ဥကွဲပေမဲ့ သိုက်မပျက်ချင်

ကောင်းကင်ပြာပေါ်ကို ပျံတက်သွားတဲ့ လေယာဉ်လေးဆီ မော့ကြည့်လက်ပြရင်းက သူ့ညာဖက် လက်ဖမိုးပေါ်ကို ရေတစ်စက် ပေါက်ကနဲ ကျလာလို့ ကြည့်လိုက်မိတော့ သူမျှော်လင့်မထားတဲ့သူရဲ့ မျက်ရည်တစ်စက်ဖြစ်နေတာကို သိလိုက်ရတယ်။
သူ ခြေဖျားလေးထောက်ပြီးတော့ ပါးပြင်ပေါ်မှာ ကျန်နေတဲ့ မျက်ရည်နှစ်စက်ကို တစ်ရှူးနဲ့ လှမ်းသုတ်ပေးလိုက်ပြီး သူ့ကို ရက်ရက်စက်စက် ရိုက်ရက်ခဲ့တဲ့ လက်ဖဝါးပြင်ကြမ်းကြမ်းနှစ်ဖက်ကို ဆုပ်ကိုင်ဖျစ်လိုက်ရင်းက အားပေးပြုံးလေး ပြုံးပြလိုက်မိတော့တယ်။
*****@@@*****
သူ့ကို ပတ်ဝန်းကျင်က မိတ်ဆွေတွေ ဆွေမျိုးတွေက အိမ်ထောင်ရေးကံကောင်းသူအဖြစ် သိပ်အားကျကြတာလေ။ သူကလည်း ဒါကို မငြင်းဘူး။ တကယ်လည်း သူက ကံကောင်းပေတာကိုး။ သူချစ်တဲ့သူနဲ့ပဲ သူလက်ထပ်ဖြစ်ခဲ့တယ်။ အရွယ်ချင်းက မတိမ်းမယိမ်း၊ ကျောင်းတုန်းက သူငယ်ချင်း။ ဟော - မိသားစု အသိုင်းအဝိုင်းချင်း ကျပြန်တော့လည်း ငယ်ကတည်းက အချင်းချင်း အတွင်းသိ ခင်မင်ခဲ့ကြသူတွေ။ အဲ - သူက ကိုမိုးလို ဘွဲ့ရတဲ့အထိ ကျောင်းကို ဆုံးခန်းတိုင် မတက်ခဲ့တာလေး တစ်ခုပဲ ကွာတာ။ ဒါကလည်း သူကိုယ်တိုင် စာမလုပ်ချင်တော့ဘဲ ကိုမိုးကို ချစ်မိပြီးနောက် အိမ်ရှင်မကောင်းတစ်ယောက်ပဲ ဖြစ်ချင်ခဲ့လို့ သူ့ဆန္ဒအလျောက် ကျောင်းဆက်မတက်တော့တာဆိုတော့ ကျေနပ်ပါတယ်။ ကိုမိုးကလည်း ဒါကို အရေးတယူလုပ်ပြီး လိုအပ်ချက်လို့ ထင်မှမထင်ခဲ့ဘဲလေ။ ကိုမိုးက အရွေးလည်းတော်ပါတယ်။ သူလို အိမ်ထောင်မှု နိုင်နင်းတဲ့သူ၊ အချက်အပြုတ်တော်တဲ့သူ၊ လင်ယောက်ျားအလိုကျ နေပေးတတ်တဲ့သူ၊ သူ့စီးပွားရေးတွေ အလုပ်တွေမှာ ဝင်မစွက်ဖက်တဲ့ မိန်းမမျိုးက ဒီခေတ်မှာ ရှားသွားပြီကိုး။ ဒါကြောင့် သူ့သားက လည်တဲ့ နပ်တဲ့အကြောင်း ယောက္ခမကြီးက သူ့မိတ်ဆွေတွေကို ကြွားလေ့ရှိတာ သူပြန်ကြား ကြားနေရတာပေါ့။
ဒီလိုကြားရရင်လည်း သူက ကျေနပ်လေ့ရှိသူ။ ကိုမိုးတို့ သူငယ်ချင်းတွေထဲမှာဆို အိမ်ထောင်ကျပြီးပေမယ့် တချို့ဆို မိန်းမက ထက်လွန်း၊ နေရာတကာ ဝင်စွက်ဖက်လွန်းလို့၊ သိပ်မကြာခင်မှာပဲ ပြန်ကွဲသွားကြရတဲ့ စုံတွဲတွေ၊ ကလေးမရလို့ သူ့အပြစ်တင် ကိုယ့်အပြစ်တင်နဲ့ အဆင်မပြေကြတဲ့ စုံတွဲတွေ၊ အိမ်ထောင်မှု အချက်အပြုတ်မနိုင်နင်းလို့ ပြဿနာဖြစ်ကြတဲ့ စုံတွဲတွေကလည်း အများသားလား။ ဒီလိုတွေကြားထဲမှာ သူက အိမ်ထောင်သက် ခြောက်နှစ်အတွင်း သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် မွေးပေးနိုင်တဲ့ မိန်းမ ဖြစ်နေပြန်ရောလေ။ ကိုမိုးကလည်း သူ့မိဘတွေရဲ့ စီးပွားရေးကို လူပျိုတုန်းကသာ ဦးစီးလုပ်ကိုင်ပေးခဲ့ပေမဲ့ သူနဲ့ အိမ်ထောင်ကျကတည်းက သူ့စီးပွားသူ ခွဲလုပ် အိမ်ခွဲနေခဲ့ကြတာ။ ဆက်ဆံရေးကလည်းကောင်း၊ အပြောကလည်း ချိုတော့ ကနဦး ကားဝယ်ရောင်းလုပ်ရာက ခင်မင်ခဲ့တဲ့ မိတ်ဆွေတချို့နဲ့ စပ်မိပြီး အခု သားကြီး ၆နှစ် ၇နှစ် လောက်မှာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ အရေးပါတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီလေ။ တစ်ခါတလေ ဧည့်သည်ဧည့်ခံရင်း နည်းနည်းပါးပါး သောက်တာလေးက လွဲလို့ အိမ်က မိန်းမနဲ့ ပြဿနာဖြစ်တဲ့အထိ လွန်လွန်ကျူးကျူး သောက်တာစားတာမျိုးလည်း ကင်းတဲ့သူပေါ့။
ဘာပဲပြောပြော အိမ်ထောင်မှုအလုပ်တွေ၊ ချက်ရေး ပြုတ်ရေးနဲ့ ကလေးနှစ်ယောက် ဝေယျာဝစ္စတွေနဲ့ ပင်ပန်းပြီး မအားရအောင်ရှိပေမဲ့ သူ့ဘဝကလေးကတော့ ကျေနပ်ပျော်ရွှင်စရာလေးပါ။
*****@@@*****
သူ့သားအကြီးလေး ကျောင်းကိုစထားမယ့် အချိန်ရောက်တော့ သားပညာရေးအတွက် သူတို့လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြတယ်။ သူတို့ ခေတ်တုန်းကလို မဟုတ်ဘဲ ဒီခေတ်က ပညာခေတ်ဖြစ်လာတဲ့အကြောင်း၊ ကလေးနှစ်ယောက်ကို ပညာတတ် အရင်ဖြစ်စေချင်ကြောင်း၊ ပြီးမှ မိသားစု လက်ငုပ်လက်ရင်း စီးပွားရေးကို ဦးစီးလုပ်ဆောင်သွားစေချင်ကြောင်း၊ ဒါတွေအတွက်က တဖက်က ငွေကြေးအဆင်ပြေမှ ဖြစ်မှာမို့ ကိုမိုးက စီးပွားရေးကို အာရုံစိုက်ရှာဖွေမှာကြောင့် သူ့ကို သား သမီး နှစ်ယောက်ရဲ့ ပညာရေးနဲ့ လိမ္မာရေးခြား ရှိဖို့ တာဝန်ကို အပြည့်ယူစေချင်ကြောင်း ကိုမိုးက ပြောတယ်လေ။ ကိုမိုးအယူအဆ မျှတတာမို့ ဒီအတွက် သူ့တာဝန်ထားပါလို့ ကတိပေးလိုက်မိတယ်။ ဒါကလည်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် ပြရမယ့် အစွမ်းတစ်ခုပေပဲကိုး။
တဖက်က အိမ်ဦးနတ်ကလည်း သူ့တာဝန်သူကျေနေလေတော့ သူမငြင်းသာသလို လှိုက်လှိုက်လှဲလှဲ ခေါင်းငြိမ့်ခဲ့တာပေါ့။ ကိုမိုးက မိသားစုအပေါ် သိပ်သံယောဇဉ်ကြီးတာ။ သားနဲ့သမီးကိုလည်း သိပ်ချစ်ရှာတာ။ အလုပ်တွေ မအားတာများပေမယ့် မိသားစုကို အချိန်ပေးပြီး အပန်းဖြေခရီးလေး ဘာလေး ထွက်လေ့ရှိတယ်လေ။ ဒါကလည်း အိမ်ထောင်တစ်ခု သာယာဖို့ ခိုင်မြဲဖို့အတွက် လိုအပ်ချက်မှန်း သူတို့နှစ်ဦးလုံးက လက်ခံထားကြတယ်။ သူကတော့ ဒီလို ခရီးထွက်တဲ့အချိန်သာ အပြင်လောကကို ရောက်လေ့ရှိပြီး ကျန်တဲ့အချိန်တွေ အားလုံးမှာတော့ အိမ်နဲ့ဈေး၊ အိမ်တွင်းမှာပဲ ချက်ပြုတ်လျှော်ဖွပ်၊ ဒါတွေနဲ့ပဲ လုံးချာလိုက်နေခဲ့သူပေါ့။ ဒီတော့ သူ့မှာ ရင်းရင်းနှီးနှီးပေါင်းရမဲ့ မိတ်ဆွေ သူငယ်ချင်းရယ်လို့ မယ်မယ်ရရ သိပ်ရှိလှတယ် မဟုတ်ဘူးလေ။ ဒီလိုမရှိပေမဲ့လည်း သူ့အတွက်က အဖော်မလိုသလို အထီးကျန်လည်း ဖြစ်နေတာမှ မဟုတ်တာကိုး။ သူ့ဘဝမှာ ဒီသုံးယောက်ရှိနေရင် အဆင်ပြေနေရင် ကျေနပ်ပြီ။
*****@@@*****
သားကြီးဖြိုးကို ကျောင်း စထားတော့ ပုဂ္ဂလိကပိုင် အင်္ဂလိပ်ကျောင်းတွေ ဒီဘက်ခေတ်မှာ ပေါ်ပေါက်လာပြီး တတ်နိုင်ပေမဲ့ ကိုမိုးဆန္ဒအရ သူတို့ငယ်ငယ်ကလိုပဲ အစိုးရအထက်တန်းကျောင်းမှာ ကျောင်းအပ်ခဲ့ကြတယ်။ မန္တလေးမြို့ရဲ့ နာမည်အကြီးဆုံး အထက်တန်းကျောင်းကြီးတစ်ခုမှာပေါ့။
ကိုမိုးက သူများတွေလို ဒီနေ့ခေတ်စားနေတဲ့ သားသမီးတွေကို နိုင်ငံခြားလွှတ်ပြီး ပညာသင်တာမျိုး မလုပ်ချင်သူလေ။ သူကိုယ်တိုင်က မခွဲနိုင်သလို စိတ်လည်းမချဘူး။ ပြီးတော့ မိသားစု နောင် ကြီးတဲ့အထိ သိုက်သိုက်ဝန်းဝန်းပဲ နေချင်တယ်တဲ့။ ဒီလိုလွှတ်လိုက်လို့ ပြန်မလာတော့မှာ သူများမြေမှာ အပြီးနေသွားမှာကိုလည်း အခုကတည်းက တွေးပြီး စိုးရိမ်သူပေါ့။ ဒါကလည်း သူ့ဆန္ဒနဲ့ တစ်ထပ်တည်း ဖြစ်နေပြန်တော့ လင်မယားနှစ်ယောက် အတိုင်အဖောက် ညီသွားတော့တာပေါ့။ သူတို့ အိမ်ထောင်ရေးက အထူးမညှိရဘဲ ဒီလို တစ်ထပ်တည်း ကျတာက များတယ်လေ။
မှတ်မှတ်ရရ ကိုမိုးအချိန်ရလို့ ခေါ်သွားမှ အပြင်ရောက်တဲ့သူက အခုသားကြီး ကျောင်းစအထားမှာတော့ အိမ်နဲ့ဈေးအပြင်၊ ကျောင်းထမင်းပို့၊ သားကိုထမင်းကျွေး၊ ကျောင်းကြို အလုပ်တွေကိုလည်း လုပ်လာရပြီ။ အပြင်ကိုထွက်တဲ့နေရာ နှစ်နေရာ အလိုလိုနေရင်း တိုးလာခဲ့ရပြီပေါ့။ တစ်နေရာက သမီးငယ်ကို မူကြိုပို့တဲ့ နေရာနဲ့ သားကြီးကျောင်းပေါ့။ သမီးငယ်ရဲ့မူကြိုက ကလေးကျောင်းလည်းဖြစ် ဂရုလည်းစိုက်ပေးတော့ အိမ်ကချက်ရေးပြုတ်ရေးပြီးတာနဲ့ သားကြီးကျောင်းရှေ့မှာသာ အနေများလာခဲ့တယ်။
ကျောင်းဖွင့်စကတော့ ကိုယ့်ရှိတာလေးတွေကိုပဲ နည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်ရင် ပြီးရော ဝတ်စားပြီး သွားလာကြိုပို့လုပ်ခဲ့ပေမယ့် တကယ်အပြင်ထွက်ကြည့်တော့မှ သူ ဒိတ်အောက်နေမှန်း သူ့ဟာသူ သတိထားမိလာရတယ်။ သားနဲ့သမီး ကျောင်းနှစ်ကျောင်းလုံးက လာပို့ကြတဲ့မိခင်တွေများ ကြည့်လိုက်ရင် အပျံစားတွေချည်း ပါပဲလား။ လန်ထွက်နေကြတာပဲကိုး။ အပြိုင်အဆိုင် ပြင်ကြ ဆင်ကြ ဝတ်ကြ စားကြနဲ့။ ကျောင်းကြိုတဲ့နေရာပေမဲ့ ရောင်စုံပန်းကမ္ဘာကြီးပဲ ရောက်သွားရသလိုလို။ မျက်လုံးတွေ မျက်လုံးတွေ ဆိုတာကလည်း သူတို့ကိုယ်တိုင် မှုန်နေအောင် ခြယ်သထားကြပေမဲ့ သူများတွေ ဝတ်စားထားတာကိုလည်း စပ်စပ်စုစု ကြည့်ကြသေးတာ။
ထားတဲ့ကျောင်း နှစ်ကျောင်းလုံးကလည်း နာမည်ကြီးကျောင်းတွေဆိုတော့ ဝတ်နိုင်စားနိုင်တဲ့သူတွေကလည်း အများသားလေ။ သူကလည်း အခုမှ သုံးဆယ်စွန်းကာစလေးပဲ ရှိသေးတော့ သူများဝတ်လို့ လှတာမြင်ရင် သဘောကျ၊ ကိုယ့်ဟာကိုယ်လည်း ရှိုးတို့ရှမ်းတမ်းဖြစ်၊ ဒီဇိုင်းပြောင်းမှ ဖြစ်မှာပါလေလို့ စိတ်ထဲကတေးထားနဲ့ တယောက်တည်း အတွေးတွေ ရှုပ်နေရပြီ။
ညကျ ယောက်ျားကို မနေနိုင် မထိုင်နိုင် ပြန်ပြောမိရင် ယောက်ျားက သူ့လက်ဝါးကြီးနဲ့ သူ့ခေါင်းလေးကို ချစ်စနိုးပွတ်ပြီး
“မင်းလည်း ဝတ်ပေါ့ကွ၊ မိန်းမပဲ အလှအပအတွက် ဝတ်သင့် ဝတ်ထိုက် ပြင်သင့် ပြင်ထိုက်တာတော့ လုပ်ရမှာပေါ့။ တရားလွန် မဟုတ်ရင်ပြီးရော။ ဒီအတွက် ကိုယ်ရှာနိုင်ပါတယ်ကွာ။” တဲ့လေ။
ဘယ်လောက်ချစ်ဖို့ကောင်းသလဲလို့။ ကလေးတွေ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေဆိုရင် သူသိပ်သွားလေ့မရှိတဲ့ shopping mall တို့ အထည်ဆိုင်တို့ တွေကို အချိန်ပေးပြီး သွာလာရပြီ။ ယောက်ျားကိုတော့ ရှက်လို့ သားကြီး အတန်းပိုင်ဆရာမနဲ့ တခြားဆရာမတွေအတွက် လက်ဆောင်ပေးဖို့ဝယ်တာလို့ ပြောရတာပေါ့။ ခါတိုင်း အဝတ်အစားနဲ့ အလှအပအတွက် ဒီလို တကူးတက ထွက်ပြီးဝယ်လေ့ရှိသူ မဟုတ်တော့လေ။ တကယ်လည်း ကျောင်းထားရင် ဒီလိုတွေက လိုလာသလို သူ့အတွက်လည်း ဒီထဲမှာ ရောကျိတ်ရတာပေါ့။ ယောက်ျားကတော့ အရင်ကတည်းက အိမ်အသုံးစားရိတ်ကို စစ်စစ်ပေါက်ပေါက် စစ်လေ့မရှိဘူးလေ။ သူလိုတာတွေ တောင်းတိုင်း မညည်းမညူ ပေးလေ့ရှိသူ။
*****@@@*****
“ကိုမိုးရေ... အခု အိမ်မှာ လိုင်းဖုန်း နဲ့ ကိုမိုးကိုင်တဲ့ လက်ကိုင်ဖုန်းပဲ ရှိတာနော်။ အဲဒါ ချို့ကိုလည်း လက်ကိုင်ဖုန်း အဆင်ပြေရင် တစ်လုံးဝယ်ပေးပါ့လားဟင်? ကလေးတွေက အတန်းက တဖြည်းဖြည်းကြီးလာမှာနဲ့ တစ်ခါတလေ ကိုမိုးအိမ်အပြန်မှာ ချိုက ကျောင်းမှာတို့ လမ်းမှာတို့ ဖြစ်နေတာနဲ့။ ဟိုနေ့ကဆို ချို့ဆီ သော့ပါလာတော့ ကိုမိုး မိုးရွာကြီးထဲ ကားထဲမှာ ထိုင်စောင့်နေရတာလေ။ ဖုန်းလေးသာ တစ်ယောက်တစ်လုံးရှိရင် ဒီလိုတွေကို ရှောင်နိုင်မယ်လို့ ချိုတွေးမိလို့ပါ”
သူ့ဆင်ခြေက ကွက်တိဖြစ်သွားလို့ ထင်ပါရဲ့။ ကိုမိုး ခဏပဲ မျက်မှောင်ကြီးကုပ် စဉ်းစားသလိုလုပ်ပြီး နောက်ရက်ကျတော့ ဂျီအက်စ်အမ်ဖုန်းတစ်လုံး ဝယ်လာပါလေရော။ သူ အတော် ကျေနပ်သွားတယ်။ ကျောင်းကြိုလို့ ကလေးတွေကို စောင့်တဲ့နေရာမှာဆို မိခင်တိုင်းက ဖုန်းတစ်လုံးစီ ပါကြတာကို သူသိနေတယ်လေ။ ကလေးစောင့်ရင်း စကားစမြည်ပြောကြရင်း သူ့ဖုန်းနံပါတ် ကိုယ့်ဖုန်းနံပါတ် အပြန်အလှန် ပေးကြ သွင်းကြ မေးကြနဲ့။ အဲဒါ သူ့ကိုလည်း အတော်အမေးခံရတယ်။ ကလေးတွေ ကျူရှင်ကိစ္စတို့ ဆရာမကို စုကန်တော့ဖို့ ကိစ္စတို့ တခြားကျောင်းအလှူငွေ ကိစ္စတို့ ဆို တိုင်ပင်ရအောင် ပြောရအောင် ဆိုပြီးတော့ပေါ့။ သူ့မှာ ဖုန်းမရှိတော့ အိမ်ဖုန်းပဲ ပေးပေးထားရတာ။ တချို့ဆို ဖုန်းနံပါတ်ပြောလိုက်ရင် မျက်ခုံးကြီးရှုံ့ပြီး ...
“ဟင် လိုင်းဖုန်းကြီးလား? ဒီတော့ အိမ်မှာရှိတဲ့ အချိန်ပဲ ဆက်လို့ရမှာပေါ့နော်။ ဟန်းဖုန်း မရှိဘူးလား?” ဘာ--ညာနဲ့။
သူခံစားနေရတာ နှစ်ပတ်လောက်ရှိပြီလေ။ ယောက်ျားကို အပိုကုန်မှာစိုးလို့ ညှာတာချင်ပေမဲ့ ဒီတန်ဖိုးလောက်က ဘာမှလည်း မထိခိုက်လောက်တာနဲ့ ဒီလို ပရိယာယ်သုံးပြီး ပူဆာရတာပေါ့။ သူ ကံကောင်းပါတယ်။ အခုတော့ သူ့အလိုပြည့်သွားပြီလေ။
ဖုန်း စရခါစ နေ့က ကျောင်းရောက်ပြီး သားကြီးအတန်းထဲ ဝင်သွားပြီးတာနဲ့ ယောက်ျားဆီကဖုန်းက ကွက်တိဝင်လာတော့ သူပျော်လိုက်ရတာလေ။ သူ့ကို လိုင်းဖုန်းပဲရှိလို့ဆိုပြီး မျက်ခုံးရှုံ့တဲ့ အမျိုးသမီးကလည်း မျက်စိကျွတ်ထွက်မတတ် ကြည့်နေသလိုပဲ ခံစားရတယ်။ ကိုမိုးက ဖုန်းဝယ်ထားခါစမို့ အစမ်းခေါ်ကြည့်လိုက်တာ တဲ့လေ။
“အခုသားကြီး အတန်းထဲကို ဝင်သွားပြီ။ ဒီနေ့ နေ့လည် အိမ်ပြန်ထမင်းစားမှာလား? ပုဇွန်နဲ့မျှစ် ကြော်ပြီး ချဉ်ပေါင်စပ်ချဉ် ချက်ထားတယ်” လို့ သူဆက်ပြောလိုက်တယ်။
ဘေးဘီကိုလည်း မသိမသာ မျက်စိက ဝဲကြည့်ရသေးတာ။ သားကြီးကို ပထမဦးဆုံး ကျောင်းစထားတဲ့နှစ်မှာသာ သူ အဝတ်အစားနဲ့ပတ်သက်ပြီး အားမရခဲ့တာ။ နှစ်နှစ်လောက်နေတော့ တခြားစမတ်ကျတဲ့ မိခင်တွေလို ခေတ်ပေါ်အဝတ်အစားတွေကို စတိုင်ကျကျ ဝတ်တတ်လာပြီ။ အခြေခံကုန်ကြမ်းတွေဖြစ်တဲ့ ဟန်းဖုန်းတို့၊ တစ်လပြီး တစ်လ လက်ကိုင်အိတ်ကို ပြောင်းကိုင်ရတာတို့လည်း သူ လုပ်တတ်လာခဲ့ပြီလေ။ ကျောင်း မိဘဆရာ အစည်းအဝေးဆိုလည်း သူများတွေထက် မနည်းတဲ့ အလှူငွေကို သူထည့်ရတာပေါ့။ သူ့ဝတ်ပုံစားပုံနဲ့ဆိုတော့ ကျောင်းကလည်း တော်ရုံထည့်ရင် တအံ့တသြပုံစံနဲ့ ကပ်စေးနှဲသလို အကြည့်မျိုး အကြည့်ခံရတာကို သူက ခံနိုင်တာ မဟုတ်ဘူးလေ။
*****@@@*****
ဒီနေ့ သားကြီးတို့ လပတ်စာမေးပွဲ ဖြေရမယ့်နေ့လေ။ ခါတိုင်းတော့ ထမင်းစားချိန်ကျမှ တစ်ခေါက်ပြန်လာပေမယ့် အခု စာမေးပွဲလည်း ဖြေနေတာမို့ တစ်ခါတည်းပဲ စောင့်နေလိုက်တော့တယ်။ ကျောင်းသံတံခါး အစိမ်းကြီး ပိတ်ထားတဲ့ ရှေ့မှာ သူတင်မကဘူး တခြားမိခင်တွေလည်း ခါတိုင်းလိုပြန်မသွားကြဘဲ စောင့်နေကြလေရဲ့။ အားလုံးက သူ့အုပ်စုနဲ့သူ၊ မိဘဆရာအသင်းမှာ အလှူငွေအများဆုံး ထည့်နိုင်တဲ့ သူတို့ ၆ယောက်အုပ်စုက တစ်ဖွဲ့ပေါ့။ သူတို့ထဲက နွယ်ဆိုတဲ့ အမျိုးသမီးကဆို မြို့ထဲမှာ အိမ်ကောင်းတိုက်ကောင်းကြီး ရှိလျက်နဲ့ ကျောင်းနဲ့က ဝေးလို့ ကျောင်းမျက်နှာချင်းဆိုင်က တိုက်ခန်းတစ်ခန်းကို အပြတ်ဝယ်ထားပြီး သူ့ကလေးတွေကို အဲဒီမှာပဲ နေ့စဉ်ထမင်းကျွေးတာလေ။ အခု သူတို့အုပ်စုက နွယ်တို့တိုက်ခန်းထဲမှာပဲ မနေ့ညက ဆန်တငန့်ငန့်ပြီးသွားတဲ့ ကိုးရီးယားကားကို ဖွင့်ထားရင်း စကားလည်းပြောရင်း အချိန်ဖြုန်းနေကြတာ။
သူတို့ထဲက မသင်းဆိုတဲ့ အမျိုးသမီးကတော့ စိန်လေးရွှေလေး လုပ်ထားပြီးသားအထည်လေးတွေကို ယူယူ လာလေ့ရှိပြီး သူတို့ကို ပြလေ့ရှိတယ်။ ဝယ်ချင်ရင်လည်း ဝယ်လို့ရတယ်လေ။ သူတောင် ပလက်တီနမ်နဲ့စိန် ရောလုပ်ထားတဲ့ ခြယ်လက်စွပ်လေးတကွင်း မသင်းဆီက ဝယ်ဖူးသေးတယ်။
၂၄နှစ်လောက်ပဲရှိသေးတဲ့ ဝါဝါကတော့ သူတို့အထဲမှာ အသက်အငယ်ဆုံးပေါ့။ cosmetic တို့ ဘာတို့ကို ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူး သိချင်ရင် သူ့ကိုပဲ မေးရတာ။ သူကိုယ်တိုင်လည်း မှုန်နေအောင်လိမ်းခြယ်ပြီး လာလေ့ရှိတယ်။ အသားအရေကလည်း လှမှလှ။ သူသုံးတဲ့ ပစ္စည်းတွေကို တလောကမှ ကြုံလို့မေးကြည့်တော့ မျက်နှာလေးတစ်ခုအတွက်ကိုက အားလုံးပေါင်း သုံးသိန်းဖိုးလောက်ရှိမယ်။ ဒီကြားထဲ ဆိုင်သွားပြီး ဆံပင်ပေါင်းတင်၊ မျက်နှာပေါင်းတင်တဲ့ ကုန်ကျစားရိတ် မပါသေးဘူး။ ဒါကြောင့်လည်း နေမှာ။ ဝါဝါ့မျက်နှာက သူတို့တွေနဲ့ မတူဘဲ နုဖတ်စိုပြေပြီး ကြည့်လိုက်ရင် လင်းချင်းနေတာပေါ့။ ဝါဝါ့လောက်ကြီးအထိ သူ မသုံးပေမဲ့ အခုနောက်ပိုင်း မြင်ပါများလာတော့ သူ့လိုလေး လှချင်လာတာနဲ့ မေးမြန်းပြီး ဝယ်ထားတာ ဟိုတစ်နေ့ကဆို အားလုံးပေါင်း တစ်သိန်းရှစ်သောင်းလောက် ကုန်သွားတယ်လေ။ အခု သူ ခါတိုင်းလို သနပ်ခါးရေပါးလေးပဲ လိမ်တာမျိုး မလုပ်တော့ဘဲ ကာနီးဘိုးတို့ မေဘယ်လင်းတို့ ရယ်ဗလွန်တို့ကို အမျိုးစုံအောင် သုံးတတ်နေပြီ။ ဒါတွေ လိမ်းလိုက်တော့လည်း သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု ရှိလာသလိုပဲလေ။ ဒီကျောင်းတံခါးကြီး ရှေ့မှာက တစ်ယောက်နဲ့တစ်ယောက်က မျက်စိကျွတ်ကျမတတ် ကြည့်တတ်ကြလေတော့ သူပြင်ဆင်ရကျိုး ဝတ်ရစားရကျိုး နပ်တာပေါ့။
*****@@@*****
ကျောင်းစထားတဲ့ ပထဦးဆုံး နှစ်တစ်နှစ်ပဲ သူအထာမသိသေးလို့ သားကြီးဝေဖြိုးက အတော်စာရင်းထဲ မပါခဲ့ဘဲ စာမေးပွဲဖြေရင် သာမန်အဆင့်လောက် ရခဲ့တာ။ အခု သားကြီး ဂရိတ်သရီးလောက်လည်း ရောက်ကရော လပတ်စာမေးပွဲဖြေတိုင်း တစ်ခါတလေ အဆင့်တစ်၊ တစ်ခါတလေဆို နှစ်တို့ သုံးတို့ ရလာပြီလေ။ သားသမီးတွေ ပညာတတ်ဖြစ်စေချင်တဲ့ ကိုမိုးကို သူ မျက်နှာလုပ်ရကျိုး နပ်တာပေါ့။ ဒီကျောင်းက အတန်း အေ ဘီ စီ ခွဲတာက အစ အတော်ဆုံး စာရင်းဝင်တွေကို အေတန်းမှာ ထားတတ်ကြလေတော့ သူတို့ မိခင်တွေအတွက် အေတန်းကို ရရှိရေး၊ ဘယ်အတန်းကလဲလို့ အချင်းချင်း မေးကြရင် အေတန်းက ဆိုတာကိုပဲ အပြိုင်အဆိုင် ပြောချင်ကြတာ။ ဒီလို ပြောလိုက်တာနဲ့တင် ကိုယ့်ကလေးက စာတော်တဲ့စာရင်းမှာ ပါတယ်၊ တော်တယ် ဆိုတာကို ထူးပြီး ကြွားစရာမလိုတော့ဘူး။ နားလည်သွားကြပြီ။
မိဘဆရာအသင်းမှာ မျက်နှာရတဲ့ သူတို့မိခင်အဖွဲ့ ခြောက်ယောက်က ဘဝချင်းကလည်း ခပ်ဆင်ဆင်ရယ်။ အိမ်စီးပွားရေးအတွက် ကိုယ်တိုင်ရှာစရာမလိုဘဲ သူ့လိုပဲ ကျန်ငါးယောက်ကလည်း ယောက်ျားတွေ ဦးဆောင်ကြတာချင်း အတူတူပဲလေ။ တချို့က အရာရှိကတော်၊ တချို့က ကိုယ်ပိုင်စီးပွားရေး၊ တချို့က ဘိုးဘွားစဉ်ဆက်က ချမ်းသာလာကြတဲ့ သူတွေပေါ့။ ဒီတော့ သားသမီးတွေကို ဂရုစိုက်ကြတာချင်းလည်း သူမသာ ကိုယ်မသာ၊ အတန်းစဉ်တိုင်းက အတန်းပိုင် ဆရာမတွေ ဘာသာရပ်သင်တဲ့ ဆရာမတွေကို ပိုင်ကြတာချင်းကလည်း တူတော့ အဆင့်တစ်ကနေ ခြောက်အတွင်းက သူတို့ သားသမီးတွေချည်း လွှမ်းမိုးထားနိုင်ကြတယ်။ ကိုယ်တွေက ဂရုစိုက်နိုင်တာကိုး။
ကိုမိုးက သားကြီး အဆင့်တစ်ရတဲ့အခါဆိုရင် မအားတဲ့ကြားက စားသောက်ဆိုင်ကောင်းကောင်းမှာ မိသားစု ညစာ ထွက်စားကြပြီး ဂုဏ်ပြုလေ့ရှိတယ်။ ဒီနေ့ အဖွဲ့တွေကို နွယ်တို့တိုက်ခန်းမှာ ဆုံမိကြတော့ အဲဒါကို ပြောပြနေတာလေ။ ဒီလပတ်မှာ သားက နွယ့်သားနဲ့ ပူးတွဲ အဆင့်တစ်ရတာကိုး။ နွယ်ကလည်း မနေ့ညနေက သူ့အတွေ့အကြုံကို ပြန်ဖောက်သည်ချနေလေရဲ့။ နွယ်တို့မိသားစုက ဆီဒိုးနားမှာ အသင်းဝင်ကဒ်ရှိတော့ ညနေစာကို ဘူးဖေး အဲဒီမှာပဲ သွားစားလိုက်ကြသတဲ့။ သူ့ကိုတောင် အသင်းဝင်ကဒ်ရှိလား? မရှိရင် လုပ်ထားသင့်တဲ့အကြောင်း၊ အဲဒီလိုလုပ်ထားရင် တန်တဲ့အကြောင်း နည်းတွေ ပေးနေတယ်လေ။ နွယ့်ကလေးတွေက ရေကူးဝတ်စုံပါ ယူလာပြီး သူတို့ရေကူးအပြီးမှ မိသားစု စုံစုံလင်လင် ဘူးဖေးစားကြတာလို့ ပြောပြတယ်။ အိမ်ပြန်ကျမှ ကိုမိုးနဲ့တွေ့ရင် အဲဒီလို အသင်းဝင်ကဒ်လုပ်ထားဖို့ ပြောပြရဦးမယ်လို့ သူ့စိတ်ထဲ တေးထားလိုက်တယ်။ မသင်းကလည်း မန္တလေး ဟေးရီဆော့ ဟိုတယ်မှာ အသင်းဝင်ကဒ် ရှိသတဲ့လေ။
*****@@@*****
“ချို... မင်းဒီနှစ် တစ်သိန်းပဲ လုပ်ကွာ။ ကိုယ်တို့ အဖွဲ့ ဒီနှစ် လုပ်ငန်းသစ်တစ်ခု ချဲ့ကြမလို့ စီစဉ်ထားတာ။ အဲဒါ အရင်းအနှီးက လိုတော့ အားလုံးစုပြီး ရှယ်ယာထည့်ကြရမှာလေ။ ခါတိုင်းနှစ်တွေ မင်းလှူနိုင်မှန်း သိနေပြီပဲကွာ။ ဒီတစ်နှစ်တော့ အဲလောက်ပဲ လုပ်တော့။ မဟုတ်ရင် ငါငွေမောမှာကွ။ မင်းဘော်ဒါတွေလို အရင်းမဲ့တွေ မဟုတ်ဘူးကွ။ ငါတို့က ကိုယ့်အရင်းအနှီးနဲ့ကိုယ် ရုန်းကန် လုပ်ကိုင်နေကြရတာ”
သူက ခါတိုင်းလိုမှတ်ပြီး မိဘဆရာအသင်းရံပုံငွေအတွက် အလှူငွေထည့်ဖို့ ဆရာမကြီးကို ကတိပေးခဲ့ပြီးကာမှ အခု လင်တော်မောင်ကို ငွေတောင်းတော့ ပြန်ပြောတဲ့စကားလေ။ နှစ်စဉ် ဒီလိုကြုံလာတိုင်း ငွေသုံးသိန်းထက်မနည်း ထည့်ဝင်ခဲ့လေပြီးမှ အခုနှစ် ဒီလိုနည်းသွားတယ်ဆိုတော့ ဘယ်ကောင်းမှာလဲလို့ သူတွေးကြည့်တယ်။ ကျန်တဲ့ သူ့အဖွဲ့တွေကတော့ ခါတိုင်းလိုပဲ ၃ နဲ့ ၅ ကြားမှာ ထည့်ဝင်ကြမှာက မလွဲဘူးလေ။ သူ့ကို အဆင်မပြေလို့လားလို့ အမေးမခံချင်ဘူး။ ပြီးတော့ ဆရာမကြီးက သူဆိုရင် ၃ထက် လျော့မှာမဟုတ်ဘူးလို့ တစ်ထစ်ချ ယုံထားတာကို။ သူ့ဖက်ကလည်း ကတိပေးပြီးပြီလေ။ ကိုမိုးကြည့်ရတာက တကယ်အကျပ်တွေ့နေဟန် တူပါတယ်။ သူတောင်းတိုင်း မညည်းမညူ ပေးခဲ့တာက များတယ်လေ။ အခုလည်း တကယ်မို့ပြောတာ သူခံစားမိပါတယ်။ ဒါပေမယ့်.... သူ့ဘက်က အခြေနေကလည်း.... ဟူး...... သူတကယ်ကို အခက်ကြုံရပြီလေ။ လက်ထဲလည်း ရှိရင်သုံးလိုက်ရတာနဲ့ ဆိုတော့ နေ့စဉ်ဝတ်စားနေတဲ့ လက်ဝတ်လက်စားတွေကလွဲလို့ ဘာမှ စုဆောင်းမိကမရှိ။ အရေးကြုံရင် မရောက်တာကြာပြီဖြစ်တဲ့ အမေ့မျက်နှာကိုပဲ သူ ပြေးမြင်မိတော့တယ်။ သူတို့ မောင်နှမသုံးယောက်ထဲမှာ သူက သမီးအကြီးဆုံးလည်းဖြစ်၊ တမြို့ထဲလည်းဖြစ်တော့ အမေဆီပဲပြေးပြီး ဒီလိုအပူကပ်နေကျလေ။ နှစ်သိန်းလောက်ကတော့ အမေရော အဖေရောက တတ်နိုင်မှန်း သူသိနေတော့ အဲဒီကိုပဲ သွားအပူကပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ ယောက်ျားပေးတဲ့ တစ်သိန်းနဲ့ နောက်ထပ်နှစ်သိန်းပေါင်းရင် မနှစ်တုန်းကစံချိန်တော့ ချိုးသွားနိုင်ပြီလေ။ တော်ပါသေးရဲ့ အမေက လျှောလျှောရှူရှူ ပေးလိုက်လို့။ ထုံးစံအတိုင်း အသုံးအဖြုန်းမကြီးဖို့၊ အိမ်ထောင်တစ်ခုမှာ ရှာတဲ့ယောက်ျားက ရှာနိုင်ပေမယ့် နောက်က အိမ်ရှင်မက မထိန်းသိမ်းတတ်ရင်လည်း တိုးတက်မှုမဖြစ်တတ်ကြောင်းတွေကို ဆုံးမလွှတ်လိုက်သေးတာ။ ကလေးတွေ ကျောင်းထားသမျှတော့ ဒီလိုပဲ တစ်နှစ်တစ်နှစ် ဟိုက လှည့်ကြံလိုက်ရ၊ ဒီကလှည့်ကြံလိုက်ရနဲ့။ သူ့ကိုဆို ကျောင်းကရော အဖွဲ့တွေကပါ ရှိတာထက် ပိုအထင်တကြီး ဖြစ်နေကြတာဆိုတော့လည်း မတတ်နိုင်တော့ဘူးပေါ့။ တကယ်တော့ ကျန်တဲ့သူတွေက သူ့လိုမှ မဟုတ်တာ။ သူ့ထက်သာသူတွေ ချည်း။ ဒီတော့ သူတို့ရှေ့မှာ မရှိစကား၊ အဆင်မပြေတဲ့စကား မပြောချင်တာတော့ အမှန်။ ဒီလို အမေ့ဆီ လာအပူကပ်တာတွေများ မာနခဲ ကိုမိုးသိသွားရင် မချောင်ဘူး။
ဒါကြောင့် အမေ့ဆီကလည်း ငွေယူသေး တစ်ဖက်ကလည်း နှုတ်ပိတ်ဖို့ကိုလည်း မှာခဲ့ရသေးတော့တာ။ ပြန်ခါနီးတော့ နားလည်ပေးတဲ့အမေ့ကို ရွှတ်ကနဲ တစ်ချက်နမ်းပစ်ခဲ့တယ်လေ။
*****@@@*****
ဒီလိုနဲ့ တစ်နှစ်တစ်နှစ် ဟိုလိုလှည့်ကြံလိုက် ဒီလိုလှည့်ဖန်လိုက်နဲ့ စထွက်ကတည်းက သူများအထင်ကြီးတာ ခံခဲ့ရပြီး ဒီအမြင်တွေကြောင့် သူ ချော်လဲရောထိုင် အထာလေးတွေနဲ့ နေလာခဲ့မိတာ ဘာပဲပြောပြော အခုဆို သားကြီးဖြိုးဝေက ရှစ်တန်းအရွယ် သမီးငယ်သင်းဝေက ငါးတန်းအရွယ်တော့ ရောက်လာခဲ့ပြီလေ။ သူ အပေးအကမ်းရက်ရောတာရော ဒီလိုတွေ ပေးလေ့ရှိတဲ့ အကွက်ကြိုမြင်တတ်တဲ့ အဖွဲ့နဲ့ ပေါင်းမိတာရောကြောင့် သားနဲ့သမီးကလည်း ကျောင်းမှာစာတော်တဲ့ စာရင်းထဲမှာ ပါတယ်လေ။ ကိုမိုးကတော့ သူတို့တုန်းက ဒီလို တော်တဲ့အထဲ မပါခဲ့ဘဲ အခု သူ့သားနဲ့သမီးကျမှ နှစ်ယောက်လုံးက စာတော်ပြီး အဆင့်တွေကောင်းတော့ ကုန်မှန်းသိပေမယ့် မမြင်ရှာတဲ့အပြင် သူ့ကိုတောင် ချီးကျူးပြီး ကျေးဇူးတင်လေ့ရှိတယ်။ မိန်းမအထိန်းအသိမ်းကောင်းလို့ သူ့ကလေးတွေ တော်တယ်ပေါ့လေ။ ဒီတော့လည်း သူကြိတ်ပြီး ရင်မောခဲ့ရတာလေးတွေအတွက် အမောပြေခဲ့ရပြန်တာပေါ့။
ကိုယ့်ကလေး လူပျိုပေါက်အရွယ် ရောက်လာပြန်တော့လည်း သူတို့အဖွဲ့အချင်းချင်း ပြိုင်စရာတစ်မျိုး ပေါ်လာပြန်တယ်။ နွယ်တို့အိမ်မှာက ဟန်းဖုန်းတွေ ဟန်းဆက်တွေကလည်း ပိုနေလို့ သားကလည်း လူပျိုပေါက်လေးဖြစ်လာတော့ အဆက်အသွယ် မပြတ်ရအောင်ဆိုပြီး နွယ်က သူ့သားကို ဟန်းဖုန်းတစ်လုံး ပေးထားတယ်လေ။ အိမ်မှာဆို သူ့သားကြီးအတွက် လက်(ပ်)တော့ တစ်လုံး သမီးအငယ်အတွက်လည်း လက်(ပ်)တော့ တစ်လုံးတဲ့။ ဒီတော့ သူ့ကလေးတွေ ကွန်ပျူတာတို့ ဘာတို့ ကျွမ်းကျင်နေပြီ ဆိုလား။ သူကတော့ ကလေးတွေ ပူဆာလွန်းလို့ သားကြီးခြောက်တန်းလောက်က ကွန်ပျူတာတစ်လုံး ဝယ်ပေးထားတာကလွဲပြီး ဒါတွေလည်း နားမလည်တော့ ဘာမှ ထပ်မလုပ်ဖြစ်ခဲ့ဘူး။ အခု နွယ်တို့ မသင်းတို့ ပြောမှ ဒါတွေလည်း လိုအပ်တာကို သတိထားမိလာတာ။ ကလေးတွေကလည်း အိမ်ရောက်ရင် ပြန်ပြောလေ့ရှိတယ်။ သူ့သူငယ်ချင်းတွေမှာဆို PS2 ရှိကြောင်း၊ လက်(ပ်)တော့ထဲမှာ နောက်ဆုံးပေါ် Sim3 ဆော့ဖ်ဝဲ ထည့်ထားတဲ့အကြောင်း၊ ဟန်းဖုန်းနဲ့ သူငယ်ချင်းအချင်းချင်း ကျူရှင်ကိုရောက်မယ့်အချိန် ကြိုချိန်းကြကြောင်း စတာတွေပေါ့။ ဒီတော့သူလည်း သူ့ကလေးတွေ မျက်နှာမငယ်ရအောင် စားမေးပွဲမှာ အဆင့်ကောင်းရင် ဝယ်ပေးမယ်လို့ ကတိပေးလိုက်ရတာပေါ့။ တဖက်ကလည်း ဒီပစ္စည်းတွေရဲ့ တန်ကြေးကလည်း မနည်းတော့ သူ့အဖေကို စည်းရုံးရေးဆင်းပြီး ကြိုပြောထားရသေးတာလေ။ ဒီခေတ်က ကွန်ပျူတာခေတ်တို့ ဒါတွေမှ မထောက်ပံ့နိုင်ရင် ကိုယ့်ကလေးတွေက တော်ရက်နဲ့ သူများနောက်ကောက်ကျ ကျန်ခဲ့မှာတို့... သူက ဒီလိုချက်ကောင်းကို ကိုင်ပြီး အပြောကောင်းသွားတော့ ကိုမိုးကလည်း ဘယ်လက်နှေးမှာတုန်း။ PS2 နဲ့ PSP ဆိုတဲ့ စက်ကို တစ်လအရင်ဝယ်ပေး။ နောက်တစ်လခြားပြီးတာနဲ့ ကိုမိုးက သူ့မိတ်ဆွေဆိုင်ကနေ လက်(ပ်)တော့လေးတစ်လုံး ဝယ်ပေးရှာတယ်လေ။ ဒါပေမယ့် သားကြီးကိုတော့ ဟန်းဖုန်းဝယ်ပေးဖို့ မလိုအပ်ဘူးလို့ ယူဆပြီး ဝယ်မပေးခဲ့ဘူး။ ကိုမိုးအမြင်က ကလေးကို အဲလောက်မြှောက်စားရင် မကောင်းဘူးလို့ ယူဆတယ်လေ။ သူကတော့ နွယ့်သား သူ့ရှေ့မှာ ဖုန်းလေးထုတ်ပြီး စကားပြောပြောနေရင် သားကြီးကိုလည်း အဲဒီလိုလေး ဝယ်ပေးချင်စိတ် ပေါက်မိတယ်။ ကံကကောင်းချင်တော့ တစ်နေ့က အဖေနဲ့အမေကို သီတင်းကျွတ်သွားကန်တော့ကြတော့ အထွက်မှာ အမေက သူ့မြေးတွေကို ဘာလိုချင်လဲ မေးလိုက်တာ သားကြီးက မဆိုင်းမတွ ဟန်းဖုန်းလိုချင်တယ်လို့ ဖြေလိုက်တာလေ။ နောက်မနက်လည်းရောက်ရော အမေ့ဆီက ဖုန်းလာတယ်။ သူ့ကို အဖေက ဂေါက်ရိုက်သွားရင်း သာကြောင်းမာကြောင်းလောက်ပဲ သိချင်လို့ ပေးထားတဲ့ ဟန်းဖုန်းက တကယ်လည်း မသုံးဖြစ်ဘဲ အပိုလိုဖြစ်နေလို့ အဲဒါကို သူ့မြေးကိုဖြိုးကိုပဲ ပေးချင်ကြောင်း ဆက်ပြောတာလေ။ သူလည်း ဘယ်ငြင်းလိမ့်မှာတုန်း။ မဆိုင်းမတွပဲ နေ့လည်ကလေးတွေကို ထမင်းပို့ပြီး အပြန် ဝင်ယူလိုက်တယ်။ အခု သားကြီးက သူ့ပတ်ဝန်းကျင်က သူငယ်ချင်းတွေလို ဟန်းဖုန်းနဲ့ဘာနဲ့ ဖြစ်နေပြီလေ။ ကလေးက ပျော်တော့ စာမှာလည်း ပိုကြိုးစားမယ်လို့ သူကယူဆတယ်။ ဒါပေမယ့် ကိုမိုးကမကြိုက်တော့ သူ့အဖေရှေ့ မကိုင်မိဖို့ သားကို သတိပေးထားရတယ်။
*****@@@*****
ဘာလိုလိုနဲ့ သားကြီးက အခု ရှစ်တန်းအရွယ်ဆိုတော့ မကြာခင်မှာပဲ ဆယ်တန်းဆိုတာကြီးက ရောက်လာတော့မယ်။ သူတို့နှစ်ယောက်လုံးက သားသမီးတွေကို ရင်အုပ်မကွာ တက္ကသိုလ်ပညာရေးကို ဒီမှာပဲ ဆက်သင်ယူစေဖို့ အစီအစဉ်ကလည်း ရှိပြီးသား။ သားကြီးကလည်း အတန်းစဉ် အေအတန်းပဲ ရခဲ့ပြီး စာတော်တဲ့စာရင်းထဲပါလေတော့ ကိုမိုးက သူ့သားကို ဆေးတက်ရဖို့ မှန်းတယ်လို့ သူ့ကို ဖွင့်ပြောလာတယ်။ အဲဒီအတွက်လည်း ကလေးကို ပိုဂရုစိုက်ဖို့ သူ့ကို ဖိအားပေးတယ်လေ။ တခြားငွေရေးကြေးရေးကတော့ သူ့တာဝန်ထားပါပေါ့။ ကိုမိုးကို သူ ကတိပေးရတာပေါ့။ ဒါပေမယ့် သားကြီးက ရှစ်တန်းနှစ်လယ်လောက်ရောက်တော့ သူ့ကို ဝယ်ပေးထားတဲ့ ဂိမ်းတွေကို ပိုစိတ်ဝင်စားလာပြီး စာဘက်မှာ နည်းနည်းပေါ့လာတယ်။ သူတို့စက်တွေကိုလည်း ကိုယ်က နားမလည်ဘဲ ဂိမ်းဆော့နေတာလား ကွန်ပျူတာကိုင်နေတလားဆိုတာကို ခွဲမသိဘူးလေ။ ဒီတော့ သူတို့ ပြောသမျှပဲပေါ့။ တစ်ခါတလေ စက်သုံးနေတာ နာရီပေါင်းကြာလို့ လွန်လွန်းတယ် ထင်ပြီး ပိတ်ခိုင်းလိုက်ရင်
“အမေ ဘာနားလည်လို့လဲ? သား အခု ကွန်ပျူတာနဲ့ သင်္ချာတွက်နေတာ။ စာလုပ်နေတာ၊ မျက်စိအနားပေးတဲ့အနေနဲ့ စိတ်ရွှင်သွားအောင် သင်္ချာနဲ့ဆိုင်တဲ့ ဂိမ်းလေး ခဏဖွင့်ဆော့နေတာ” ++++
ဆိုပြီး ဆင်ခြေအမျိုးမျိုး ပြန်ပြောလေ့ရှိလာတယ်လေ။ ဒါပေမယ့် သူလည်း အဲဒီလောက် မအပါဘူး။ ဒါတွေကိုပဲ ကိုင်လွန်းလာတော့ စက်တွေကို သိမ်းမယ်။ တစ်ပတ်ကို ငါးရက်ပဲ ထုတ်ပေးမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ရတော့တယ်။ သူ့အဖေကို ပေးထားတဲ့ ကတိလည်း ရှိသေးဆိုတော့ အတန်းထဲမှာ အဆင့်ကျသွားလို့က လုံးဝမဖြစ်ဘူးလေ။ ဒီတော့ သားဖြစ်သူဘက်ကလည်း တမျိုးပညာပြလာပြန်တယ်။ အိမ်မှာမကစားရတော့ ကျူရှင်နားက ဂိမ်းဆိုင်မှာ ကျူရှင်စောဆင်းရင် ဝင်ကစားရတာနဲ့ ကျောင်းနားက ဂိမ်းဆိုင်မှာ ဝင်ကစားချင်လို့ ကျောင်းကို ခါတိုင်းထက် စောပို့ခိုင်း နောက်ကျမှ လာကြိုစေချင်ရတာနဲ့ ဖြစ်လာတယ်လေ။ သားကြီးလိုပဲ နွယ့်သားနဲ့ မသင်းသားတွေလည်း အခုရက်ပိုင်း ပြောရဆိုရခက်တယ်လို့ ညည်းလာကြတယ်။ သူတို့အဖွဲ့ထဲက ကျန်တဲ့သုံးယောက်က သမီးတွေ ဆိုတော့ သူတို့သုံးယောက်လောက် စိတ်ညစ်ရမယ် မထင်ပေမယ့် သူတို့သမီးတွေလည်း အပျိုလုပ်ချင်၊ အချိန်တိုင်း တိုးတိုး တိုးတိုးနဲ့ ပေးထားတဲ့ ဟန်းဖုန်းတွေနဲ့ပဲ အချိန်ကုန်နေကြတာလို့ ရင်ဖွင့်လာကြတယ်လေ။
“ကလေးတွေက မလွယ်ပါဘူး။ ကိုယ်က လိုလေသေးမရှိ အလိုလိုက်ထားမိတာကို မသိတတ်ကြဘူး”
ဘာ-ညာနဲ့ အချင်းချင်းတွေ့ရင် ရင်ဖွင့်မိကြတယ်။
*****@@@*****
တစ်ရက်က သူကလေးတွေကို နေ့လည်စာသွားပို့မလို့ ပြင်ဆင်ပြီး ထွက်လာတုန်း ကိုမိုးရယ်.... မပြောမဆို ဒေါကြီးမောကြီးနဲ့ ပေါက်ချလာပါလေရော။
“သြ မင်းအခု ဘယ်သွားမလို့လဲ? လာစမ်းပါအုံး။ မင်းကို မေးစရာရှိတယ်။”
“ကလေးတွေကို ထမင်းသွားပို့မလို့လေ။ ဘယ်လိုဖြစ်လာရတာလဲ အမောတကောနဲ့။ အုပ်ဆောင်းထဲမှာ ရှင့်ဖို့ အကုန်ပြင်ထားခဲ့ပြီးသား။ ဖွင့်စားလိုက်ရုံပဲ။”
ကိုမိုးက သူ့ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ရင်းက
“ဟင်း.... ပြင်ဆင်ထားလိုက်တာများ ကလေးနှစ်ယောက်အမေဆိုတာကို မေ့နေတယ်ထင်တယ်။ အပျိုရှုံးလို့။ ဒါကထားပါ။ အခု မင်း သားကြီးကို သူ့ကျူရှင်ဆရာက ကျူရှင်လစ်တာ များလာလို့ ငါ့ဖုန်းကို လှမ်းတိုင်တယ်လေ။ သူ့အမေမသိဘူးလားလို့ မေးတော့ မင်းကိုတိုင်တာ သုံးခါလောက်ရှိပြီ။ ဘာမှမထူးတာနဲ့ အဖေကို ဖုန်းဆက်လိုက်ရတာတဲ့။ သိပ်လွန်လာရင် အဲဒီကျူရှင်က ထုတ်ပစ်တတ်လို့ပါတဲ့။ ကဲ... မင်းဘာပြောမလဲ? ဒါတွေသိရက်နဲ့ ငါ့မပြောဘဲ ဘာလို့ အခုလိုဖုံးထားတာလဲ? ဟား.... ငါကတော့ ငါ့သားလေးတော်တယ်ဆိုပြီး ဆရာဝန်တွေ ဘာတွေတောင် မှန်းလို့။ တောက်... အခုဘယ်လိုဖြစ်တာလဲ? ငါ့ကို လင်းစမ်းပါဦး ဒေါ်ချိုရဲ့”
သူ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့သွားရတယ်။ ကျူရှင်အပ်စဉ်က သူ့ဘော်ဒါတွေလည်း ပါတော့ သူတို့တွေလိုပဲ သူလည်း ရှိသမျှ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို တန်းစီ အမှုမဲ့အမှတ်မဲ့ ပေးထားခဲ့မိတာ အခု ဒုက္ခရောက်ပြီလေ။ သားကြီးကိုထားတဲ့ အဲဒီသချာင်္ကျူရှင်ဆရာက နာမည်ကြီး စည်းကမ်းကြီး။ ဟုတ်တယ်... သူ့ကိုတိုင်တာ သုံးခါလောက်ရှိပြီ။ သူလည်း သားကို သတိပေးပါတယ်။ ဟိုနေ့ကဆို ဆူတောင်ဆူလိုက်သေးတယ်။ သူဆူတာကို ဒီဘက်နားကဝင်ပြီး ဟိုဘက်က ပြန်ထွက်သွားခဲ့တာ နေမှာ။ အခု သူ့အဖေဆီအထိ အတိုင်ခံရပြီလေ။ ကိုမိုးက သူ့သားအပေါ် အရမ်းမျှော်လင့်ထားတာပေမယ့် သူ့သားက အခုကြီးလာမှ အခြေအနေမဟန်တာကို ကိုမိုးစိတ်ညစ်မှာစိုးလို့ သူဖွင့်မပြောသေးတာပါ။ ဆုံးမလို့လည်း ရမယ်လို့ သူထင်ခဲ့တာကိုး။ သူ့သားကိုကလည်း လွန်တာပါ။ ကျောင်းကပြန်ရောက်တာနဲ့ အိမ်မှာလွယ်အိတ်ချပြီး အိမ်နားက ဂိမ်းဆိုင်ကို ပြေးတော့တာ။ ကိုးတန်းအရွယ်လည်းဖြစ်တော့ နေရာတကာ ပြောရင်လည်း မကြိုက်ဘူး။ သူ့အကြောင်းပြချက်က အိမ်မှာ ဂိမ်းနှိပ်ရင် အမေက ပူညံပူညံနဲ့ ကစားရတာ ဖီးမရှိဘူးတဲ့လေ။ ဒီတော့ သူ့ဖက်ကလည်း မနိုင်မယ့်အတူတူ ဘယ်အချိန်ဆိုပြန်လာခဲ့ မပြန်လာရင် အဖေကိုလှမ်းတိုင်မယ်လို့ ချော့တမျိုး ခြောက်တမျိုးနဲ့ပဲ လွှတ်ထားလိုက်ရတော့တယ်။ ပြန်လာရမယ့်အချိန် လွန်ရင် သူ့ဆီပါသွားတဲ့ ဟန်းဖုန်း လှမ်းဆက်ပြီး ခေါ်ရတယ်။
“ခု လာခဲ့တော့ မင်းအဖေပြန်လာခါနီးပြီ။ သုံးနာရီရှိသွားပြီ။”
ဆိုပြီး ကျိတ်ကျိတ်လုပ်နေတာ ကြာပြီလေ။ အခု ဒင်းက ကျူရှင်လစ်တဲ့အဆင့်ကို ရောက်လာတာ။ ဒါပေမယ့် ကိုမိုးကိုတော့ ပေါ့ပေါ့တန်တန်ပဲ...
“ကိုမိုးရယ် စိတ်မပူပါနဲ့။ သားကြီးက ကွန်ပျူတာဂိမ်းဆော့တာကို ကလေးတစ်ယောက်လို မက်နေတာပါ။ ဘာမှမဖြစ်ပါဘူး။ အဆင့်တွေလည်း အများကြီး ကျသွားတာမှ မဟုတ်တာ။ အခုမှ ကိုးတန်းရှိသေးတာကို။ နောက်နှစ်ဆယ်တန်းရောက်ရင်တော့ ဒါတွေကို အကန့်အသတ်နဲ့ပဲ ဆော့ခိုင်းတာတို့ ချိုကိုယ်တိုင်း ကျူရှင်တို့ ကျောင်းတို့ လိုက်စောင့်တာတို့ လုပ်မှာပါ ကိုမိုးရဲ့။ သားကလည်း ဒီလို အကျိုးအကြောင်းနဲ့ပြောရင် နားလည်မှာပါ။”
သူ ပြီးစေ ပေါ့စေ ဆိုပြီးတော့ပဲ အခုလို တုံ့ပြန်လိုက်တော့တယ်။ ကိုမိုးဒေါသကို သူသိပြီး ဒီလိုဖြစ်ရင်လည်း သူက ကြောက်ရတယ်လေ။
“အေး... မင်းပြောလို့ ငါ ဒီတစ်ကြိမ်စောင့်ကြည့်လိုက်မယ်။ နောက်တစ်ခါ အခုလို အတိုင်ခံရရင် မင်းကော ဟိုကောင်ကော မလွယ်ဘူးသာ မှတ်ကြ”
သားကိုတော့ သူကျူရှင်လစ်တာ သူ့အဖေသိသွားတဲ့အကြောင်း အသိမပေးရဲသေးဘူး။ တော်ကြာ အဖေသိသွားပြီပဲ မထူးပါဘူး ဆိုပြီး ဖြစ်သွားမှာစိုးလို့လေ။ ဒီတော့ ကျူရှင်ကို သူကိုယ်တိုင်ပဲ မပြီးမချင်း ထိုင်စောင့်ရတော့တယ်။ သူ့မှာက ဒီသားကြောင့် ဖိအားတွေက များလာရပြီလေ။ သူကိုယ်တိုင်ကလည်း ကိုမိုးလိုပဲ ဒီသားကို ဆရာဝန်အဆင့်လောက်တော့ ဖြစ်စေချင်တယ်။
*****@@@*****
“ဖြန်း”
သူ့ ဘယ်ဖက် ပါးပြင် လည်ထွက်သွားပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်သွားတယ်။ အဲဒါထက်ပိုဆိုးတာက သူ့ကို အခုလို ရိုက်ရက်လို့ သူ့ရင်ထဲက စူးကနဲ မျက်ကနဲ ခံစားလိုက်ရတဲ့ ဝေဒနာပါ။
“ဟဲ့ ဟဲ့ သြော် နင်တို့ကလည်း အခုလို ဖြေရှင်းကြရမှာ မဟုတ်ဘဲ အေးအေးဆေးဆေး ဆွေးနွေးကြရမယ့်ဟာကိုဟယ်။ မောင်မိုး နင်ကလည်း တဆိတ်ရှိ ဒေါသကြီးပဲကွာ။ ဘယ်လိုဖြေရှင်းမယ်ဆိုတာကို မစဉ်းစားဘူး။ ခက်တော့တာပဲ။”
ယောက်မဖြစ်တဲ့ ကိုမိုးအစ်မဖြစ်သူက သူ့ရှေ့ကနေ ကာလိုက်ပြီး အခုလို အလန့်တကြား ဟန့်တားလိုက်ပေမယ့် သူ့ပါးပြင်တစ်ဖက်ကတော့ ကိုမိုးဒေါသကြောင့် ပူနွေးသွားခဲ့ရပြီလေ။ ကိုမိုးလက်ထဲက ဆေးစစ်ချက် စာရွက်အဖြေကိုပဲ သူ အကြောင်းမဲ့ ငေးစိုက်ကြည့်နေမိတယ်။ မျက်ရည်ကျချင်ပေမယ့် ကျလို့မရဘဲ တစ်ဆို့ကြီး ဖြစ်လို့လေ။ ဘေးနားက သားကြီးလည်း ခေါင်းငိုက်စိုက်ချပြီး အောက်ခံကြွေပြားအခင်းတွေကို အကြောင်းမဲ့ စိုက်ကြည့်နေလေရဲ့။ သူတို့နှစ်ယောက်လုံး အပြစ်ရှိသူတွေလို ခံစားနေကြရပြီလေ။ တကယ်တော့ သူ့အပြစ်လား? ခေတ်ကြောင့်လား? သူကပဲ ခေတ်ကို လိုက်မမီတာလား? သားကြီးကပဲ အမိုက်စော်ကားတာလား? လားပေါင်းများစွာနဲ့ သူ မဝေခွဲတတ်အောင် ဖြစ်နေရတယ်။ အဒေါ်ဖြစ်သူ သူ့ယောက်မလောက်တောင် မရိပ်မိရကောင်းလားလို့လည်း သူ့ကိုယ်သူ အပြစ်တင်မိပြန်တယ်လေ။ ဒါတောင် သူတို့ အသိစောလို့ ကံကောင်းတယ်။ အခုလို အဆင့်ဆိုရင်တော့ မခက်ခဲသေးဘူး။ ဝိုင်းဝန်းစောင့်ကြည့်ကြရင် ဖြေရှင်းလို့ ရပါသေးတယ်လို့ ဆရာဝန်ကြီးက နှစ်သိမ့်တယ်လေ။ ကိုမိုးကတော့ အိမ်ရောက်ရောက်ချင်း သူ့ကို ရိုက်ရုံတင်မက ဘယ်အချိန်ကတည်းက အောင်းထားတဲ့ စကားတွေမှန်းမသိဘဲ ဒေါနဲ့မောနဲ့ တရစပ် ပေါက်ကွဲပြီး ပြောနေတော့တယ်လေ။
“ငါ မင်းကို ဘာဝတ္တရားပျက်ကွက်ခဲ့လို့ မင်း ငါ့သားကို အခုလိုဖြစ်အောင် လုပ်ရတာလဲကွာ။ မင်းကို စောင့်ကြည့်နေတာကြာပြီ။ ကိုယ့်နဲ့ ဘဝမတူတဲ့သူတွေကို လိုက်ပြိုင်လိုက်အံတု ဘာမဟုတ်တဲ့ အပေါ်ယံ အလှအပတွေဖက် တရလွန်စိတ်ဝင်စား ကိုယ့်ကလေးတွေကျ ဘာဖြစ်နေမှန်းမသိ တရလွန်မြှောက်စား ထိန်းမနိုင်သိမ်းမရတွေဖြစ်၊ တောက်... ငါကွာ ပြောလိုက်ရ မကောင်းတော့ဘူး။ ငါကြားဖူးတာ ဆေးတို့ ဘာတို့ စွဲတယ်သုံးတယ် ဆိုတာ တက္ကသိုလ်တို့ ဘာတို့ ရောက်မှ။ အခုတော့ မင်းသောက်သုံးမကျလို့ အခုမှ လူပျိုဖြစ်ခါစ အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ငါ့သားကျမှ လာဖြစ်ရတယ်လို့ကွာ... တောက် ငါ့မှာတော့ မျှော်လင့်လိုက်ရတာ ဒီသားကို။ ဆရာဝန်အဆင့်အထိ အရှက်မရှိ မှန်းလို့ ဟာကွာ...”
ပြောပြောဆိုဆို နံရံကို လက်သီးနဲ့ထုလိုထု လုပ်နေတော့ သူ့အစ်မကြီးက မနေသာတော့ဘဲ ဝင်ဆွဲပြီး...
“တော်ကြပါတော့ဟယ်။ မောင်မိုး နင်စိတ်လျှော့ပါဦးဟာ။ ကလေးက အဲဒီလောက် စိုးရိမ်ရတဲ့ အဆင့်မဟုတ်ပါဘူး။ ဝမှာစိုးလို့ ဝိတ်လျှော့ချင်လို့ဆိုပြီး ဝိတ်ကျတဲ့ဆေးမှတ်လို့ သူ တစ်ခါ နှစ်ခါပဲ သုံးလိုက်မိပါတယ်လို့ ဝန်ခံပြီးပြီလေ။ ဆရာဝန်ကိုယ်တိုင်က ဆီးစစ်တော့ သုံးတာသိပ်မများသေးဘူး မကြာသေးဘူးလို့ ပြောထားတာပဲဟာ။ ဒါတွေကို ရနိုင်တဲ့ ဂိမ်းဆိုင်တွေကို နောက်မလွှတ်ရင် ပြီးပြီပေါ့။ သားကြီး နင်ကလည်း ဒါတွေမကောင်းမှန်းသိနေပြီပဲ။ ဒီလိုနေရာတွေကို နောက်မသွားဖို့ ကတိပေးနော် သား.. မင်းက အခုမှ အညွန့်တလူလူနဲ့ ဆယ်ကျော်သက်လေး ဖြစ်ခါစ ရှိသေးတာ။ နောင် အများကြီး လူလုပ်ရဦးမှာ။ အခုကတည်းက မကောင်းတာကို မကောင်းမှန်းသိရင် ရှောင်နိုင်ရမှာပေါ့။ ကဲကဲ အခုအပြင်ခဏ ထွက်နေဦး။ အန်တီတို့ သားအတွက် အကောင်းဆုံးဖြစ်အောင် တိုင်ပင်ကြမလို့နော်။ သားကြီးက လိမ္မာပါတယ်။ အန်တီသားကို ယုံတယ်နော် ကဲ သွားသွား”
သားဖြစ်သူကလည်း သူ့အပြစ်နဲ့သူမို့ နေရခက်နေတုန်း အခုလိုပြောလိုက်တာနဲ့ လှစ်ကနဲ ထွက်သွားလေရဲ့။ သူ့မှာသာ ငိုမရတဲ့မျက်နှာနဲ့ ဆို့ပြီး ကိုမိုးနဲ့ သူအစ်မရှေ့မှာ တရားခံတစ်ယောက်လို ကျန်ခဲ့ရတယ်လေ။ ဒီလိုတွေဖြစ်လာဖို့ စပြီး ရိပ်မိ သတိထားမိတာကလည်း ကိုမိုး အစ်မကြီးပဲလေ။ သူက စာဖတ်များတော့ ဗဟုသုတအသင့်အတင့်ရှိ ထင်ပါရဲ့။ ကိုမိုးတို့မိဘတွေက သူ့မြေးတွေကို စုပြီး အလှူလုပ်ပေးတော့ သူ့ကလေးနှစ်ယောက်ကို အလှူရက်အတွင်း သူတို့ အဖိုးအဖွားတွေအိမ်ကို ညအိပ်ညနေပို့ထားရာက ဒီကိစ္စပေါ်လာရတာပေါ့။ သားကြီးကို ဒီပြင်အဒေါ်တွေထက် ကိုမိုးရဲ့ ဒုတိယအစ်မ အပျိုကြီးက ငယ်ကတည်းက အသည်းလေ။ ဒီတော့ အခုလိုကြုံတုန်း သူ့အခန်းထဲမှာပဲ တူဝရီးနှစ်ယောက် သုံးညလောက် အတူအိပ်ကြရာက အဒေါ်ဖြစ်သူက ရိပ်မိပြီး သူ့ကိုပြောတာ။ ပထမတော့ သူက မယုံသလို လက်လည်းမခံခဲ့ဘူး။ ဒီအပျိုကြီး ဒီပနီချဲ့တာပဲ နေမှာ။ အပြစ်မရှိ အပြစ်ရှာတာဆိုပြီး ကျိတ်စိတ်ဆိုးခဲ့သေးတာ။ နောက်တော့ သားကြီးမူပျက်တာ အအိပ်အနေနည်းပြီး ကြောင်တောင်တောင်ဖြစ်နေတာ၊ သူ့ကိုစကားပြောလိုက်ရင် အာရုံစူးစိုက်မှုမရှိဘဲ “ဗျာ... ခုန ဘာပြောလိုက်တာလဲ” ဆိုပြီး ဖြစ်နေတာတွေကို သူ့အဖေပါရိပ်မိလာတော့ သူ့အစ်မကြီးအကြံပေးသလို မူးယစ်ဆေးဆရာဝန်ကြီးဆီကို သားကြီးကို မလှိမ့်တပတ်နဲ့ ခေါ်သွားပြီး ဆီးစစ်ကြည့်လိုက်ရတာလေ။ အဖြေလည်းရရော အခုလိုတွေ ပေါက်ကွဲကုန်ကြတော့တာပေါ့။ သူလည်း အံ့သြဝမ်းနည်းဖြစ်ရတဲ့အပြင် မမျှော်လင့်ဘဲ သူ့ကိုလက်ဖျားနဲ့တောင် မတို့ဖူးတဲ့ ကိုမိုးက သားဇောနဲ့ ကိုယ်ထိလက်ရောက်ပါ ရိုက်ခံလိုက်ရတာလေ။ တကယ်လည်း သူက ဘာမှမဖြစ်နိုင်ဘူးထင်လို့ သူကိုယ်တိုင်လွှတ်ခဲ့မိတဲ့ ဂိမ်းဆိုင်ကနေ ဒီဆေးပြားဆိုလား စိတ်ကြွဆေးဆိုလား ရလာသုံးလာခဲ့တာလို့ သားကိုယ်တိုင် ဝန်ခံတော့မှ သူ့အပြစ်လည်း မကင်းဘူးလို့ သိလာရတယ်။ ရောက်နေတာက ဆယ်တန်း၊ သူ့အဖေက မှန်းနေတာက ဆရာဝန်လိုင်း အခုဖြစ်နေတာက သူဘယ်လိုမှ မျှော်လင့်မထားတဲ့အရာ ဆိုတော့ သူတို့တွေပြောကြဆိုကြ အပြစ်တင်ကြတာတွေကို သူ အ,အ တစ်ယောက်လိုပဲ နှုတ်ဆွံ့ပြီး ကြောင်ကြည့်နေလိုက်မိတော့တယ်။ လိုက်မမီတဲ့ လောကကြီးကိုလည်း သူ အံ့သြတကြီး ဖြစ်နေတာလည်း ပါပါတယ်။
*****@@@*****
သားကြီးဆယ်တန်းတစ်နှစ်လုံး သူတို့တတွေ (ကိုမိုးအစ်မ အပျိုကြီးပါ ပါတာပေါ့) အပင်ပန်းခံ အချိန်ပေးပြီး မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်၊ ကျူရှင်တွေ ကျောင်းတွေကိုလိုက်ပို့၊ လိုအပ်တာတွေ ထောက်ပံ့နဲ့ ကြိုးစားခဲ့ကြတာ ဘာပဲပြောပြော သားကြီးက ဆယ်တန်းဆိုတဲ့ တောင်ကြီးကို ဂုဏ်ထူးတစ်ခုနဲ့ အောင်ခဲ့ပြီလေ။ သူတို့ဖြစ်စေချင်တဲ့ ဆေးလိုင်းတော့ မဝင်ခဲ့ပေမယ့် အဆိုးထဲက အကောင်း အခုလို နှစ်ချင်းပေါက်အောင်တာကိုပဲ သူ့အဒေါ်က ကြံဖန်ကျေနပ်နေရှာတယ်။ ကိုမိုးကတော့ ဒီကိစ္စပေါ်လာပြီးကတည်းက သူ့ကို စကားကောင်းကောင်းမပြောတော့ဘဲ နေနေခဲ့တာ။ သူလည်း ဘာမှ အတွန့်မတက်ရဲဘဲ ကိုမိုးလိုအပ်တာတွေကို ထုံးစံအတိုင်း အသံတိတ်လုပ်ဆောင်ပေးရင်း သားကြီး စာမေးပွဲအတွက် တစ်နှစ်လုံး အချိန်ပေးခဲ့ရတယ်။ မုန်တိုင်းစဲတဲ့အချိန်ဆိုပေမယ့် နွေးထွေးမှုမရှိတဲ့ တိတ်ဆိတ်မှု တွေနဲ့အတူ သူ ကျိတ်ပြီး ကြေကွဲခဲ့ရတာက ညအိပ်ချိန်တွေမှာပေါ့။ တစ်နေ့တော့ သူ့ကို စကားကောင်းကောင်းမပြောတာ ကြာပြီဖြစ်တဲ့ ကိုမိုးက...
“မင်းသား အခုဆယ်တန်းအောင်ပေမယ့် ငါတို့ မှန်းတဲ့ ဆေးလိုင်းလည်းမရတော့ ငါအခု စိတ်ကူးတစ်ခုပြောင်းလိုက်တယ်။ အဲဒါ မင်းကို အသိပေးချင်လို့။ မင်း ငါ့အစ်ကို ကိုသီဟန်ကို သိတယ်မဟုတ်လား။ အင်္ဂလန်ကလေ အခု သူက ဟိုမှာ ရှေ့နေဘွဲ့ယူပြီး အလုပ်အဆင်ပြေနေတာ။ အဲဒါ တလောက သူအလည်ပြန်လာတုန်း သားကြီးကိစ္စ ဖွင့်တိုင်ပင်မိတော့ သူ့ဆီပို့ဖို့ အကြံပေးတယ်။ ဟိုမှာပဲ ကျောင်းတက်။ ကျောင်းတက်ရင်း အလုပ်တစ်ဖက်လုပ် သူ့ဆီမှာ ရောက်စ နှစ်နှစ်လောက်အထိ အခြေမကျသေးခင်တော့ အလကားနေခွင့် ပေးမယ်တဲ့လေ။ လူငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်တွေက မိဝေးဖဝေးနဲ့ ပညာရေးမှာလည်း တကယ်ကြိုးစားမှ ငွေဆိုလည်း ကိုယ်တိုင်ရှာလို့ရတဲ့ငွေကိုမှ ပိုပြီးတန်ဖိုးထားတတ်ကြတာက သဘာဝပဲ။ ဒီမှာက အားကိုးစရာ ငါတို့ရှိနေတော့ တက္ကသိုလ်ရောက်လည်း မင်းသားက အခုလို ပေါ့ပေါ့နေ ပေါ့ပေါ့စား သူ့ကိုယ်သူ အားကိုးချင်စိတ် ပျိုးထောင်ချင်စိတ်က ရှိလာနိုင်မှာ မဟုတ်ဘူးလို့ သူ့ဦးလေးက တွက်ပြတယ်။ ငါ အစက ငါ့သားသမီးတွေနဲ့ မင်းရောပေါ့ မိသားစု အတူတူပဲ နေချင်ခဲ့တာ။ ဒါပေမယ့် ငါတို့ မနှစ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ လူငယ်တွေ ရင့်ကျက်လာဖို့ အရွယ်ရောက်လာရင် အခုလို လက်လွှတ်သင့်ရင် လွှတ်ရမှာပဲဆိုတဲ့ ကိုသီဟန်ရဲ့အကြံကို ငါလက်ခံလာတယ်။ အဓိကက ငါတို့ပို့ပေး တင်ပေးလိုက်တဲ့ လမ်းကြောင်းက သူတို့အတွက် လမ်းမှန်ဖြစ်နေဖို့ပဲ ဆိုတာကို ငါသဘောတူလာတယ်။ သူ ပညာစုံမှ ရင့်ကျက်လာမှ ဒီကိုပြန်လာချင်လာ ဟိုမှာအဆင်ပြေနေရင်လည်း သူကောင်းနေ အဆင်ပြေနေတာပဲလို့ဖြေပြီး ငါ့စိတ်ကူးကို ပြင်လိုက်တယ်ကွာ။ အဲဒါအတွက် မင်းသားက အခုဆယ်တန်းအောင်လက်မှတ် ရှိပြီးသားဆိုတော့ အင်္ဂလိပ်စာအတွက်စစ်တဲ့ စာမေးပွဲဆိုလား အဲဒါပဲလိုတယ်လို့ ကိုသီဟန်ကပြောတယ်။ အဲဒါ မင်းစုံစမ်းပြီး ကလေးကို အမှတ်ကောင်းအောင် ပြင်ပေးထားလိုက်။ ငါ သူ့ကို ခေါ်မေးပြီးပြီ။ သွားချင်လားလို့။ သူကလည်း သွားမယ်လို့ သဘောတူးတယ်။ ချို... မင်းနဲ့ငါ အရင်လိုပဲ နွေးနွေးထွေးထွေး တိုင်တိုင်ပင်ပင် ပြန်နေကြပြီး ငါတို့ သား သမီးတွေအတွက် အမှန်အကန်ဆုံးထင်မယ့် လမ်းကို ရွေးပေးကြရအောင်ကွာ နော်”
ကိုမိုးက ပြောလည်းပြော သူ့လက်နှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးပြောလာတော့ သူ့သားကြီးနဲ့ မခွဲချင်ပေမယ့် ထုံးစံအတိုင်း ကိုမိုးဆန္ဒကို လိုက်လျောမိလိုက်တော့တယ်။ အတိုင်းမသိ ဒလဟောပြိုကျလာတဲ့ မျက်ရည်တွေနဲ့အတူလေ။ ကိုမိုး သူ့ကို ကြင်ကြင်နာနာနဲ့ ပွေ့ဖက်ပြီး မျက်ရည်လေးတွေ သုတ်ပေးရှာပါတယ်။
*****@@@*****
ကောင်းကင်ပြာပေါ်ကို ပျံတက်သွားတဲ့ လေယာဉ်လေးဆီ မော့ကြည့်လက်ပြရင်းက သူ့ညာဖက် လက်ဖမိုးပေါ်ကို ရေတစ်စက် ပေါက်ကနဲ ကျလာလို့ ကြည့်လိုက်မိတော့ သူမျှော်လင့်မထားတဲ့သူရဲ့ မျက်ရည်တစ်စက်ဖြစ်နေတာကို သိလိုက်ရတယ်။
သူ ခြေဖျားလေးထောက်ပြီးတော့ ပါးပြင်ပေါ်မှာ ကျန်နေတဲ့ မျက်ရည်နှစ်စက်ကို တစ်ရှူးနဲ့ လှမ်းသုတ်ပေးလိုက်ပြီး သူ့ကို ရက်ရက်စက်စက် ရိုက်ရက်ခဲ့တဲ့ လက်ဖဝါးပြင်ကြမ်းကြမ်းနှစ်ဖက်ကို ဆုပ်ကိုင်ဖျစ်လိုက်ရင်းက အားပေးပြုံးလေး ပြုံးပြလိုက်မိတော့တယ်။ ဒီနေ့ သားကြီး လန်ဒန်ကို ကျောင်းတက်ဖို့ ထွက်ခွာသွားတဲ့နေ့လေ။ တကယ်တမ်း ထွက်ခွာသွားတော့ သူက အားရအောင် နေ့တိုင်းကျိတ်ငိုခဲ့ရလို့ ထင်တယ် မျက်ရည်မကျမိဘဲ တချိန်လုံး မျက်ရည်တစက်မကျဘဲ ကျားကျားလျားလျား ဒေါသတကြီးနေလာခဲ့တဲ့ ကိုမိုးက အခုလိုမျက်ရည်ကျတာကို မြင်လိုက်ရတော့ ကိုမိုးရဲ့ သားအပေါ်ထားတဲ့ မေတ္တာအတိမ်အနက်ကို ပိုပြီး နားလည်လိုက်မိတယ်။ သားဆီက ဖုန်းဆက်လာရင် ဒီအကြောင်းပြောပြရဦးမယ်လေ။ ဒါမှ သားကြီး ဟိုမှာ ပိုကြိုးစားအောင်ပေါ့။ ဘာပဲပြောပြော သူတို့မိသားစုလေး ဥကွဲခဲ့ပေမယ့် အသိုက်မပျက်ခဲ့တာကိုတော့ လောကကြီးကို သူ ကြံဖန် ကျေးဇူးတင်နေမိပါတော့တယ်။
ညလင်းဖြူ


No comments:

Post a Comment