ဖြည့်စွက်ချက်ကပေးလိုက်တဲ့ “ခင်ကြီး” ပြဿနာ

နာမည်ကြီးပြီး ပညာရှင်များအားထားရတဲ့ အဘိဓာန်တစ်ခုကို ခေတ်အလျောက် ထပ်မံဖြည့်စွက်ထုတ်ဝေတော့မယ်ဆိုရင် မူရင်းနာမည်ခံ ပညာရှင်ရဲ့ အာဘော်စစ်စစ်ကို မထိခိုက်ရစေဖို့ မထိပါးရစေဖို့ အလွန်အရေးကြီးလှပါတယ်။ မူရင်းအဘိဓာန်ပြုစုသူ ပညာရှင်ရဲ့ အာဘော်မဟုတ်ဘဲ မူရင်းပညာရှင်က မမှားဘဲ နောက်လူတွေကြောင့် တစ်စုံတခု လွဲမှားသွားခဲ့ရင် အမည်ခံပညာရှင်ကို ထိခိုက်နိုင်သလို ကိုးကားမှုပြုလိုက်ကြတဲ့ နှောင်းပညာရှင် သုတေသီအတွက်ပါ တလွဲသုံးမှုတွေ လွဲမှားယူဆဖော်ပြမှုတွေ ပေါ်ပေါက်လာနိုင်လို့ပါ။ နောက်ပြီး ကိုးကားတဲ့ နှောင်းခေတ်သုတေသီတွေ ကလည်း ကိုးကားတာဟာ မူရင်းပြုစုခဲ့တဲ့ ပညာရှင်ရဲ့ လက်ရာလား နောက်ပညာရှင် ဖြည့်စွက်သူတွေဆီကလား အဲဒီ ကိုးကားတဲ့အချက်အလက်ကရော မှန်ရဲ့လားဆိုတာကို အတိအကျဖော်ထုတ်ဖို့ ဖော်ပြဖို့ သတိထားဖို့ လိုအပ်လှပါတယ်။ ဒါကို ထင်ရှားတဲ့ သာဓကလေးနှစ်ခုနဲ့ တင်ပြပါရစေ။
မြန်မာနိုင်ငံမှာ ခေတ်မီနှစ်ဘာသာ အဘိဓာန်တွေရဲ့ ရှေ့ပြေးလို့ ပညာရှင်အများဆိုခဲ့ကြတဲ့ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ဟာ ၁၈၅၂ထုတ် မူကလွဲလို့ နောက်ပိုင်း ဆယ်ကြိမ်လောက် ထပ်မံထုတ်ဝေခဲ့ကြတဲ့ အထဲမှာ ဖြည့်စွက်ချက်တွေ ပါဝင်လာခဲ့ပါတယ်။
ဒီလို မူကွဲတွေ ရှိတဲ့ အထဲက နှောင်းပညာရှင်သုတေသီများဟာ ကိုးကားထုတ်နုတ်အသုံးပြုပြီဆိုရင် ၁၉၅၃ထုတ် ရာပြည့်အဘိဓာန်မူကိုပဲ အများဆုံး အသုံးပြုခဲ့ကြတာကလည်း ထူးခြားချက်တခုလို့ ဆိုရမှာပါ။ “ခင်ကြီး” ဆိုတဲ့ ဝေါဟာရရဲ့ အလွဲလေးတချို့ကို ဒီဆောင်းပါးမှာ သာဓကအနေနဲ့ ပြဆိုပါရစေ။
“ခင်ကြီး” ဝေါဟာရနဲ့ ပတ်သက်လို့ ဆရာယုဒသန်ရဲ့ လက်ရာ အစစ်ဆုံးလို့ မှတ်ယူနိုင်တဲ့ ၁၈၅၂ထုတ်မူထဲက စာမျက်နှာ ၁၉၅မှာ-
ခင်ကြီး - (from သခင် and ကြီး) n. a priest of Buddha ဘုန်းကြီး၊ ပဉ္ဇင်း၊ ရဟန်း
ဆိုပြီး အပိုမပါ ဒီလောက်ပဲ အနက်ဖွင့်ပြခဲ့တာကို တွေ့ရပါတယ်။ ဘာနမူနာဝါကျအသုံးမှလည်း ပါတာကို မတွေ့ရပါဘူး။ ၁၉၅၃ခု နှစ်တစ်ရာမြောက် ပုံနှိပ်ခြင်းမူမှာတော့ စာမျက်နှာ ၂၅၈မှာ ဆရာယုဒသန် ဖော်ပြခဲ့တဲ့အတိုင်း တစ်လုံးမလွဲ ဖြော်ပခဲ့ပေမယ့် နောက်ဆက်တွဲ (A) စာမျက်နှာ ၁၀၇၀ နံပါတ် ၄၉မှာတော့ အဲဒီ “ခင်ကြီး” တည်ပုဒ်ကိုပဲ ထပ်မံပြီး....
In the time of King Bodaw no one was allowed to address (or talk of) a rahan as pongyi (ဘုန်းကြီး), as that monarch disputed their right to the title, and held that no one was ဘုန်းကြီး except his royal self; hence the origin of ခင်ကြီး
ဆိုပြီး ဘိုးတော် ပဒုံမင်း လက်ထက်မှာ ဘုရင်ဟာ သူကလွဲလို့ ဘုန်းတော်ကြီးမြတ်တဲ့အနေနဲ့ ခေါ်တဲ့ “ဘုန်းကြီး” ခေါ်နေကျ ရဟန်း သံဃာတော်တွေကို “ခင်ကြီး”လို့သာ ခေါ်ခွင့်ရှိတယ်လို့ နောက်ဆက်တွဲထဲမှာ အပိုဖြည့်စွက် တင်ပြထားခဲ့ကြပါတယ်။ ဒါပေမယ့် ဖော်ပြဖြည့်စွက်သူတွေက ယုဒသန်ရဲ့ မူရင်းလက်ရာကို မတို့မထိဘဲ နောက်ဆက်တွဲကဏ္ဍမှာသာ အခုလို ဖော်ပြဖြည့်စွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ နောက်ဆက်တွဲ ဖြည့်စွက်ချက် နံပါတ် ၄၉ကို ကိုးကားမိသွားတဲ့ နှောင်းသုတေသီတစ်ယောက်ကတော့ ဆရာကြီးဒေါက်တာသန်းထွန်းပါ။ ဆရာကြီးရဲ့ " The Royal Orders of Burma, A.D. 1598-1885 [ a monumental work of ten volumes] " ဆိုတဲ့ အတွဲဆယ်တွဲထဲက အတွဲတစ်ဆယ်ရဲ့ စာမျက်နှာ ၁၀၅မှာ-
ခင်ကြီး - popular name of a monk because Bhun;Kri: (ဘုန်းကြီး) is the King [Judson, 1070, n.49]
ဆိုပြီး နှစ်တစ်ရာပြည့်မူ ၁၉၅၃က စာမျက်နှာနဲ့ နံပါတ်ကိုပါ ဖော်ပြထားပါတယ်။ အနက်အဖွင့်ကတော့ သူ့အတိုင်းမဟုတ်ဘဲ ဆရာကြီးနားလည်သလို တိုတို ရှင်းရှင်း သူ့ဟန်နဲ့သူ အဲဒီသဘောကို ပေါ်အောင် ပြန်လည်ဖွင့်ဆိုထားတာပါ။ ဒီ “ခင်ကြီး” ဝေါဟာရရဲ့ နောက်ဆက်တွဲ ဖြည့်စွက်ချက်ကိုပဲ ထပ်မံကိုးကားသုံးနှုန်းခဲ့တဲ့ နောက်ထပ်ပညာရှင်တစ်ယောက်ကတော့ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် တက္ကသိုလ်များ သမိုင်းဦးစီးဌာနက ဆရာဦးသိန်းလှိုင်ပဲ ဖြစ်ပါတယ်။ ဆရာကြီးက သူပြုစုခဲ့တဲ့ ၂၀၀၂ထုတ် ဒုတိယအကြိမ်ပြင်ဆင်ဖြည့်စွက် ပုံနှိပ်ထားတဲ့ “ခေတ်ဟောင်းမြန်မာသမိုင်း သုတေသနအဘိဓာန်” စာမျက်နှာ ၂၃-၂၄ မှာ...
ခင်ကြီး - ဘုန်းကြီး [ပဒုံမင်း(၁၇၈၂-၁၈၁၉) လက်ထက်တွင် ရဟန်းများကို ဘုန်းကြီးဟု မခေါ်စေရ။ ဘုရင်မင်းမြတ်သည်သာ ဘုန်းကြီးဖြစ်သည်ဟု ထိုမင်းက ယူဆသဖြင့် ရဟန်းများကို ခင်ကြီးဟုသာ ခေါ်စေခဲ့သည်။]
(ယုဒသန်- စာ-၂၆၇)
ဆိုပြီး ယုဒသန်ရဲ့ ၁၉၅၃ခု ရာပြည့်မူက ဖြည့်စွက်ချက်အတိုင်း ဖော်ပြထားပါတယ်။ ဆရာကြီးဦးသိန်းလှိုင်ရဲ့ ကျမ်းကိုးစာရင်းအရ ဆရာကြီးဟာ ဒီတည်ပုဒ်အတွက် ၁၉၅၃ထုတ် ရာပြည့်မူကိုပဲ အားကိုးခဲ့တာပါ။ ဒီမှာ စာမျက်နှာ ၂၆၇ လို့ ညွှန်းဆိုထားတာလည်း လွဲချော်နေတာကို တွေ့ရပါတယ်။ တကယ်က စာမျက်နှာ ၂၆၇မှာ အဲဒီ “ခင်ကြီး”တည်ပုဒ် လုံးဝမပါဝင်ပါဘူး။ ဆရာကြီး ဘာသာပြန် ကိုးကားပြထားတဲ့အတိုင်း ဖော်ပြထားတာက အဲဒီမူရဲ့ နောက်ဆက်တွဲ (A) စာမျက်နှာ ၁၀၇၀ နံပါတ် ၄၉မှာ ဖြစ်နေတာပါ။ ဒီအလွဲလေးကလည်း သတိထားမိစရာ၊ သတိပြုမိစရာလေးတချက်လို့ ဆိုရမှာပါ။ ဒီအကိုးအကားတွေအရ ဆရာကြီး ဒေါက်တာသန်းထွန်းရော ဆရာကြီး ဦးသိန်းလှိုင်ပါ ယုဒသန်အဘိဓာန် ၁၉၅၃ ထုတ်မူက “ခင်ကြီး” ဝေါဟာရကို ယုဒသန်အာဘော်ကို မဖြည့်စွက်ဘဲ မူရင်းအတိုင်း ဖော်ပြထားတဲ့ စာမျက်နှာ ၂၅၈က ပင်မတည်ပုဒ်ကို မကိုးကားဘဲ နောက်ဆက်တွဲ(A) နံပါတ်၄၉ ဖြည့်စွက်ချက်ကို ကိုးကားကြတာ ထင်ရှား လှပါတယ်။ ဒါကြောင့် ဒီနောက်ဆက်တွဲက ဖြည့်စွက်ချက်အဆိုကို ဆရာကြီးနှစ်ပါးလုံးက တသဘောတည်း တူညီ ထောက်ခံကြတာလို့ မှတ်ယူလို့ရပါတယ်။ 
ဒါပေမယ့် အဲ့ဒီ “ခင်ကြီး” ဝေါဟာရကို ဗဒုံမင်းမတိုင်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀လောက်ကတည်းက ရဟန်း သံဃာတော်တွေကို သုံးနှုန်းခေါ်ဝေါ်ခဲ့ကြောင်း ...
သက္ကရာဇ် ၉၁၀တွင် ရှင်မဟာသီလဝံသ၏တပည့် “တိလောက ခင်ကြီး” ခေါ် ရှင်ဣန္ဒဂုတ္တမထေရ် သည် သင်္သကရိုက်ဘာသာဖြင့် ရှိသော နီတိကျမ်းတစောင်ကို အမှီပြု၍ “နဝရတ်ပျို့” ကို ရေးသားပြုစုသည်
ဆိုပြီး ဦးဖေမောင်တင်ရဲ့ “မြန်မာစာပေသမိုင်း” [တတိယအကြိမ် ပုံနှိပ်မူ သက္ကရာဇ် ၁၃၁၀ သုဓမ္မဝတီ ပုံနှိပ်တိုက် ရန်ကုန်] စာမျက်နှာ ၈၃မှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ အထက်ကဖော်ပြခဲ့တဲ့ ဆရာကြီးနှစ်ယောက်ဆိုလိုချင်တာက ရဟန်းသံဃာတော်တွေကို “ခင်ကြီး” လို့ ခေါ်ဝေါ်သုံးစွဲတာဟာ ဗဒုံမင်းလက်ထက်မှသာ ဘုရင်ကလွဲလို့ ဘုန်းကြီးတဲ့သူ “ဘုန်းကြီး”လို့ ခေါ်တာ မကြိုက်လို့ အဲဒီစကားအစား ခေါ်ရမယ့်စကားလုံးဆိုတဲ့သဘော ဖြစ်နေပါတယ်။ ဒါပေမယ့် ဆရာဦးဖေမောင်တင်ရဲ့ အသုံးအရ ရဟန်းသံဃာတော်ကို “ဘုန်းကြီး” ဆိုတဲ့စကားအပြင် “ခင်ကြီး” လို့လည်း အလှယ်လှယ် သုံးစွဲခဲ့ ခေါ်ဝေါ်ခဲ့တာ အင်းဝခေတ်ကတည်းက ဖြစ်နေတာကို တွေ့ရပါတယ်။
နောက်ပြီး ဆရာကြီး ဒေါက်တာသန်းထွန်းက “ခင်ကြီး”ဝေါဟာရနဲ့ ပတ်သက်လို့ ယုဒသန် ၁၉၅၃ထုတ် ရာပြည့်မူ ဖြည့်စွက်ချက်ကို ထောက်ခံတဲ့သဘော The Royal Orders of Burma အတွဲတစ်ဆယ်ထဲမှာ ကိုးကားခဲ့ပေမယ့် ဆရာကြီးပဲပြုစုခဲ့တဲ့ အဲဒီဆယ်တွဲထဲက တခြားအတွဲတွေထဲမှာတော့ ဗဒုံမင်းလက်ထက်မှာကိုပဲ ရဟန်းသံဃာတော်ကို “ဘုန်းကြီး” လို့ သုံးစွဲမိန့်ထုတ်ပြန်ထားတာကို မျက်စိလည်ချင်စရာ တွေ့ရပြန်ပါတယ်။ ဒီအတွဲတွေထဲကပဲ အထောက်အထားတချို့ကို သာဓကအဖြစ် ထုတ်နုတ်ပြပါရစေ။
“ဘုန်းကြီး ရှင်ပညာနှင့်ရှင်ပုကို ရအောင်ရှာစေ”
[သက္ကရာဇ် ၁၁၄၉ခု တပေါင်းလဆန်း ၁၃ရက်နေ့ည နားခံကျော်စွာ နော်ရထာတွင်ပြန်] (18.Feb.1788)
[The Royal Orders of Burma, Volume 5, page-380]
တခါ အဲဒီ အတွဲ ၅ စာမျက်နှာ ၄၀၆မှာပဲ...
တောင်လေးလုံး ဘုန်းကြီးသည် ဆရာတော်တို့နှင့် သဘာဂ ကတိကဝတ်ရှိပြီးမှ သဘာဂမဟုတ်။
အထက်စွန့်သည့် ကျောင်းတိုက်မှာ သဘာဂမဖြစ်သူတို့နှင့် ပေါင်းဘက်နေထိုင်ပြန်သည်။
တောင်လေးလုံး အနောက်တိုက်၊ အုန်အင်တိုက် သင်္ဃာတို့သည်လည်း ဆရာတောင်လေးလုံးနှင့်ပင်
သဘာဂမပြုလိုကြောင်းနှင့် ရွှေနားတော်ကြားတော်မူသည်။ တောင်လေးလုံးဘုန်းကြီးနှင့် 
တောင်လေးလုံးအနောက်တိုက် အုန်အင်တိုက် သင်္ဃာတို့ကို မည်သူကမျှ မလှူမဒါန်း 
မရောက်မပေါက်စေနှင့်။ လှူဒါန်းရောက်ပေါက်လျှင် လှူဒါန်းပေါက်ရောက်သူတို့ကို ခြေကိုဖြတ်
[သက္ကရာဇ် ၁၁၄၉ခု နှောင်းတန်ခူးလဆန်း ၁၁ရက် နားခံကျော်စွာတွင်ပြန်] (17 March 1788)
ဆိုပြီး တွေ့ရပါတယ်။ ဒီအထောက်အထားလေးမှာပါတဲ့ “တောင်လေးလုံး ဘုန်းကြီး” ဆိုသူ သံဃာတော်ကို ဗဒုံမင်းကြီးက စိတ်အလိုကျဟန်မတူပါဘူး။ သွားပြီး ဆက်ဆံလှူဒါန်းထောက်ပံ့သူတွေကို (လက်)ခြေတွေ ဖြတ်စေ ဆိုပြီး အမိန့်ထုတ်ထားပါတယ်။ ဒါပေမယ့်လည်း “ဘုန်းကြီး” ဆိုတဲ့ ဝေါဟာရကို သုံးထားတာတွေ့ရပါတယ်။ ဒါလေးက သတိချပ်စရာလေးတစ်ခုပါ။
ဗဒုံမင်းနဲ့ပတ်သက်တဲ့ အမိန့်တော်တွေ အများဆုံး ပါဝင်တဲ့ အဲဒီ အတွဲ ၅ ထဲမှာပဲ ထပ်မံပြီး...
ရတနာသိင်္ဃမြို့မှာ သာထွန်းဘုန်းကြီးတပည့် သင်္ကြန်စာလုပ်သူတို့ကို ခေါ်စေ။ သင်္ကြန်စာရှိသမျှကိုလည်း ဆောင်ယူခဲ့စေ။ အရပ်ရပ် ဗေဒင်သမားရှိသမျှကိုလည်း ဗေဒင်မှုကို အမှန်အကန်ဖြစ်အောင် ပြောဆိုစေရမည်။ ရွှေဘဝါးတော်အောက် ခေါ်စေ
[သက္ကရာဇ်၁၁၆၃ခု ဝါဆိုလဆန်း၃ရက်နေ့ ဝန်ထောက်နေမျိုးသီရိစည်သူ စာရေးငမြတ်သားအေးတွင် ပြန်](12 June 1801)
ဆိုပြီး စာမျက်နှာ ၇၀၈မှာ တွေ့နိုင်ပါတယ်။ ဒီ “သာထွန်းဘုန်းကြီး” ဆိုတဲ့ သံဃာတော်ကိုတော့ ဗဒုံမင်းက ဗေဒင်တတ် သင်္ကြန်စာဟောတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ထင်ပါတယ်။ ကြည်ကြည်ဖြူဖြူ ပင့်ခေါ်ခိုင်းထားပါတယ်။ မြန်မာ ဗုဒ္ဓဘာသာထုံးစံအရတော့ အရိယာသံဃာတော် ကျင့်ဝတ်နဲ့ နည်းနည်း သွေချော်နေသူပေမယ့် “ဘုန်းကြီး”လို့ပဲ သုံးထားတာကို တွေ့ရပြန်ပါတယ်။
သစိုးရွာတောင် နွားပြင်းရွာ အရှေ့အင်းချောင်း သမ္ပရာရွာမှာ သတင်းသုံးနေသည့် ဗေဒင်တတ်ဘုန်းကြီး ရှင်ဝရကို ပင့်စေ
[သက္ကရာဇ်၁၁၆၃ခု ဝါဆိုလဆန်း၈ရက်နေ့ အသုံးစာရေး လက်ဝဲဇေယသူကို ခေါ်၍ ပြန်](17 June 1801)
ဒါကလည်း  ဗဒုံမင်းရဲ့အမိန့်တော်တွေပါတဲ့  The Royal Orders of Burma, Volume 5, page-717မှာ ပါတာပါ။ ဗေဒင်တတ် ဘုန်းကြီးတွေကို ဗဒုံမင်းက လိုလိုလားလားရှိဟန်တူပါတယ်။ ဒီအမိန့်မှာ “ပင့်စေ” ရယ်လို့ သိက္ခာပြည့်စကားကို သုံးထားလို့ပါ။
ဒါတွေအပြင်...
ဘုန်းကြီးပေါက်ဆိန် နေရန်ကျောင်းမှာ ရှိနှင့်သည့်ကျောင်းကို ပြောင်း၍ ဆင်ဖြူတော်တင်းကုတ်ရာ အရှေ့တောင်သင့်ရာတွင် ဆောက်လုပ်စေ။ ရှိရင်းကျောင်း ကျင်းသည်။ အဆောင်တဆောင်တိုး၍ ဆောက်လုပ်စေ
[သက္ကရာဇ်၁၁၆၈ခု ဝါခေါင်လပြည့်ကျော် ၅ရက်နေ့ ညည့် နားခံစမြောင်မှုးတွင် ပြန်](3 August 1806)
ဆရာတော်တို့ကို ယခုနေ့ မင်းကွန်းသို့ ရောက်အောင်ပင့်စေ။ ဆင်ဖြူတော်ကြိုထွက်တော်မူသည့် အခိုက် ပုသိမ်မင်းကို ရွှေမြို့တော်သို့ ဝင်နေစေ။ ဘုန်ကြီး ဝရဇိန်ကိုလည်း လိုက်စေ
ဆိုပြီး The Royal Orders of Burma အတွဲ ၅ စာမျက်နှာ ၃၀၉မှာလည်း “ဘုန်းကြီး”ဆိုတဲ့ အသုံးကို ထပ်မံတွေ့နိုင်ပါသေးတယ်။ ဗဒုံမင်းဟာ အခုလို ကျောင်းဆောက် တိုးချဲ့လှူဒါန်းလိုတဲ့ သူနဲ့အတူ လိုက်ပါပင့်ဆောင်စေလိုတဲ့ ရဟန်းသံဃာတော်တွေကိုသာ အခုလို “ဘုန်းကြီး” လို့ သုံးထားတာမဟုတ်ပါဘူး။ 
မြို့သာကျေး နတ်စိမ်းဘုန်းကြီးတို့မှာ တသီးတဌာနဖြစ်သည်။ ပင့်ခေါ်စေ....
[သက္ကရာဇ်၁၁၆၉ခု နတ်တော်လပြည့်ကျော် ၁၃ရက်နေ့ နားခံဇေယနော်ရထာတွင် ပြန်](27 December 1807)
[အတွဲ ၆ စာမျက်နှာ ၅၆၈] 
နတ်စိမ်းကိုးကွယ်တဲ့ ရဟန်းသံဃာတော်တွေကိုလည်း “ဘုန်းကြီး”လို့ပဲ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ အထောက်အထားလေး တစ်ခုပါ။
ပိဋကတ်ကျမ်းဂန်များမှာ မာဂဓဘာသာ အက္ခရာမှ ရေးသင့်ကြောင်းကို ပါဠိတော်လာ ရှိသော်လည်း မာဂဓဘာသာ အက္ခရာထင်ရှားမတွေ့မရှိ။ ပိဋကတ်ကျမ်းဂန် ပါဠိတော် မပျောက်မပျက် မတိမ်မမြုပ် စေသင့်ဖြစ်သည်။ ပိဋကတ်ရေးတို့ကို ပိဋကတ်တိုက်စိုးတို့ ကြပ်မ၍ ရေးမြဲရေးစေ။ ပိဋကတ်မှာ စာကြည့် စာတည်းမှာလည်း ကျမ်းဂန်နားလည်သူ လူထွက်တို့ကို ရွေး၍သွင်း။ မဟာဒါန်တိုက်ဝန် ကျောင်းကထွက်သွားသည့် တောင်တွင်းဘုန်းကြီးကို အိမ်ရှေ့ဝန်တို့က ခေါ်စေ
[သက္ကရာဇ်၁၁၇၂ခု ဒုတိယဝါဆိုလဆန်း ၁၀ရက်နေ့ နားခံပြော့ကြီးမှုးတွင် ပြန်](10 July 1810)
[အတွဲ ၆ စာမျက်နှာ ၇၇၄] 
ဒီအမိန့်ထဲမှာပါတဲ့ ရဟန်းသံဃာကိုလည်း “တောင်တွင်းဘုန်းကြီး”လို့ သုံးထားပါတယ်။ “ဘုန်းကြီးရှင်ပညာ၊ ဘုန်းကြီးရှင်ပု၊ တောင်လေးလုံးဘုန်းကြီး၊ သာထွန်းဘုန်းကြီး၊ ဘုန်းကြီးရှင်ဝရ၊ ဘုန်းကြီးပေါက်ဆိန်၊ ဘုန်းကြီးဝရဇိန်၊ နတ်စိမ်းဘုန်းကြီး၊ တောင်တွင်းဘုန်းကြီး” စတဲ့ အထောက်အထားတွေဟာ ဘိုးတော်ဗဒုံမင်းလက်ထက်က အမိန့်တော်တွေထဲကချည်း ဖြစ်ကြပါတယ်။ ဒါကြောင့် ဘိုးတော်ဗဒုံမင်းဟာ သူ့လက်ထက်မှာ 
ဘုန်းကြီး [ပဒုံမင်း (၁၇၈၂-၁၈၁၉) လက်ထက်တွင် ရဟန်းများကို ဘုန်းကြီးဟု မခေါ်စေရ။ ဘုရင်မင်းမြတ်သာ ဘုန်းကြီးဖြစ်သည်ဟု ထိုမင်းက ယူဆသဖြင့် ခင်ကြီးဟုသာ ခေါ်စေခဲ့သည်]
ဆိုတဲ့ ယုဒသန် မြန်မာ-အင်္ဂလိပ်အဘိဓာန် ၁၉၅၃ထုတ် ရာပြည့်မူက ဖြည့်စွက်ချက် နံပါတ်၄၉၊ ဆရာကြီး ဒေါက်တာသန်းထွန်းက ထပ်မံကိုးကားခဲ့တဲ့ The Royal Orders of Burma, A.D. 1598-1885, Volume 1-10 နဲ့ ဆရာကြီး ဦးသိန်းလှိုင်ရဲ့ “ခေတ်ဟောင်းမြန်မာသမိုင်း သုတေသနအဘိဓာန်”ပါ ရည်ညွှန်းဖော်ပြချက်တွေဟာ အဲဒီအဆိုအတွက် ချင့်ချိန်စဉ်းစားဖွယ်ရာဖြစ်တာကို တွေ့ကြရမှာပါ။ နောက်ပြီး ရဟန်းသံဃာကို “ခင်ကြီး” လို့ စကားလုံးတစ်လုံးအနေနဲ့ သုံးခဲ့တာဟာ ဘိုးတော်ဗဒုံမင်းလက်ထက်ကမှ စတင်ခေါ်ဝေါ်သုံးစွဲခဲ့တာမဟုတ်ဘဲ အင်းဝခေတ်ကတည်းက သုံးစွဲခဲ့ကြတာကိုလည်း တွေ့ကြရမှာပါ။
ဗဒုံမင်းကပဲ သူသာလျှင် ဘုန်းကြီးသူဖြစ်ပြီး တခြားသူတွေကို ဘုန်းကြီးဆိုတဲ့ အသုံးအနှုန်းမသုံးရလို့ ဆိုတာကိုလည်း တခြားစာပေအထောက်အထားတို့ အမိန့်ထုတ်ပြန်တာတို့ မတွေ့ရဘဲ အဲဒီလိုအဆိုကို အစောဆုံးတွေ့ရတာကတော့ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်ရဲ့ နောက်ဆက်တွဲ ဖြည့်စွက်ချက်တွေ စတင်ပါဝင်လာတဲ့ ၁၈၉၃ထုတ် မူထဲမှာ စတင်တွေ့လာရတာပါ။
၁၈၅၂ထုတ် မူထဲမှာ ဒါတွေမပါဝင်သေးတာကြောင့် ဒီဖြည့်စွက်ချက် နံပါတ် ၄၉ဟာ ယုဒသန်လက်ရာ မဟုတ်တာတော့ သေချာနေပါပြီ။ ဒါတွေကို ဖြည့်စွက်ခဲ့ကြပါတယ်လို့ ဝန်ခံခဲ့ကြသူတွေကတော့ E.A.Steven, Robert C.Steven, Rev. F.H.Eveleth, J.Wade တို့ဖြစ်ကြပြီး သူတို့တွေထဲက တစ်ယောက်ယောက်ရဲ့အထင်အမြင် [ပါးစပ်ရာဇဝင်ဖြစ်ဖို့များပါတယ်] နဲ့ ဖြည့်စွက်ထားချက်တွေသာ ဖြစ်ပါတယ်။ 
ဒါပေမယ့် မြန်မာပညာရှင် သုတေသီအတော်များများကတော့ လက်လှမ်းမီ ရှာဖွေတွေ့ရှိဖို့လွယ်တဲ့ ၁၉၅၃ထုတ် ရာပြည့်မူကိုပဲ ကိုးကားသုံးစွဲကြတာများပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်းရော ဆရာကြီးဦးသိန်းလှိုင်ရော သူတို့ရဲ့ ကျမ်းကိုးစာရင်းတွေအရ ၁၉၅၃ထုတ် ရာပြည့်မူကိုပဲ ကိုးကားခဲ့ကြတာပါ။ ဒီလိုကိုးကားရာမှာ ဆရာကြီးဦးသိန်းလှိုင်က “ခင်ကြီး” အသုံးအတွက် ရည်ညွှန်းစာရင်းဖော်ပြတဲ့အခါမှာ စာမျက်နှာဖော်ပြချက်ပါ လွဲချော်နေတာကိုလည်း တွေ့ကြရမှာပါ။ [စာမျက်နှာ ၂၅၈အစား ၂၆၇ ဟု ဖော်ပြထားခဲ့] 
ကမ္ဘာကျော် ထက်မြက်ထူးချွန်တဲ့ ပညာရှင်တွေဖြစ်ကြတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရော ဆရာကြီးဦးသိန်းလှိုင်တို့ပါ အခုဖော်ပြခဲ့တဲ့ အထောက်အထားတွေကို သတိမမူမိတာ မသိတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒါကိုကောက်ချက်စွဲရရင် သူတို့ဟာ ဘိုးတော်ဗဒုံမင်းရဲ့ ဒါမှမဟုတ် ပဒေသရာဇ် ခေတ်က ရှေးမြန်မာဘုရင်တွေရဲ့ မောက်မာမှုဝင့်ကြွားမှုတို့ကို ပေါ်လွင်အောင် မီးမောင်းထိုးပြလိုတဲ့စိတ် ကဲနေလို့သာ ဒီအဆိုကို မခိုင်မာမှန်း၊ မကိုးကားသင့်မှန်းသိလျက်နဲ့ ဖော်ပြသုံးစွဲခဲ့တာလို့ ယူဆမိရပါတယ်။ ဘာပဲပြောပြော နိုင်ငံခြားသား တယောက် ပြုစုခဲ့တဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်ကို နောက်ထပ် နိုင်ငံခြားသားတွေက ထပ်မံဖြည့်စွက်ခဲ့ကြရာက ပေးလိုက်တဲ့ “ခင်ကြီး” ပြဿနာဟာ ခရစ်နှစ် ၂၀၀၂ ခုနှစ်အထိကိုပဲ သြဇာရှိဆဲဆိုတာကိုတော့ သိလိုက်ရပါတော့တယ်။

ဖြူဖြူဝင်း (မြန်မာစာ)

2 comments:

  1. ဗဟုသုတတွေ အများကြိးတိုးပွားလို့ ပို့စ်ကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါမမ...ကောင်းသောနေ့လေးဖြစ်ပါစေ...

    ReplyDelete
  2. ဒီပို့စ်အတွက် ကျေးဇူးတင်လိုက်တာ...ဘာကြောင့်လဲဆိုတော့ ခင်ကြီးဆိုတာကို တောထွက်ရဟန်း(ငယ်ဖြူမဟုတ်ဘဲ ကြီးမှဝတ်သောရဟန်း) လို့ အမှတ်မှားနေခဲ့မိတာကိုး...သုတေသနပြုထားတဲ့အားကို လေးစားတဲ့အနေနဲ့ ကျကျနနဖတ်လိုက်ပါတယ်...ပို့စ်ဟောင်းတွေကို အချိန်ပေးဖတ်ဖို့လည်း လင့်ခ်ယူသွားလိုက်ပါတယ်...

    ReplyDelete