတ်သားနိုင်ကြရတာပါ။ 
အင်္ဂလိပ်ဘာသာစကားတွေမှာဆိုရင် The Oxford Essential Dictionary of New Words တို့ ' The New Oxford American Dictionary, Contemporary American English Words စတာတွေကို ဆယ်စုနှစ်တစ်ခါလောက် ပေါ်ထွက်နေတာကို တွေ့ကြရပါတယ်။ နေ့စဉ်နဲ့အမျှ တိုးပွားနေတဲ့ စကားလုံး သစ်တွေကို ဆယ်စုနှစ်တစ်ကြိမ် ပုံမှန်စုဆောင်းပြုစုလေ့ရှိတဲ့ ဘာသာစကားပညာရှင် Erin McKean ရဲ့ ၂၀၀၃ထုတ် Essential Dictionary of New Words ဆိုတဲ့ အဘိဓာန်ထဲမှာဆိုရင် ဒီနေ့ခေတ်ရဲ့ ပုံရိပ်တွေဖြစ်တဲ့... 
• ADSL[ asymmetric digital subscriber line ] တို့
• advergame[ a downloadable or Internet-based computer game that advertises a brand-name product by featuring it as part of the game ] တို့
• blog [ noun: a weblog, verb: add new material to or regularly update a weblog-Derivatives; blogger ]တို့
• Bluetooth [ trademark a standard for the short-range wireless interconnection of cell phones, computers and other electronic devices ] တို့
• GAPA [ ground-to-air pilotless aircraft ] တို့
• Google [ verb, noun: informal use an Internet search engine, particularly google.com: search for the name of someone on the Internet to find out information about them ] 
စတာတွေကို အဘိဓာန်အသုံးပြုသူတွေအတွက် စတင်အနက်ဖွင့် မှတ်တမ်းတင်လာကြတာကို တွေ့ကြရ ပါပြီ။ 
ဒီစကားလုံးတွေကို ဒီ့အရင်ပေါ်ခဲ့တဲ့ အဘိဓာန်ကျမ်းတွေထဲမှာ ရှာဖွေလို့ တွေ့ရှိဦးမှာ မဟုတ်ပါဘူး။ အခုဆိုရင် ဒီစကားလုံးတွေဟာ နည်းနည်းဟောင်းသွားပြီး facebook, facebookier or facebooker, wikileak, youtube စတာတွေတောင် တိုးပွားလို့ လာနေပါပြီ။
ဒါကြောင့် ဘာသာစကားတစ်ခုထဲမှာ အသစ်ဝင်ရောက်လာတဲ့ ဝေါဟာရအသစ်တွေ အတော်များများ ကိုကြည့်ရင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ စကားလုံးတွေက အားအသာဆုံးဖြစ်တာကိုလည်း တွေ့ရှိ သတိထားမိစရာဖြစ်ပါတယ်။
နောက်ပြီး ဒီစကားလုံးအမျိုးအစားတွေကိုကြည့်ရင် ဗန်းစကားအမျိုးအစားလည်းမဟုတ်၊ ဒေသိယစကား အဖြစ်လည်း သတ်မှတ်လို့မရ၊ နေ့စဉ်အရပ်သုံးစကားလည်း မဟုတ်ပြန်၊ ပညာရပ်ဆိုင်ရာဝေါဟာရ စစ်စစ်တွေလည်း မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဒါတွေကို ပညာရှင်တွေ သာမန်အရပ်သူအရပ်သားတွေ ကျောင်းသူကျောင်းသားတွေ သတင်းသမားတွေဟာ နေ့စဉ်နဲ့အမျှ အသုံးပြုနေကြပါပြီ။ 
စကားလုံးအဆင့်အဖြစ်လည်း သတ်မှတ်လို့ရနိုင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ဝေါဟာရတွေကလည်း ဖြစ်နေပြန်တော့ အဘိဓာန်တည်ပုဒ်အဖြစ် ထည့်သွင်းပြီး အနက်ဖွင့်ပြရမယ့် အခြေအနေဖြစ်လာတာကို ဘာသာစကားပညာရှင်တွေက ရိပ်မိသိရှိလာကြပြီး အခုလိုထည့်သွင်း ပြုစုလာကြတာ ဖြစ်ပါတယ်။ 
မြန်မာဘာသာစကားထဲမှာလည်း စာရေးသူသတိထားမိပြီး မြန်မာအဘိဓာန်တွေထဲမှာ မတွေ့ရသေးတဲ့ စကားလုံးသစ်လေးတွေ အတော်များများ ရှိနေတာကို တွေ့နေရပါတယ်။ မြန်မာစကားကလည်း ဒီနေ့အထိကို living language ဖြစ်နေသေးတာဆိုတော့ ဒါက သဘာဝကျပါတယ်။ တချို့စကားလုံးလေးတွေဆို မြန်မာဆန်ပြီး ချစ်စရာကောင်း အနက်အားကောင်းပြီး လှပတဲ့ စကားလေးတွေအဖြစ် တွေ့ကြရပါတယ်။ အများအားဖြင့် ဒီစကားလုံးအသစ်လေးတွေဟာ ဒီနေ့ခေတ်ရဲ့ ခေတ်ကြေးမုံကို အမှန်တကယ် ထင်ဟပ်ဖော်ပြနေတဲ့ ဝေါဟာရလေးတွေပေါ့။ ဒါလေးတွေကို မတင်ပြမီ ဘာသာစကားတစ်ခုအတွင်းမှာရှိတဲ့ ဝေါဟာရအသစ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲရတဲ့ အချက်လေးချက်ကို အရင်တင်ပြလိုပါတယ်။ အဲဒါကတော့....
၁. Language contact ဆိုတဲ့ ဘာသာစကားချင်းထိတွေ့မှုကြောင့်
၂. Need for words to express ဆိုတဲ့ အတွေးခေါ်သစ်တွေကို ဖော်ပြဖို့အတွက် စကားလုံးတွေ လိုအပ်လာလို့
၃. Need for social prestige ဆိုတဲ့ လူမှုရေး ဂုဏ်သိက္ခာလိုအပ်ချက်ကြောင့်
၎. Need for words to something secret ဆိုတဲ့ အုပ်စုတစ်စု၊ အသိုင်းအဝိုင်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွင်း အချင်းချင်းလျှို့ဝှက်ပြောဆိုဖို့ စကားလုံးလိုအပ်လာလို့ ..... စတာတွေကြောင့် ဖြစ်ပါတယ်။
မြန်မာတွေရဲ့ စကားလုံးအသစ်ဖန်တီးပုံ နည်းစနစ်ကလည်း စိတ်ဝင်စားစရာတစ်ခုပါ။ မြန်မာတွေဟာ နယ်ပယ်သစ်၊ နည်းပညာသစ်တချို့က စကားလုံးတွေကို မိမိတို့ဘာသာစကားအတွင်း ဝေါဟာရအသစ်အဖြစ် သွတ်သွင်းကြတဲ့ အခါမှာ...
၁. စကားလုံးတချို့ကို မြန်မာစကားစစ်စစ်တွေနဲ့ အစားထိုးပြီး ဘာသာပြန်မွေးစား သုံးစွဲကြပါတယ်။
၂. တခါတရံ ယူငင်သုံးစွဲတဲ့ မူရင်းဘာသာစကားက အသံထွက်အတိုင်း ချေးငှားသုံးစွဲထားတဲ့ ဝေါဟာရတွေ လည်း ရှိပါတယ်။
၃. တခါတရံ မြန်မာစကားနဲ့ ရောပြီး အသံဖလှယ်ခြင်း၊ ဘာသာပြန်ခြင်းပြုမနေတော့ဘဲ မူရင်းအတိုင်းသုံး တာတွေလည်း ရှိတာကိုတွေ့ရပါတယ်။
၎. တချို့ဝေါဟာရတွေကို အသံလှယ်ချေးငှားထားတဲ့ စကားလုံးနဲ့ မြန်မာဘာသာစကားထဲမှာ ရှိပြီးသား မြန်မာစကားစစ်စစ်နဲ့ တွဲပြီးသုံးတဲ့ ထူးကဲသုံး လေးတွေလည်း ရှိပါတယ်။
ဒီနေ့ခေတ်မှာ ကြားနေဖတ်နေကြရပြီး မြန်မာအဘိဓာန်ထဲမှာ ရှာလို့မတွေ့ နိုင်မယ့် စကားလုံးသစ်လေးတွေဟာ ဒီအချက်လေးချက်ထဲကနေ ပြေးမလွတ်တဲ့ အမျိုးအစားတွေဖြစ်နေတာကို တွေ့ကြရမှာပါ။
ဘာသာပြန်မွေးစားစကားသစ်လေးတွေ
ဘာသာပြန်တဲ့အခါမှာ Metaphrase ဆိုတဲ့ လုံးကောက်ဘာသာပြန်ခြင်း၊ Paraphrase ဆိုတဲ့ မူရင်းအဓိပ္ပါယ် စကားအသုံး အနှုန်းတွေကို ထပ်ချပ်မလိုက် လိုရင်းအနက်ထင်သလို ဘာသာပြန်ခြင်း၊ Imitation ဆိုတဲ့ မူရင်းက အထွေထွေအရိပ်အမြွက်လေးကို ယူပြီး ဘာသာပြန်ခြင်းရယ်လို့ သုံးမျိုးရှိတဲ့အထဲမှာ ဝေါဟာရသစ်တွေကို ဘာသာပြန်မွေးစားတဲ့အခါမှာတော့ လုံးကောက် ဘာသာပြန်နည်း Metaphrase ကိုပဲ သုံးတာတွေ့ရပါတယ်။ သာဓကအနေနဲ့ပြရရင်....
• Workshop ကို အလုပ်ရုံဆွေးနွေးပွဲ
• Office of Naval Research, ONR ကို ရေတပ်သုတေသနဌာန
• Cartoon Animation Course ကို ကာတွန်းရုပ်ရှင်ဖန်တီးမှုသင်တန်း
• Net work ကို ကွန်ရက်
• Word processor ကို စာစီစာရိုက်
• Straight hair ကို ဆံပင်ဖြောင့်
• Facial foam or cleaner ကို မျက်နှာသစ်ဆပ်ပြာ
• Sale clerk ကို အရောင်းစားရေး [Sale girl ကိုတော့ အရောင်းစာရေးမ ]
• Street-cross vinyl ကို လမ်းဖြတ်ပိုစတာ/ လမ်းဖြတ်ဗီနိုင်း
• Sea food ကို ပင်လယ်စာ
• Water heater ကို ရေပူစက်
• Show room ကို အရောင်းပြခန်း
• Table cutout or cutter ကို စားပွဲတင်မီးဖြတ်စက်
• Purified drinking water ကို ရေသန့်/သောက်ရေသန့်
• Entrance Exam ကို ဝင်ခွင့်စာမေးပွဲ
• Resolution ကို ရုပ်ထွက်ပြတ်သားမှု
စတဲ့ နောက်ဆုံးထုတ် မြန်မာအဘိဓာန်တစ်ခုဖြစ်တဲ့ ၁၉၉၉ခုနှစ်ထုတ် ခရီးဆောင်မြန်မာအဘိဓာန်ထဲမှာ မပါဝင်သေးတဲ့ စကားလုံးသစ်လေးတွေကို သုံးလာတာကို တွေ့နေကြားနေရပါတယ်။
အသံထွက်အတိုင်း ချေးငှားသုံးစွဲထားတဲ့ ဝေါဟာရသစ်လေးတွေ
အင်္ဂလိပ်စကားဟာ ကမ္ဘာ့သုံးစကားဖြစ်လာခဲ့ပြီးနောက် အင်္ဂလိပ်ဝေါဟာရတွေ မြန်မာစကားအတွင်းကို ကွန်ပျူတာလောက၊ စီးပွားရေးလောက၊ ပညာရေးလောက၊ နိုင်ငံရေးလောက စတဲ့ နယ်ပယ်အသီးသီးကတဆင့် နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာတွေဟာ အတွေးခေါ်သစ် နည်းပညာသစ်တွေကို လက်ဆင့်ကမ်းဖြော်ပနိုင်ဖို့အတွက် အင်္ဂလိပ်ဝေါဟာရတချို့ကို အနက်တူတဲ့ မြန်မာစကားလုံးတွေနဲ့ ဘာသာပြန်မွေးစားအသုံးပြုကြသလို တခါတရံမှာ ဝေါဟာရတစ်ခုအတွက် သင့်တော်မယ့် မြန်မာစကားလုံးကို ချက်ချင်းရှာဖွေတီထွင်ခြင်း မပြုနိုင်ရင်ဖြစ်စေ၊ အဲဒီစကားလုံးဟာ မြန်မာ့အာ မြန်မာ့လျှာနဲ့ ပြောဆိုရကိုက်ညီလွယ်ကူရင်ဖြစ်စေ မူရင်းအသံထွက်အတိုင်း မြန်မာအက္ခရာတွေနဲ့ အသံဖလှယ်ပြီး ချေးငှားသုံးစွဲထားတဲ့ ဝေါဟာရသစ်လေးတွေလည်း အလိုအလျောက် တိုးပွားပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ သာဓကပြဆိုရရင်....
“အင်တာနက်၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဗီနိုင်း၊ စင်တာ၊ ဒစ်ဂျစ်တယ်၊ စပွန်ဆာ၊ စီးကွင့်၊ ပရင့်တာ၊ စတေကာ၊ ဂျာနယ်လစ်၊ နက်ဂိမ်း၊ ဆီလီကွန်၊ အီးမေး၊ ဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်း၊ ဗိုင်းရပ်စ်၊ လေဆာပရင့်တာ၊ အင်ဗာတာ၊ အီးစီဂျီ၊ ဆိုက်ဘာ” စတဲ့ စကားလုံးသစ်လေးတွေကိုလည်း တွေ့မြင်လာကြရပါပြီ။
ထူးကဲသုံးမြန်မာစကားသစ်လေးများ
မြန်မာစကားမှာ တခြားဘာသာစကားတစ်ခုခုက အသံထွက်အတိုင်း ယူငင်ပြီး အသံလှယ်ချေးငှားထားတဲ့ ဝေါဟာရတွေ ရှိသလို အဲဒီအသံလှယ်စကားလုံးနဲ့ လိုက်ဖက်ရာ မြန်မာစကားစစ်စစ် တွေနဲ့ တွဲပြီးသုံးတာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာကို တွေ့ရပါတယ်။
“ပါလီမန် အတွင်းရေးမှူး၊ ကွန်ပျူတာ အရောင်းပြခန်း၊ ကွန်ဂရက် စာကြည့်တိုက်၊ အိုဇုန်း အလွှာ၊ လေဆာ ရောင်ခြည်၊ လေဆာရော်ဘာ တံဆိပ်တုံး၊ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ စကင် ဖတ်၊ စတို ကြီးကြပ်၊ ကောင်တာ စာရေး၊ ဆီလီကွန် ထည့်၊ ဆပွန်ဆာ ပေး၊ အီမို ဆံထုံး၊ စီးကွင့် ထိုး၊ အာအို စက်၊ ဂိမ်း ဆိုင်၊ ပရင့် ထုတ်၊ ဖိတ်စာ ကဒ်၊ ဆိုက်ဘာ ပန်းချီပွဲတော်၊ အိုင်တီ ကုမ္ပဏီ၊ အမျိုးသား အိုင်စီတီ ဆုပေးပွဲ၊ မြန်မာ အိုင်စီတီ ပြပွဲ၊ ကော်ပီ ကူး၊ မိခင် ကွန်ရက်” စတာလေးတွေကိုလည်း တွေ့ကြရပါတယ်။ 

ဒီထူးကဲ စကားလုံးသစ်လေးတွေကို ကြည့်ရင် မြန်မာစကားအတွင်းမှာ ဝေါဟာရအသုံး တိုးပွားလာတဲ့အပြင် အနက်အဓိပ္ပါယ်လည်း ကျယ်ပြန့်လာတယ်လို့ ဆိုရမှာပါ။ အခုဖော်ပြခဲ့တဲ့ မြန်မာဝေါဟာရလေးတွေဟာ နောက်ဆုံးထုတ်မြန်မာအဘိဓာန်တွေထဲမှာ မပါဝင်သေးတဲ့ စကားလုံးသစ်လေးတွေပါ။ ဒီစကားလုံးသစ် လေးတွေဟာ အနက်အဓိပ္ပါယ်ပြည့်ဝစွာရှိနေပြီး သဒ္ဒါအမျိုးအစားကိုလည်း ခွဲခြားသတ်မှတ်လို့ရတဲ့ ဝေါဟာရတစ်လုံးရဲ့ဂုဏ် အပြည့်အဝရှိနေတာကိုလည်း တွေ့ကြရမှာပါ။ ဒါကြောင့် အခုလို စုဆောင်းလေ့လာပြီး ဆောင်းပါးအဖြစ် တတ်နိုင်သလောက် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ဖြူဖြူဝင်း(မြန်မာစာ)
ကိုးကားစာရင်းစု
The World Book Encyclopedia, Volume 4-ci,cz. (1979). USA
Illustrated Computer Dictionary (A to Z). Aung Myint,M.E.,Australia.(1998-99)
The Oxford Essential Dictionary of New Words. Erin McKean. (2003)
ခရီးဆောင်မြန်မာအဘိဓာန်၊ မြန်ကွန်စာပေ၊ မြန်မာစာအဖွဲ့ (၁၉၉၉)
မြန်မာစာသုတဂျာနယ်၊ အတွဲ ၂၊ အမှတ် ၁၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန (၁၉၉၇ မတ်လ)

No comments:

Post a Comment