ကပ်ပါးတစ်ကောင်ရဲ့လွတ်မြောက်ခြင်း



ကပ်ပါး/နာမ်/အခြားသက်ရှိကိုမှီတွယ်၍ အသက်ရှင်သောအကောင်မျိုး
[သန်ကောင်/ခွေးလှေး/မွှားစသည်](မြန်မာအဘိဓာန်။ ၁၉၉၁ ။ စာ - ၁၉)

**********
"အရှေ့ကိုလျှောက်ပါလို့...အနောက်ကိုတဲ့...မျှော်လိုက်ရင်...."
တိုက်တိုက်ဆိုင်ဆိုင် ကျနော်ကအထွက်။ မစီးချင်တဲ့ကားထဲကိုတက်မယ်အလုပ် - လမ်း ၃၀ပေါ်မှာ အလှူတစ်ခုကားတန်းကြီးနဲ့လှည့်တဲ့အထဲကစပီကာနဲ့သီချင်းသံကိုကြားလိုက်ရတယ်။
ယောင်ယမ်းပြီး ကျနော့်နောက်ဖက်ကို လှည့်ကြည့်လိုက်မိတယ်။ ရုပ်ရှင်တွေထဲကလို ကျနော့်
နောက်ကို မျက်ရည်စက်လက်နဲ့ငိုပြီးပြေးလိုက်လာတဲ့သူတစ်ယောက်မှမရှိဘူး။ ကျနော်ဒီလိုဖြစ်
နေတယ်ဆိုတာကိုတောင်သိကြမှာမဟုတ်ပါဘူး။
"ကဲ တက်တက် မြန်မြန်မြန်မြန်.....အခုမှတွေးနေငေးနေလုပ်မနေနဲ့၊ နောက်တစ်ဖွဲ့ကျန် သေးတယ် တက်စမ်းကွာ"နောက်ကျောကိုနံပါတ်တုတ်အချွန်နဲ့ထိုးပြီး ကားပေါ်ကို တက်ခိုင်းတယ်။အသံကတော့မာကြောကြောနဲ့။ ထောင်းကနဲဖြစ်သွားတဲ့ဒေါသကို အခြေအနေ
အရ အမြန်ထိန်းလိုက်ပြီး ကားပေါ်တက်လိုက်ရတယ်။
ကားထဲဝင်လိုက်တာနဲ့ သံချေးစော်လိုလို ဘာလိုလို ဖော်ပြလို့မရတဲ့ခပ်ဟောင်း ဟောင်းအန့
ံကြီးက ဆီးကြိုလို့။ အရင်ကဒီကားကြီးတွေဖြတ်ဖြတ်သွားရင် အမှုမဲ့အမှတ်မဲ့၊ကိုယ်နဲ့ဘယ်လိုမှ
ပတ်သက်လာမယ်လို့မထင်တော့ သတိမထားမိခဲ့ဘူး။ အခုမှ ဒီလောက်နံမှန်းသိတော့တယ်။ နောက်ထပ်လူဆယ်ယောက်လောက်ထပ်ဝင်လာပြီးတံခါးကြီးကို ဂျိမ်းခနဲမြည်အောင်ပိတ်ချ
လိုက်တယ်။ ရုံးကြီးဝင်းထဲကထွက်ပြီး ၆၈လမ်းအတိုင်း ကျုံးဖက်ကို တည့်တည့်မောင်းသွား
တာကို သိနေတယ်။ ၂၇လမ်းထောင့်ရောက်တော့ ကျနော်တို့ကားကြီးဘေးကနေ ဟွန်းတီးပြီး ဂျစ်ကားတစ်စီးကျော်တက်သွားတယ်။သီချင်းသံအကျယ်ကြီးဖွင့်လို့။ ဟာ.....ဒါဟိုကောင်
တွေပဲ။
ပါးစပ်ကယောင်ယမ်းပြီး အော်ခေါ်တော့မလို့။ နောက်မှ ပူးထားတဲ့လက်နှစ်ဖက်ကိုက
လွတ်လွတ်လပ်လပ်လှုပ်မရတာကို သတိရသွားမှ လက်ရှိအခြေအနေကိုလက်ခံပြီး ပါးစပ်ပိတ်
လိုက်မိတော့တယ်။
ကျနော်တို့ကားကြီး ကျုံးဖက်ကိုအကွေ့မှာ တစ်ဖက်ကလာတဲ့ကားနဲ့တိုးမိတော့မလို့။
ကားသမားက ဘရိတ်အုပ်လိုက်တာ - နောက်ထဲကရပ်နေတဲ့သူတွေ အကုန်အလဲလဲအပြို
ပြိုဖြစ်ကုန်ရော။
"ကျွီ......"
*******
"ကျွီ......"ကားဘရိတ်အုပ်သံနဲ့အတူ........
They call us problem child....We spend our lives on trial....We walk an endless mile
We are the youth gone wild!
We stand n we won't fall.....We're one n one for all....The writing's on the wall
We are the youth gone wild!

Skid Row အဖွဲ့ရဲ့သီချင်းသံ။ ကျနော်ဖင်လိမ်လျှိုပြီး ဘောင်းဘီကိုအမြန်ကောက် ဇစ်ဆွဲ
စိလိုက်တယ်။အသင့်ချထားတဲ့ ခါးပတ်ကိုပတ်လိုက်ပြီးလက်တစ်ဖက်က ခေါင်းရင်းတံခါးကို
တွန်းဖွင့်ရင်း.....
"လာပြီဟေ့..... ခဏလေး ခဏလေး"
ဟွန်းအကျယ်ကြီးတီးမှာစိုးလို့ အသံပေးပေမယ့်မမှီတော့ဘူး။ကားဟွန်းသံကိုဆက်တိုက်ကြား
လိုက်ရတယ်။
ပြူတင်းပေါက်ကနေ လက်တစ်ဖက်ထောက်ခုန်ဆင်းလိုက်ရင်း....................

"မေမေရေ ကျနော်သွားပြီ။ နောက်နှစ်ရက်နေမှပြန်လာမှာနော်"
"မြန်မြန်သာကြွဟေ့။ ဒီမှာက ရပ်ကွက်နဲ့နေရတာ။ ဘေးအိမ်တွေနားကြားမြင်ကတ်စရာ
ကောင်းအောင်လို့ ဆူညံနေတာဘဲ။ အားနာဖို့ကောင်းလိုက်တာ"

ကျနော် မေမေရဲ့တဖျစ်တောက်တောက်အသံကို မသိကျိုးကျွံပြုရင်း ကားပေါ်ခုန်တက်လိုက်
တယ်။ ဒီနေ့ကျနော်တို့အဖွဲ့ မေမြို့ကန်တော်ကြီးထဲက အိုင်စီရှိုးပွဲကိုသွားကြမယ်လေ။
ပြီးတော့ ဟိုမှာဘဲ ညအိပ်ကြမှာ။
********
မင်းဆက်၊ မိုးဝေနဲ့ ကျော်ဖြိုးသာတို့က ကျနော့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေပေါ့သူတို့နဲ့
ကျနော်က ဟိုးရှစ်တန်းကတည်းကတွဲလာခဲ့ကြတာ။သူတို့သုံးယောက်လုံးရဲ့မိဘတွေက သီရိ
သုဓမ္မတို့ သီဟသုဓမ္မ ဘာညာကွိကွတို့လို ဘွဲ့မျိုးတွေကိုအပြိုင်အဆိုင်ယူထားကြတဲ့ မြို့မျက်
နှာဖုံးခေတ်သူဌေးတွေပေါ့။ နာမည်ကြီးဂျာနယ်တွေထဲမှာဆိုရင် သူတို့အချင်းချင်းဝမ်းမြောက်
ဂုဏ်ယူကြောင်း အပြန်အလှန်ထည့်ကြတဲ့ ဆန္ဒပြုလွှာကို ဓာတ်ပုံနဲ့တကွမမြင်ချင့်အဆုံး။ ငွေကို
ရေလိုသုံးနေကြတဲ့ အလွှာတူ သူတို့သုံးယောက်နဲ့ ကျနော်က ကဲဖော်ကဲဖက် ဘော်ဒါတွေလေ။
ဒါပေမယ့် ကျနော်ကတော့သူတို့လိုမဟုတ်ဘူး။ သူတို့သုံးယောက်နေတာက မန္တလေးမြို့ရဲ့သိန်း
ထောင်ချီ သောင်းချီတန်တဲ့နေရာတွေမှာ။ ကျနော်နေတာက ယာဉ်ပျံထဲမှာ။ယာဉ်ပျံက ကျနော့်
ဇာတိတော့မဟုတ်ပါဘူး။ ကျနော်၁၂နှစ်သားလောက်မှ ပြောင်းလာခဲ့တဲ့ရပ်ကွက်ပေါ့။ဒီ့အ၇င်က
တော့ ကျနော်တို့က ၂၆လမ်းပွဲကုန်းရပ်မှာ နေရာကောင်း။ အဖိုးဆောက်ခဲ့တဲ့ ရှေးတိုက်ကြီးနဲ့
အပျံစားနေခဲ့ကြတဲ့ အထည်ကြီးပျက်မိသားစုပေါ့။ အမေတို့လက်ထက်ကျကာမှမောင်နှမတတွေ
ရှိတာတွေထုခွဲရောင်း အမွေခွဲလိုက်ရာကယာဉ်ပျံကိုလွင့်လာ၇တာလေ။ အဖေက ဘဏ်မန်နေ
ဂျာဖြစ်ခဲ့ဖူးသူ။ အခုတော့ အရွယ်မတိုင်ပဲအလုပ်ထွက်ခဲ့ရပြီး စာအုပ်ဘဲဖတ်နေတော့တဲ့ ယောင်
ခြောက်ဆယ်ပေါ့။
အမေကဘဲ အဖိုးဆီကရတဲ့ အမွေတွေနဲ့ နှစ်လုံးလေးထိုးလိုက်စိန်ပွဲစားလေးလုပ်လိုက်နဲ့ ကျနော်
တို့မောင်နှမငါးယောက်ကိုတက္ကသိုလ်ရောက်တဲ့အထိကျောင်းထားပေးတယ်။ ဒီကြားထဲ အစ်ကို
အကြီးဆုံးက အိမ်ထောင်ကျသွားပြီး မိန်းမပါခေါ်တင် မျိုးဆက်သစ်လေးတွေပါ ဆက်ပွားလာ
တော့ နဂိုကကျဉ်းတဲ့ ကျနော်တို့အိမ်လေးက အလိုလိုနေရင်းကျုံ့သွားသလိုခံစားရတယ်။
ကျနော့်ညီမလေးနှစ်ယောက် ကတော့ နာမည်ကြီးကုမ္ပဏီကြီးတွေမှာအလုပ်ကိုယ်စီရှိကြ
တယ်။ အိမ်မှာ ကျနော်ရယ်အဖေရယ်ပဲ အလုပ်မရှိ ဝင်ငွေမရှိတာလေ။ဒါပေမယ့် ကျနော့်မှာ
အခုခေတ်လူတိုင်းမကိုင်နိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းရှိတယ်။မတလဆိုင်ကယ်တစ်စီးရှိတယ်။
ကဲ - ဘယ်လောက်ကံကောင်းပြီး ထူးဆန်းလိုက်တဲ့ ကျနော်ပါလဲ။
*********
ကျနော့်သူငယ်ချင်းတွေအတွက်က လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီးစာလောက်က
မြို့အနီးအနားတဝိုက်အပျော်ခရီးထွက်တည်းခိုတဲ့စရိတ်လောက်ပဲရှိတာပေမယ့် ကျနော့်
အတွက်ကတော့ ဒါတွေရအောင်ဖန်တီးပေးထားတဲ့သူတို့ကို ကျေးဇူးတင်လို့ကိုမဆုံးဘူး။
ဒါကြောင့် ကျနော်သူတို့ငြိုငြင်အောင်စိတ်ကွက်သွားအောင် ဘယ်တော့မှမလုပ်ဘူး။ သူတို့နဲ့
အခင်မင်ပျက်သွားမှာကို သေမလောက်ကြောက်တယ်လေ။
ဒီလိုအရှိန်တွေနဲ့ ကျနော့်ရဲ့မွေးရာပါဥပဓိရုပ်ရည်ရူပကာတို့ကြောင့် သူတို့နဲ့တန်းတူကောင်မ
လေးတွေက အရေးပေးတာကို ခံရလေ့ရှိတယ်။ သွားလေရာမှာ မျက်နှာပွင့်တယ်ပေါ့ဗျာ။
ကျနော့်ဖက်ကတော့ ဒါတွေပေးထားတာ အလကားမဖြစ်စေရအောင်သူတို့ခိုင်းသမျှ လုပ်
ပေးဖို့က အချိန်ပြည့်အဆင်သင့်။ ကျနော်သူတို့အိမ်တွေက အကြောင်းကြီးငယ်ကိစ္စရှိတဲ့အခါ
ဝေလီဝေလင်း အချိန်မှာလည်း ကားမောင်းပေးဖူးတယ်။ သူတို့သားတွေမလုပ်ချင်တဲ့ ကား
သက်တမ်းတိုးတာမျိုး ဓာတ်ဆီတန်းစီဖြည့်ပေးတာမျိုးလည်းလုပ်ပေးဖူးတယ်။ ဟိုစပ်စပ်
ဒီစပ်စပ်လိုအပ်တာအကုန်လုံးကို အလကားမတ်တင်း ကူညီပေးဖူးတယ်လေ။ ဒါတွေအတွက်
အကျိုးခံစားခွင့်က ကျနော့်မှာအလုပ်မရှိပေမယ့် အိမ်ကိုမီခိုစရာမလိုဘူး။ မိုးဝေတို့ မင်းဆက်
တို့နဲ့ကလည်း အတူသွားအတူလာဆိုတော့ ပတ်ဝန်းကျင်က ကျနော့်ကိုသူတို့နဲ့တန်းတူ
ဘယ်သူကမှမနှိပ်ရဲဘူးလေ။
ဒီအရသာကို ကျနော်ကသိပ်ကျေနပ်တာ။ အိမ်မှာက နေတယ်ဆိုရုံလေးပဲရှိတော့ ကျနော့်ရဲ့
လက်ရှိဘဝကိုတောင် တစ်ခါတစ်ခါမေ့နေမိတယ်။
အိမ်မှာက အဖေကအနေအေးပြီးစကားနည်း၊ အမေကအလုပ်ကိစ္စနဲ့အပြင်ချည်းထွက်နေ
တော့ ကျနော်နဲ့သိပ်မတွေ့ဖြစ်ကြဘူး။ အထက်ကအကိုနှစ်ယောက်ကတော့ ကျနော့်ကို
အလုပ်မယ်မယ်ရရမလုပ်ဘဲအလွှာမတူတဲ့ သူဌေးသားတွေနဲ့ပေါင်းပြီး ဝေလေလေလုပ်နေ
တယ်လို့အထင်ရောက်ပြီး ကြည့်မရကြဘူးလေ။ သူတို့မသိလို့ပါ။
ကျနော်တို့လေးယောက် အင်္ဂလိပ်စာအဓိကဘာသာရပ်နဲ့ ကျောင်းပြီးထားကြပြီးနောက်
ဒီမှာရှိတဲ့ နိုင်ငံတကအဆင့်မီကျောင်းကြီးတွေမှာ ဒေါ်လာနဲ့ပေးပြီး ပညာဆက်သင်နေကြ
တာလေ။ ဒီလိုသင်တန်းကြေးမျိုးတွေကို အိမ်ကဘယ်တတ်နိုင်မှာလဲ။ ကျနော်သူတို့နဲ့
ပေါင်းလိုသာတက်နိုင်တာပေါ့။
**********
"ခွပ်"
အဖျားခပ်ထိသွားတဲ့ မေးစေ့ကမျက်ကနဲဖြစ်သွားတယ်။ ထောင်းကနဲထွက်သွားတဲ့
ဒေါသစိတ်ကိုမျိုချပြီး အပြင်ကိုခဏထွက်ခဲ့လိုက်တယ်။အထဲမှာ ကျော်ဖြိုးသာတစ်
ယောက်ကျနော်ထထွက်သွားလို့ ဒေါသဖြစ်ပြီးကျန်ရစ်ခဲ့လေရဲ့။
ဒီကောင်က ဒီလိုပဲ။ ဝီလေးများ တွတ်ပြီးလို့အရည်လေးလည်ချောင်းထဲစီးဝင်သွားရင်
တစ်ယောက်ယောက်ကိုလူစိမ်းမြင်တဲ့ခွေးတစ်ကောင်လိုရန်မူရမှကျေနပ်တဲ့ကောင်။
ကျနော်တို့ သုံးယောက်ထဲမှာ သူရန်မူနေကျက ကျနော်ပဲလေ။ ဒါမျိုးခဏခဏကြုံရပေ
မယ့် တစ်ခါတစ်ခါမှာတော့ သူနဲ့အပြိုင် ပေါက်ကွဲချင်မိတယ်။
ဒီလိုတုံ့ပြန်မယ်လို့လုပ်တိုင်း ခါးကြားထဲက ဟန်နဲ့ပန်နဲ့ချိတ်ထားတဲ့ဖုန်းကို သွားသတိရ
တော့မှ အမြဲစိတ်လျှော့ခဲ့ရတာ။ ဒါသူစွန့်ကြဲထားတာလေ။ ဖုန်းကြေးကိုတောင် မဆောင်
နိုင်တဲ့လကျ သူ့ပြောလိုက်တာနဲ့အဆင်ပြေပြီးသား။ ဒါတွေကြောင့်သာ။ မဟုတ်ရင်တော့
လား။
ကျနော်စားသောက်ဆိုင်အပြင်ထွက်လိုက်ပြီး ဒေါသပြေအောင်တက်ခေါက်လိုက်တယ်။
မကျေနပ်သေးတာနဲ့ အနားကအုန်းပင်ကြီးကို လက်သီးနဲ့ပိတ်ထိုးပစ်လိုက်တယ်။
ဟူး......
လေပူကိုမှုတ်ထုတ်အပြီးမှာတော့ကျနော့်ဒေါသက ပြေလုနီးပါးရှိပြီ။ ခဏနေတော့
မိုးဝေရောက်လာတယ်။
"လာကွာ အထဲဝင်ရအောင်။ မင်းဆက်ကြည့်ထိန်းထားလိုက်လို့ ဟိုကောင်စိတ်ပြေသွားပြီ။
ဒီကောင်က အူနုတော့ ဒီလိုပဲ။ ဘေးပတ်ရန်းတတ်တယ်။"

ကျနော်စိတ်လျှော့ပြီး မိုးဝေနဲ့အတူ အထဲပြန်ဝင်ခဲ့တယ်။ ကျနော်တို့တတွေသောက်ကြ
စားကြရင်း အခုလက်ရှိတက်နေတဲ့ သင်တန်းကျောင်းကနေ နောက်သင်တန်းကျောင်း
တစ်ခုကိုပြောင်းတက်ဖို့ ကျော်ဖြိုးသာကအဆိုပြုတာကို ကျန်သုံးယောက်ကငြင်းနေကြ
တာပါ။
မင်းဆက်နဲ့မိုးဝေကတော့ သူတို့ကြွေနေတဲ့ ကောင်မလေးတွေက လက်ရှိသင်တန်း
ကျောင်းမှာဘဲ ရှိနေတော့မပြောင်းချင်ကြဘူး။ ငြင်းနေတာက သုံးယောက်လုံးပါ။ ဒါပေမယ့်
ပေါက်ကွဲတော့ ကျနော့်ကိုပဲရွေးပြီးတော့ ပေါက်ကွဲတာ။ ဒါကလည်း ထုံးစံလိုဖြစ်နေပါပြီ။
နောက်တော့ သုံးယောက်နဲ့ တစ်ယောက် ကျနော်တို့ဘက်ကပဲ နိုင်သွားတာပေါ့။ ဒါပေမယ့်
ကျော်ဖြိုးသာက လက်မလျှော့ဘူး။
လက်ရှိသင်တန်းချိန်နဲ့ မတူတဲ့ အချိန်တွေမှာ သွားတက်ကြမတဲ့။ ဒါကိုတော့ အားလုံးက
သဘောတူလိုက်တယ်။ ဒီကောင်အဲဒီကျောင်းကို တက်ချင်တဲ့ရည်ရွယ်ချက်ကလည်း
အကြီးကြီး။ အဲဒီကျောင်းကဆယ်ကျော်သက်ကလေးမတစ်ယောက်ကို ကြွေနေတော့
ဇာတ်လမ်းလုပ်ချင်လို့တဲ့လေ။ ကောင်မလေးကဖြင့် နို့နံ့တောင်စင်သေးရဲ့လားမသိဘူး။
သူတစ်ယောက်တည်း တက်ချင်တဲ့သင်တန်းဖြစ်ပေမယ့် ကျနော်တို့သုံးယောက်ကိုလည်း
ပါစေချင်တော့ သင်တန်းကြေးကို သူကပဲရှင်းပေးမတဲ့။ ကျနော်တို့အဖွဲ့ကဒီလိုပဲ။ ရန်ဖြစ်
လည်း ခဏ။ ပြီးရင်တော့ပြီးသွားတာပါဘဲ။
**********
"တီတီ......တီတီ"
ဟော မိုးဝေပေးထားတဲ့ SAMSAUNG ဟန်းဆက်က မက်ဆေ့ခ်ျဝင်လာတယ်။ဖုန်းကဒ်က
တော့ ကျော်ဖြိုးသာကောင်းမှု။ ဖွင့်ကြည့်လိုက်တော့ငတိမလေးတစ်ယောက်က ကျနော်
ကိုယ်တိုင်မေ့နေတဲ့ ကျနော့် ၂၀နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းပို့လိုက်တာပါ။
ကျနော့်ကိုဆို ကောင်မလေးတွေက အထင်တကြီးနဲ့၊ဒီလိုဘဲ ကြည်ကြတယ်လေ။တချို့
ဆိုရင် အတည်တကျအိမ်ထောင်ကျသွားမှာစိုးလို့။ ကိုယ့်ဘဝကိုယ် အသိဆုံးဆိုတော့
ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို မလိုလားဘူး။
တခါတလေ သောက်ထားလို့ရမ်းတဲ့အချိန်ရယ်၊ သူတို့မိဘတွေက ကျနော့်ကိုခပ်နှိမ်နှိမ်နဲ့
ငယ်မွေးခြံပေါက် ကျွန်တစ်ယောက်လို ခိုင်းတဲ့အချိန်တွေရယ်ကလွဲလို့ ကျနော်ကတော့
လက်ရှိဘဝကိုကျေနပ်တယ်။ ကျနော်တို့က ကျောင်းပြီးလို့ ဘွဲ့ရထားကြပေမယ့်ဘယ်သူ
ကမှ အလုပ်ကိုအတည်တကျ မလုပ်ချင်ကြသေးဘူး။ အခုထိ အလေလိုက်လို့ကောင်းကြ
တုန်း။
သင်တန်းတွေတက်တယ်ဆိုတာကလည်း စာကိုဟုတ်တိပတ်တိ သင်ယူချင်လို့မဟုတ်ကြ
ဘူး။ ကိုယ့်အကွက်နဲ့ကိုယ်ဆိုတော့ ငွေဖြုန်းခြင်းတမျိုးသာဖြစ်တယ်လေ။ ဒီလိုသင်တန်း
တွေတက်နေတယ်ဆိုတော့ သူတို့အိမ်တွေကလည်း တခြားမဟုတ်ကဟုတ်ကလုပ်တာ
ထက်စာရင် တော်သေးတယ်ဆိုပြီး ကြည်ဖြူကြတယ်ကျနော်ကတော့ သူတို့သုံးယောက်နဲ့
အတူ သူတို့လုပ်သမျှကို ကိုယ့်အိတ်ထဲကပိုက်ဆံထုတ်စရာမလိုဘဲ တန်းတူလိုက်လုပ်ခွင့်
ရထားတော့ အတည်တကျ အလုပ်ရှာချင် လုပ်ချင်စိတ်ကို မရှိတော့ဘူး။ ဒါပေမယ့်ကျနော်
ကမာနနဲ့ပါ။ သူတို့တတွေကြည်ကြည်ဖြူဖြူ ပေးလာကျွေးလာမှသာ ယူတာ။ ဘယ်တော့မှ
ဖွင့်မတောင်းဘူး။
သူတို့အိမ်တွေကို ဝင်ထွက်နေပေမယ့်လည်း ဘယ်တော့မှသူများပစ္စည်းကို မသိဘဲခွင့်မပြု
ဘဲ မယူတတ်ဘူး။ ဒါကိုတော့ ထိန်းလေ့ရှိတယ်။ ဘာလို့ဆို ကျနော်တို့ကအခုမှသာ မွဲသွား
တာ။ ဆွေကြီးမျိုးကြီးတွေလေ။ ပြောရင်ယုံမှာမဟုတ်ဘူး။ ကျနော့်အဖိုးကဆို မန္တလေး
အဘိဓာန်ထဲမှာ အဘိဓာန်ဝင်တည်ပုဒ်အဖြစ်နဲ့ ကျော်ကြားခဲ့တဲ့သူဌေးတစ်ဦးပေါ့။ဒီဂုဏ်ကို
တော့ မောင်နှမအားလုံးက ထိန်းရမယ်လို့ အမေကမကြာခဏဆုံးမလေ့ရှိတယ်။
********
"ဇော်ထူး အဲဒီကောင်ကိုသေချာကြည့်ထား ပြီးရင်မင်းလုပ်ရမယ့်အစီအစဉ်က.......
မင်းဘာမှမဖြစ်စေရဘူး။ ငါအာမခံတယ်သိလား။ အဲဒီ့အတွက်မင်းငါ့ကားကိုသုံး"

မင်းဆက်ကပြောတော့ကျနော်အံ့အားသင့်စွာ ပြန်မေးလိုက်တယ်။
"ဘာဖြစ်လို့လဲကွာ........တခြားနည်းလမ်းမရှိဘူးလား "
"မရှိပါဘူးဆို........ဒီကောင်ငါအခုလိုက်နေတဲ့ကောင်မလေးကို အနှောက်အယှက်ပေး
နေတာဒီလိုမှမဆုံးမရင် မဖြစ်ဘူး။ ငါကြည့်လို့မရလို့ပါ။ ငါ့ကိုကူညီပါကွာနော်"

ကျနော် တွေကနဲ တချက်စဉ်းစားလိုက်တယ်။ အခုကျနော် သွားရင်လာရင်စီးနေတဲ့
ဆိုင်ကယ်ကဒီကောင်ပေးထားတာလေ။ ဆီစာအုပ်တောင်ပါလိုက်သေးတယ်။ တခါ
တလေ ကျနော်ဘယ်မှမသွားတဲ့အခါတွေကျ အိမ်ကယူသုံးလေ့ရှိတဲ့ အသုံးကျတဲ့
ဆိုင်ကယ်လေးပေါ့။
ကျနော်သက်ပြင်းချပြီး သူခိုင်းတာလုပ်ပေးဖို့ ခေါင်းညိမ့်မိလိုက်တော့တယ်။ လုပ်ရမှာ
က သူအခုပြထားတဲ့ကောင်လာရာလမ်းမှာကားနဲ့အမှတ်တမဲ့ ခေါင်းတည်ပေးပြီးမှ
ရှောင်ပေးလိုက်ပြီး ဒီကောင့်ကားကို အရှိန်မထိန်းနိုင်ဘဲ အင်းထဲကျသွားအောင်လုပ်
ရမှာ။
နေရာက ရတနာပုံတက္ကသိုလ်အဝင်လမ်းမှာ။ ပြီးမှ အချိန်ကိုက် မင်းဆက်က ဖြုံသွား
အောင် ဖုန်းဆက်အသိပေးပြီး ခြိမ်းခြောက်မှာတဲ့။တာဝန်က ကားလေးခေါင်းတည်ပေး
ရုံတင်။ ကျနော်ဒီလိုလုပ်နိုင်ဖို့အတွက် လေးယောက်သား အဲဒီလမ်းမှာ သွားပြီးလက်
တွေ့လေ့ကျင့်ကြသေးတယ်။ လေ့ကျင့်တာကတော့ ချောလို့။ တကယ်လုပ်ရမယ့်နေ့ကျ
မင်းဆက်တို့ သုံးယောက်ကမပါဘူး။ Friend မှာထိုင်စောင့်နေခဲ့ကြတယ်။ ကျနော့်ကို
တော့ လုပ်ငန်းမစခင်အရည်လေးနည်းနည်းတင်ပေးထားကြတယ်။ ဒါကြောင့် ကျနော်
တာဝန်ကိုထမ်းဆောင်ဖို့ အလိုလိုနေရင်း တက်ကြွနေတယ်။ အင်းထဲကို သူမကျဘဲ
ကိုယ်ကျသွားလည်း ချော်လဲရောထိုင်ရေကူးပြီးကမ်းပေါ်ကိုတက်လိုက်ရုံပေါ့လို့ စိတ်
လျှော့ထားလိုက်တယ်။
ကျနော်အောင်အောင်မြင်မြင်နဲ့ လုပ်လိုက်နိုင်တယ်။ ကျနော်တို့ထင်ထားသလို တဖက်
ကားက အင်းထဲကိုတော့ကျမသွားဘူး။ လမ်းဘေးကသစ်ပင်တစ်ပင်ကို အရှိန်နဲ့ဝင်
ဆောင့်မိသွားတယ်။ ကားကရှေ့ပိုင်းရစရာမရှိအောင် ပိန်ချိုင့်သွားပြီး ဟိုကောင်လည်း
ဒဏ်ရာပြင်းသွားတယ်ဆိုလားကျွန်တော်အမူးပြေသွားမှ စိတ်မကောင်းဖြစ်မိတယ်။
ဟိုကောင်တွေလည်း ဒဏ်ရာပြင်းမှန်းသိတော့ သူတို့လက်ချက်ဖြစ်ကြောင်း အသိပေး
ပြီး မခြိမ်းခြောက်ရဲတော့ဘူးလေ။ ကျနော်ဘယ်ဖက်လက်မကတော့ ဘယ်လိုကဘယ်လို
ဒဏ်ရာရသွားတယ်မသိဘူး။လက်သည်းခွံကြီးက ညိုမဲပြီးပုပ်သလို ဖြစ်သွားတယ်။
ကျနော်မောင်းတဲ့ကားကတော့ ရှေ့မီးခွက်တစ်လုံးကွဲပြီးဘော်ဒီနည်းနည်းပဲထိသွား
တယ်။ ကံကောင်းသွားတာက အဲဒီကောင်က နဂိုကတည်းကကားမောင်းကြမ်းတော့
ကြိုတင်ကြံစည်ထားကြမှန်း ဘယ်သူမှမရိပ်မိကြဘူး။ ဘာပဲပြောပြောကျနော့်ဘဝက
တခါတရံဒီလိုပဲ စိတ်မပါဘဲလုပ်ရတာတွေလည်း ကြုံတတ်ပြန်တယ်လေ။
*********
ကျွန်တော်တို့တတွေက တခြားမဟုတ်ကဟုတ်က ဘာမှမလုပ်တတ်ကြပါဘူး။ ညနေ
တိုင်းဝီစကီ ဒါမှမဟုတ်ရင် ဘီယာလေးကို အမြည်းကောင်းကောင်းလေးတွေနဲ့ ငြိမ့်
တတ်ကြတာတစ်ခုပါ။ တခါတလေတော့ ယောက်ျားလေးသဘာဝ အမိုက်စားလေးတွေ
ကို ဝယ်စားလေ့ရှိကြတယ်။ တခါတလေရာသီဥတုပူရင် အနီးအနားတောင်ပေါ်မြို့လေး
တွေက ဟိုတယ်တွေမှာ သွားနှပ်လေ့ရှိကြတယ်။ ဒီလောက်ပါပဲ။ အိမ်မှာ ကျနော့်ကို
ကြည့်မရတဲ့ အစ်ကိုအကြီးဆုံးက သူ့သူငယ်ချင်း ကိုမိုးမြင့်တည်ထောင်ထားတဲ့ ရပ်ကွက်
အခမဲ့စာဖတ်ဝိုင်းလေးမှာ ကူညီလုပ်ပေးဖို့ နဲ့ အဲဒီလူနဲ့လည်း စကားပြောကြည့်ဖို့ ကြုံ
တိုင်းတိုက်တွန်းလေ့ရှိတယ်။
ကျနော်တို့ ယာဉ်ပျံထဲမှာတော့ ကိုမိုးမြင့်က သူ့ထမင်းသူစားနေပြီးလူငယ်တွေနဲ့ပေါင်း
ဆုံးမစရာရှိတာဆုံးမ ပရဟိတအမြဲလုပ်လေ့ရှိတဲ့သူအဖြစ် နာမည်ကြီးပေါ့။ ကျနော်က
တော့ အဲဒီလိုလူမျိုးကို အလကားနေရင်းကို ကြည့်မရဖြစ်လွန်းလို့ မြင်ရင်စေ့စေ့တောင်
မကြည့်မိဘူး။ ဒါတွေကိုနာငြီးလွန်းလို့ အိမ်မှာကိုမနေချင်တော့တာ။
တစ်ရက် ကျနော်တို့အဖွဲ့မူဆယ်ကအပြန်လမ်းမှာ နည်းနည်းတင်ပြီးကားမောင်းလာတဲ့
ကျနော် တလမ်းလုံးဘာမှမဖြစ်ဘဲ ရပ်ကွက်ထဲဝင်ကာမှ လမ်းဘေးမှာရှိတဲ့ သူ့စာဖတ်ဝိုင်း
က စားပွဲကြီးကိုဝင်တိုက်မိပါလေရော။ အရှိန်နဲ့ဆိုတော့ စားပွဲကကြေမွပြိုလဲသွားတယ်။
လူတွေထွက်လာပြီးကျနော်တို့ကားကို ဝိုင်းအပြစ်တင်ကြတယ်။ ကျနော်တို့လေးယောက်
လုံး ရပ်ကွက်ရုံးရောက်ပြီး လျော်ကြေးပေးလိုက်ရတယ်။
တော်သေးတယ်။ ပြန်လာတာကနောက်ကျတော့ စာဖတ်တဲ့သူတွေ ခင်းထားတဲ့စာအုပ်
တွေမရှိတော့လို့။ အချိန်စောရင်တော့ လူကိုဝင်အောင်းမိမှာသေချာတယ်။ အိမ်ကလူတွေ
ကတော့ကျနော့်ကို စိတ်ဆိုးလွန်းလို့ စကားတောင်မပြောကြဘူးလေ။ ဒီလိုဆိုတော့လည်း
နားငြီးသက်သာတာပေါ့ဗျာ။
********
ကျနော့်ခေါင်းအုံးဘေးမှာထားတဲ့ ဖုန်းမြည်တာနဲ့ ကြည့်လိုက်တော့မိုးဝေခေါ်တာဖြစ်နေ
တယ်။
"အေးပြော... ဘာလဲကွ "
"ငါတို့ အခု ဆီဒိုးနားဘီယာဂါးဒင်းမှာ။ မင်းကိုအရေးတကြီးအလိုရှိနေတယ်ကွ။ အခုမင်း
ဘယ်မှာလဲ။ ဒီကိုလာခဲ့အုံးကွာ။"

ကျနော်လာမယ်လို့ အကြောင်းပြန်လိုက်ပြီး အင်္ကျီကောက်စွပ်လိုက်တယ်။ ည၉နာရီထိုး
နေပြီ။ ဘာအစီစဉ်ထူးတွေရှိနေလို့လဲလို့ သိချင်ပေမယ့် ဟိုတခါတုန်းကလို ခိုင်းမှာကိုတော့
စိတ်ပူမိတယ်။သူများအနာတရဖြစ်သွားအထိတော့ ကျနော်လုပ်မပေးချင်တာအမှန်။
ဒါကြောင့် အဲဒီလိုအစီအစဉ်မျိုးဆိုရင်တော့ ကျနော်ငြင်းကြည့်ဖို့ လမ်းမှာစကားရှာလာခဲ့
တယ်။ ရောက်ရောက်ချင်း မိုးဝေကပဲစကားစတယ်။
"ငါတို့အခုပြောမယ့်အစီအစဉ်ကအရင်ကလိုမူးလို့ပြောတာမျိုးမဟုတ်ဘူးနော်။ ဖွန်ကြောင်မယ့် ကိစ္စလည်းမဟုတ်ဘူး။ တွေ့လား....အပျော့လေးဘဲဆွဲနေတာလေ။ ဒါကြောင့်မမူးဘူး။
ဒီကောင်တွေလည်းအတူတူပဲ။ "

ပြောမပြောသေးဘူး။ သူတို့မမူးတဲ့အကြောင်း ဒီလောက်ကြီးနိဒါန်းချီနေပုံပေါက်ရင် ကိစ္စ
လေးနက်မယ့်ပုံ။ ကျနော် သိလည်းသိချင် စိတ်လည်းပူလာမိတယ်။ အခုအထိ အညိုအမည်း
စွဲနေသေးတဲ့ ကိုယ့်လက်မကိုယ် ပြန်ကြည့်မိတယ်။ ခုနကလမ်းမှာရှာထားတဲ့စကားတွေလည်း
ဒီကောင်တွေမျက်ခွက်မြင်လိုက်တာနဲ့ ဘယ်ဆရောက်ကုန်မှန်းမသိ။ ဒါပေမယ့် ကျနော်မပြော
ချင်ပြောချင်နဲ့ စကားစလိုက်တယ်။
"ဟိုတခါတုန်းကလို လူကိုအန္တရာယ်ဖြစ်စေတဲ့ဟာမျိုးတော့ ငါမလုပ်ပေးချင်ဘူးကွာ။အဲ.....
အဲဒီတုန်းက သူတင်မဟုတ်ဘူးကွ။ ငါ့အတွက်လည်း အန္တရာယ်များခဲ့တယ်။ ကံကောင်းလို့
ဘာမှမဖြစ်လို့သာ "

ပြောမယ့်ပြောတော့လည်း အကုန်လုံး။ မိုးဝေကကျနော်ပြောတာကို မျက်ပေါက်ကျဉ်းနဲ့ခေါင်း
တဆတ်ဆတ်ညိမ့်ပြီးမှ........
"အိုကေ....ဒီတခါငါပြောမယ့်အစီအစဉ်က လူကိုလုပ်ရမှာမဟုတ်ဘူး။ ဘယ်သူ့ကိုမှမထိခိုက်
မယ့် သက်မဲ့ပစ္စည်းကြီးကိုလုပ်ရမှာကွ.... ဒါ့အပြင်အောင်မြင်သွားခဲ့ရင် ဘောက်ဆူးလည်း
ရအုံးမှာငါ့ဖားသားကြီးမိတ်ဆွေက ငါ့ကိုဒီအစီအစဉ်လုပ်ဖို့ လူရှာခိုင်းနေတာ....သူကဘော့စ်
ကွ ပေးမယ့်ဘောက်ဆူးကလည်း မိုက်တော့ ငါကတခြားသူမရှာတော့ဘဲ ငါတို့ပဲလုပ်ပေးမယ်
လို့ ပြောလိုက်မိတယ်...မလုပ်နိုင်စရာလည်းမရှိပါဘူး။
ဒီလိုကွာ....မင်းတို့လည်း မြင်ကြမှာပေါ့။ အခုမန္တလေးမြို့ရဲ့ လမ်းဒေါင့်တွေတိုင်းမှာဘေဘုတ်
တွေထောင်ပြီး ကြော်ငြာထားကြတာတွေ။ ငါတို့တောင် ဟိုတခါ ငါကြည့်မရတဲ့အဆိုတော်ကြီး
ကို ဓားနဲ့ဗြိကနဲ ဖြဲခဲ့ကြသေးတာရော။ အခုဟာက အဲဒီလိုမျိုးလုပ်ရမှာ။ ဒါပေမယ့် ကြော်ငြာ
တိုင်းကိုမဟုတ်ဘူး။ ဒီမှာကွ......ဒီပုံထဲကဘေဘုတ်တွေကိုပဲလုပ်ရမှာ"

မိုးဝေကပြောရင်းဆိုရင်း သူ့ကင်မရာထဲမှာရှိတဲ့ ပုံတွေကို တစ်ပုံပြီးတစ်ပုံပြတယ်။
"အားလုံးပေါင်း နေရာလေးနေရာမှာ တွေ့လား? ဒီလေးခုပဲ..
အောင်မြင်ရင်လေးပုံနော် ဟေ့ကောင်တွေ..ငါတို့တွေ အိမ်မုန့်ဖိုးတောင်းစရာမလိုဘဲ မိုးကုတ်
လောက်တော့ အေးဆေးသွားနှပ်လို့ရတဲ့စရိတ်ကွ ဘယ့်နှယ်လဲ"

ကျနော် ဒီအစီအစဉ်ကိုတော့ စိတ်ဝင်စားလာရတယ်။ ဟိုတခါကတောင် ပိုက်ဆံမရဘဲ ဘာမ
သိညာမသိ ကြည့်မရတဲ့ကောင်ရဲ့ပုံမို့ ဖြဲခဲ့ကြသေးတာပဲ။ အခုလို ရည်ရွယ်ချက်နဲ့ လုပ်မယ်ဆို
ရင်တော့လူပြတ်တဲ့ညအချိန်ကို ရွေးလုပ်ရင် ကျနော်တို့ အတွက် ဘာမှ အန္တရာယ်ရှိနိုင်မယ်မ
ထင်ဘူးလေ။ဒါကြောင့်မို့ မိုးဝေမျက်နှာကိုကြည့်ပြီး ..........
"ကဲ.... ငါတို့က လက်ခံမယ်ထားပါတော့။ မင်းပြောတဲ့ ဘော့စ်က ဘယ်သူလဲကွ
အဲဒါ ငါသိချင်တယ်။ နောက်ပြီး ဟိုတခါတုန်းကလို ငါတစ်ယောက်တည်းလုပ်ရမှာလား။ မင်း
တို့လည်းဝင်ပါအုံးမှဖြစ်မှာပေါ့။"

"ဒီတခါတော့စိတ်ချ.... ငါတို့လည်းပါမှာပါ။ တစ်ယောက်က ပတ်ဝန်းကျင်အခြေ
အနေကိုကြည့်ပေး။ ကျန်တဲ့ကောင်တွေကလုပ်ငန်းစကြပေါ့။ ပြောရင်းနဲ့တောင်ပျော်လာပြီကွာ။
ဘော့စ်ဘယ်သူဆိုတာ ငါလည်းသေချာမသိဘူး။ငါ့ကိုခိုင်းတဲ့ကောင်ကလည်း သူ့နောက်မှာ
တဆင့်ခိုင်းတဲ့သူရှိဦးမယ့်ပုံဘဲကွ။ ဒါတွေကို စိတ်မဝင်စားပါဘူး။ ဒါရဖို့ပဲ မဟုတ်လား။ ပြီးရင်
မိုးကုတ်သွားနှပ်ကြမယ်ကွာ။ "

မိုးဝေက လက်ညှိုးနဲ့လက်မဝိုင်းပြရင်း ပြောတယ်။ ကျနော်တို့တတွေရဲ့ ဘီယာဂါးဒင်းအစည်း
အဝေးကဒီတစ်ခါ အားလုံးညီညီညွတ်ညွတ်နဲ့ အောင်မြင်စွာပြီးဆုံးသွားခဲ့တယ်။ လုပ်ငန်းက
တော့ မနက်ဖြန်ည၁၀နာရီခွဲ အခုလိုတင်ပြီးမှ စကြမယ်လို့ချိန်းထားပြီးသား။ ကျနော်တို့အတွက်
ဒီအလုပ်က အတွေ့အကြုံရှိပြီးသားဆိုတော့ ထူးပြီးလည်းလေ့ကျင့်စရာမလိုတော့ဘူးလေ။
********
လမ်းမကြီးတစ်ခြမ်းပဲ့နေတဲ့ ညရဲ့ကောင်းကင်ကိုမော့ကြည့်ပြီးကျနော်ဒုတိယတစ်ပက်ကို
ထပ်မော့ချလိုက်တယ်။ ဒီဆိုင်က ကောက်တေးလေးကမဆိုးဘူး။ ကိုယ့်လစ်မစ်နဲ့ကိုယ်
လွတ်လွတ်လပ်လပ်ကြည့်သောက်ကြလို့ မိုးဝေကပြောထားတယ်လေ။ မင်းဆက်နဲ့ကျော်ဖြိုး
သာနှစ်ယောက်က အမြီးအမောက်မတည့်တဲ့ သံစဉ်ကြောင်တွေနဲ့ မျိုးကြီးရဲ့သီချင်းတစ်ပုဒ်
ကို ဟစ်နေကြတယ်။ မိုးဝေက အားလုံးပိုလန်းသွားအောင် ဝိုင်နဲ့ပိတ်ဖို့ စားပွဲထိုးကောင်လေး
ကို မှာနေပြန်တယ်။ ဒီကောင့်ကြည့်ရတာ ရက်ရက်ရောရော သုံးနေပုံထောက်ရင် ငွေများကြို
ရသလားလို့တောင်ထင်ရတယ်။ ဒီနေ့ကျသလောက်ကိုသူရှင်းမတဲ့လေ။
ညဆယ်နာရီခွဲတော့ ငွေရှင်းပြီး မင်းဆက်ရဲ့အမိုးတစ်ဝက်တစ်ပြက် ဂျစ်ကားနဲ့ထွက်လာခဲ့
ကြတယ်။အားလုံးက တရားလွန်မော့မထားကြတော့ ပျော်တယ်ဆိုရုံတက်ကြွလန်းဆန်းရုံ
လေးပဲ။
ဒီတော့ ကျနော် ဆော်ပလော်တီးမခံရဘူးပေါ့။ လုပ်ငန်းစကြမှာက ၂၆လမ်းနဲ့၇၈လမ်းထောင့်
မှာ။ပြီးရင် အဲဒီလမ်းပေါ်ကဘဲ ၃၅လမ်းထောင့်ကို ဆက်သွားမယ်။ နောက်ကျန်တဲ့နှစ်နေရာက
နောက်နေ့မှ။ ဒါကကျနော်တို့ရဲ့အချိန်ဇယား။ သိပ်မခက်ခဲပါဘူး။ အဲဒီနေရာရောက်တော့
အချိန်ကြောင့်လူအသွားအလာနည်းသွားပြီ။ ဘယ်သူမှမရှိတော့ဘူး။ မီးပွိုင့်လေးကတော့
ကားတွေလာလာမလာလာ သူ့တာဝန်သူ ထမ်းဆောင်နေမြဲ။ ကားနဲ့အရင် တစ်ပတ်ပတ်ပြီးမှ
ဘောင်းဘီနောက်အိတ်ထဲက အတိုးအလျှော့လုပ်လို့ရတဲ့ ဓားရှည်လေးကိုထုတ်လိုက်တယ်။
မင်းဆက်ကစပြီးဂျစ်ကားခေါင်မိုးဘောင်ပေါ်တက်ပြီး ရွှစ်ခနဲမြည်အောင် ဖြတ်လိုက်တယ်။
ကျော်ဖြိုးသာကနောက်တစ်ရွှစ်။ကျနော်က နောက်ထပ်သုံးရွှစ်လောက်။မိုးဝေကကားမောင်း
ရင်းနဲ့....
"ဟေ့ကောင် မင်းဆက်......မင်းမောင်းပေးအုံး။ငါလည်း ရွှစ်ချင်လို့ ဟဲဟဲ"တဲ့။
အားကျနေတာလေ။ မိုးဝေထပ်ပြီးရွှစ်အပြီးမှာ ၂၀ပေx၉ပေအကျယ်ရှိတဲ့ ဗီနိုင်ကြီးက
အိုက်ကျလာပြီးရစရာမရှိအောင် စုတ်ပြတ်သွားပြီ။ ဒီနေရာအတွက် ကျနော်တို့တာဝန်က
ကျေသွားပြီ။ နောက်ထပ်၃၅လမ်းထောင့်မှာလည်း ကျနော်တို့အန္တရာယ်ကင်းကင်းနဲ့ လုပ်
ရမယ့်နှစ်နေရာ အောင်မြင်သွားခဲ့ပြီ။ကြော်ငြာလည်းကြော်ငြာနိုင်ပါ့။ နောက်ထပ်နှစ်နေရာ
ကျန်သေးသတဲ့။ နောက်နေ့အတွက်ချန်ထားခဲ့ပြီး အားလုံးတပ်ခေါက်ပြန်လာခဲ့ကြတယ်။
*********
နောက်နှစ်ရက်လောက်နေတော့ ရတနာပုံတက္ကသိုလ်အထွက် လမ်းဘေးထန်းတောထဲမှာ
ကျနော်တို့တွေငါးမျှားပြီးတက်လာတဲ့ကောင်လေးတွေဆီက ငါးတွေလတ်လတ်ဆတ်ဆတ်
ဝယ်ပြီးဆိုင်ရှင်အဒေါ်ကြီးကိုကြော်ခိုင်းလိုက်တယ်။ ကျနော်ဘီယာတစ်ကျိုက်မော့ပြီးခွက်ပြန်
ချတော့ မိုးဝေက.....
"အဲဒီကြောငြာရှင်ကတော့ စံဘဲကွာ။ မနေ့က ငါတို့ရွှစ်ထားတဲ့လေးခုမှာနှစ်ခုက ပြန်တပ်
ပြီးဖြစ်နေပြီ။ ဒီလောက်ကြီးတဲ့ ဗီနိုင်းကို ဘယ်နှစ်ခုများအပိုလုပ်ထားလဲမသိဘူး။လုပ်ရတဲ့သူ
တောင် လက်ကျနေပြီ..........ဝှီး"

"ဒါဆို နဂိုအတိုင်း လေးခုလေးနေရာ ဖြစ်နေပြီပေါ့ ဟုတ်လား?ပြီးကောပြီးပါအုံးမလားဒီ
အတိုင်းဆို ငါတို့ငွေမရဘဲလက်ပြုတ်လိမ့်မယ်ကွ"

"ငါအဲဒီလောက် အပါ့မလားကွာ? ဒီညအဲဒီလေးခုလုံးဆက်လုပ်ရမယ်။ ဒီညပြီးမှငါတို့ရေ
လျှံမှာလေ။ နောက်နေ့ကျ ဘာဖြစ်ဖြစ် ငါတို့နဲ့မဆိုင်တော့ဘူး။ ဒါကြောင့် ဇော်ထူး.....မင်း
ဒီညတာဝန်ယူလိုက်။ လေးပုံနှစ်ပုံ ငါတို့မင်းကိုပေးမယ်လေ။ ဘယ့်နှယ့်လဲ?"

"မင်းတို့က ဘာဖြစ်လို့မလိုက်တော့တာလဲ?" ကျနော်အတွန့်တက်ကြည့်လိုက်တယ်။
"ငါလက်ညောင်းလှပြီကွာ" ဒါမိုးဝေရဲ့ဆင်ခြေ။
"ငါ့အဖေက ဒီနေ့ည သူနဲ့ညစာစားပွဲတစ်ခုကို လိုက်ဖို့ခေါ်နေလို့ကွ"မင်းဆက်ရဲ့ အကြောင်းပြချက်။
"ငါသိပ်နေမကောင်းဘူးကွ အခုကို ခေါင်းတွေအုံပြီး ကိုက်နေတာ"ဒါကကျော်ဖြိုးသာရဲ့စကား။
"လုပ်ပါဇော်ထူးရာ...ဒီညလေးနေရာလုံး မင်းဘဲကြည့်လုပ်ထားလိုက်လေးခုလုံးမပြီးတောင် နှစ်ခုလောက်ပြီးရင်လည်းမဆိုးပါဘူး။ ပြီးရင်မက်ဆေ့ခ်ျပို့လိုက်ကွာငါမင်းကို ငွေလက်ငင်းရှင်း
ပေးလိုက်မယ် ဟုတ်ပြီလား.?..."

ခါတိုင်းလိုဘဲ ကျနော့်ကိုသူတို့ခိုင်းကြပြန်ပြီ။ ဒါပေမယ့်ဒီလိုလုပ်ရတာက လူကိုအနာတရဖြစ်
အောင်လုပ်ရတာမဟုတ်ဘဲ သက်မဲ့ဗီနိုင်းကြီးကိုလုပ်ရတာဆိုတော့ ကျနော်မငြင်းသာ။ ကျနော်
တစ်ယောက်တည်းဖြစ်နေလို့ နှစ်နေရာလောက်ဘဲရွှစ်တော့မယ်လို့ စိတ်ကူးလိုက်တယ်။သိပ်ကြီး
ခက်ခက်ခဲခဲလည်းမဟုတ်တော့ သူတို့အငြိုအငြင်ကိုခံမနေတော့ဘဲ ခေါင်းညိမ့်လိုက်မိတယ်လေ
************
There's something wrong in the world today..........
I don't know what it is,.....
Something's wrong in our eyes.........
We're seeing things in a different way........
And God know it ain't his...........
It sure ain't no surprise.......Yhh!
We're living on the edge..............We're living on the edge.........
We're living on the edge..............We're living on the edge.........

ကျော်ဖြိုးသာက ဒိတ်အောက်သွားပြီဆိုပြီး မသုံးဘဲပစ်ထားတဲ့ SONYMP3 စက်လေးနဲ့
Aerosmith သီချင်းနားထောင်လာရင်း ကျနော်လုပ်ရမယ့်နေရာနီးလာတာနဲ့ လက်တစ်
ဖက်က နားကြပ်ကိုဖြုတ်ပစ်လိုက်တယ်။
ကိုယ့်ကိုယ်ကိုတော့ အဲဒီသီချင်းထဲက ကားပြိုင်မောင်းတဲ့ ကောင်လေးလိုလို ဘာလိုလို
အထင်ရောက် နေတယ်လေ။နေရာရောက်တော့လုပ်ငန်းစလိုက်တယ်။ ဒီတစ်ခါတော့
ဗီနိုင်းအရှေ့ဖက်ကနေ မလုပ်တော့ဘဲ နောက်ထဲဝင်ပြီးရွှစ်လိုက်တယ်။ တစ်ရွှစ်၊ နောက်
ထပ်တစ်ရွှစ်၊သစ်သားဘောင်ပေါ်ကနေ တွဲခိုတက်ပြီး အပေါ်ပိုင်းကို သုံးရွှစ်လောက်
အားကုန်လွှဲ ခြစ်ချလိုက်တယ်။ ဟော...လျှောခနဲကျလာပြီ။ ရစရာမရှိတော့ဘူး။ ကျနော်
နောက်ထပ်တစ်နေရာကို သွားဖို့ပြင်လိုက်တယ်လက်ကနာရီကိုကြည့်လိုက်တော့ ည၁၁
နာရီ။
ဒီနေ့ည လကမသာဘူး။ နေရာရောက်တာနဲ့ဆိုင်ကယ်ဒေါက်ထောက်ပြီး လုပ်ငန်းစဖို့
အပြင်မှာ ကျနော့်မျက်နှာတစ်ခုလုံး ဝင်းလက်သွားတယ်။ကျနော်ရွှစ်မယ့် ဗီနိုင်းကြီး
နောက်ကနေ လူသုံးယောက်ထွက်လာတယ်။
"ဟေ့ကောင်တွေ.....သူ့ကိုဝိုင်းထားလိုက်စမ်း မလွတ်စေနဲ့"
ကျနော်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကျနော့်ရဲ့လက်နှစ်ဖက်ကို နောက်ကနေ
သိမ်းကျုံးယူလိုက်ပြီး လက်ထိပ်ခတ်လိုက်ကြတယ်။ နောက်ပြီး ဓာတ်ပုံတွေလည်းရိုက
်ကြတယ်။ကျနော့်လက်ထဲက ဓားရှည်၊ ခါးကြားထဲကလက်ကိုင်ဖုန်း၊ SONY MP3 စက်နဲ့
နားကြပ်တွေကို သက်သေအဖြစ် သူတို့တွေဖြုတ်သိမ်းသွားကြတယ်။ အဲဒီလမိုက်ညမှာပဲ
ကျနော်တစ်ခါမှမရောက်ဖူးတဲ့ ရဲစခန်းကအချုပ်ခန်းကိုကြောင်တောင်တောင်နဲ့ ပါသွား
တော့တယ်လေ။
***********
ကျနော်အချုပ်ထဲမှာ နှစ်ရက်လောက် နေလိုက်ရတယ်။ ဒီအထဲရောက်မှ ကျနော်လုပ်ခဲ့
တဲ့အလုပ်က အန္တရာယ်ရှိမှန်းသိတော့တယ်။ ကျနော်တို့ ပစ်မှတ်ထားခဲ့တဲ့ ကြော်ငြာပိုင်
ရှင်ကသူ့ကြော်ငြာတွေချည်းဘဲ ဒီလိုအလုပ်ခံရတာမကျေနပ်လို့ လုပ်တဲ့သူကိုဖမ်းပေးပြီး
ဥပဒေအရအရေးယူပေးဖို့ စခန်းမှာ အမှုဖွင့်ထားပြီးသားတဲ့လေ။ ကံဆိုးချင်တော့ဖမ်းတဲ့
ရက်ကျမှကျနော်တစ်ယောက်တည်းဖြစ်နေတယ်။ ဟိုကောင်တွေက ကြိုသိလို့ရှောင်ကြ
တာလားတိုက်ဆိုင်သွားတာလား ကျနော်မတွေးတတ်တော့ဘူး။ ကျနော်စခန်းကို တစ်ခု
ဘဲအကူအညီတောင်းမိတယ်။ အိမ်ကိုတော့အကြောင်းမကြားပေးဖို့ အသိမပေးဖို့ပါ။
ကျနော့်အပြစ်ကို ကျနော်ဘဲခံချင်တယ်။ အစကတည်းက အထင်သေးနေတဲ့ အိမ်က
လူတွေကိုပိုစိတ်ညစ်အောင် ကျနော်မလုပ်ချင်လို့ပါ။
ရုံးကြီးထဲမှာ ကျနော့်ကိုအမှုထုတ်စစ်တော့ ဘာမှမကြာလိုက်ဘူး။ ကျနော့်လက်ထဲမှာ
တွေ့ရတဲ့ ပြစ်မှုကျူးလွန်တဲ့ ပစ္စည်းကိရိယာတွေကြောင့်ရော၊ ဓာတ်ပုံအထောက်အထား
တွေကြောင့်ရော ကျူးလွန်တဲ့နေရာမှာတင်လက်ပူးလက်ကြပ်မိတာရောကြောင့် ဘယ်
လိုမှငြင်းလို့မရတော့ဘဲ အမိန့်ချခံရတော့တယ်။ ကျနော့်အမှုက အကျိုးဖျက်ဆီးမှု မြောက်သတဲ့။ကျနော့်ပြစ်မှုကို ဆိုင်ရာဥပဒေပုဒ်မ ၄၂၇နဲ့ ထောင်ဒဏ်၂နှစ် အချခံ
လိုက်ရတယ်။ အမှုစစ်နေတုန်းကတော့ ဟိုသုံးကောင်ကိုလည်းခေါ်ပြီးစစ်ဆေးသတဲ့။
ဒါပေမယ့် ဘာသက်သေအထောက်အထားမှ မရှိတော့ သူတို့တွေကလွတ်သွားကြတယ်
လေ။
ကျနော့်ကို စစ်မေးတော့ ဘာမှရှင်းပြမနေချင်တာနဲ့ဘဲ ရေငုံနှုတ်ပိတ်နေခဲ့တယ်။
ယောက်ျားပဲဗျာ၊ ကျနော့်အပြစ်ကို ကျနော်ခံရဲတယ်။ ကျနော်သူတို့လို သတ္တိမကြောင်
ချင်ဘူးလေ။
**********
"ကျွီ......"
အရှိန်မထိန်းနိုင်ဘဲ ပစ်လဲကျသွားတဲ့ကိုယ်ကို ကြိုးစားပြီးပြန်မတ်လိုက်တယ်။တော်သေး
တယ်။ ကျနော့်ရှေ့မှာလူငါးယောက်လောက်ကခံနေလို့။ ကားက၂၆လမ်းထောင့်
အရှေ့ဖက်ကိုအချိုးမှာ တဖက်ကအရှိန်နဲ့လာတဲ့ကားကြောင့်အမြန်ဘရိတ်အုပ်လိုက်တော့
ယိုင်လဲသွားလို့ အလကားနေရင်း ဒူးပွန်းသွားသေးတယ်။ ကျနော်လမ်းတလျှောက်မှာ
ဆုံးဖြတ်လာတာက ကျနော်ကျူးလွန်မိခဲ့တဲ့ အပြစ်တွေကို အထဲမှာ တာဝန်ကျေကျေ
ပေးဆပ်မယ်လို့ပေါ့။ကျနော်ဖျက်ဆီးခဲ့တဲ့ ဗီနိုင်းတစ်ခုရဲ့တန်ကြေးက ထင်ထားတာထက်
များနေတယ်လေ။ ဒီလိုကြော်ငြာခွင့်ရဖို့ ကုန်ကျစရိတ်ကလည်းမနည်းကြောင်း၊လုပ်ငန်း
လုပ်တဲ့လူတွေအတွက်က အရင်းအနှီးတစ်ခုအနေနဲ့လုပ်ကြရလို့အခုလိုအဖျက်ဆီးခံရရင်
အရမ်းနစ်နာကြောင်း ပြစ်ဒဏ်ချအပြီးမှာရဲမှူးကရှင်းပြခဲ့လို့ ကျနော်ဘာမသိညာမသိလုပ်
ခဲ့တဲ့အလုပ်အတွက်စိတ်မကောင်းဖြစ်မိရပြန်တယ်။
***********
ခိုကလေးနှစ်ကောင် ကျနော့်ခေါင်းပေါ်ကနေ ဖြတ်ပျံသွားကြတယ်။ လွတ်လပ်တဲ့ကောင်း
ကင်က ပြာနှမ်းမနေဘူး။ မိုးရွာချင်လို့ထင်ပါရဲ့။အုံ့မှိုင်းမှိုင်း။ အခုအချိန်မှာ ကျနော်ပိုင်ဆိုင်
တာဆိုလို့ လှုပ်ရှားနေတဲ့ကျနော့်ကိုယ်ခန္ဓာနဲ့ အကောင်းပကဓိအတိုင်းရှိနေတဲ့ သန်သန်မာ
မာခြေနှစ်ချောင်း၊ လက်နှစ်ဖက် အဲ......ဘယ်ဖက်လက်မလေးကတော့လွန်ခဲ့တဲ့ နှစ်နှစ်
ကျော်လောက်က သူများကိုမကောင်းကြံခဲ့လို့ အခုထိပုပ်နေဆဲ။
ကျနော့်နောက်က ထောင်တံခါးပိတ်လိုက်သံကိုကြားရတယ်။ကျနော်ပြန်လှည့်ကြည့်ပြီး
စိတ်ထဲကနေအဓိဌာန်လိုက်တာက"ဒီအထဲကိုဘယ်
လိုအကြောင်းမျိုးနဲ့မှပြန်မလာတော့ဘူး
ဆိုတာပါဘဲ။သူများတွေလို လာကြိုတဲ့သူတွေ
ဘာတွေတစ်ယောက်မှမရှိဘူး။ ဒါကလည်း ကျနော့်ဆန္ဒပါ။ ကျနော်အထဲရောက်နေတုန်း
က အမေရယ်၊အစ်ကိုကြီးရယ်က မကြာခဏလာတွေ့ရှာပါတယ်။ အဲ....ဟိုသုံးကောင်
ကတော့ ရောက်အပြီးနှစ်လလောက်နေမှ တစ်ခါဘဲလာတွေ့ကြပြီးပြန်လွတ်တဲ့အထိ
ပေါ်မလာတော့ဘူး။ နောက်မှ သတင်းပြန်ကြားတာကမင်းဆက်က အိမ်ထောင်ကျ
သွားပြီ။ မိုးဝေနဲ့ကျော်ဖြိုးသာက အိမ်တွေက အတင်းလွှတ်လို့စင်္ကာပူမှာ ကျောင်းသွား
တက်နေကြသတဲ့။ဒီနေ့ အမေက ကျနော့်ကိုလာကြိုမယ်လုပ်ပေမယ့် ကျနော်ကအဲဒီလို
ကြီးကို ရှက်လို့မနည်းတောင်းပန်ပြီး မလာဖို့ပြောထားရတာ။
ကျနော်လမ်းတလျှောက်စဉ်းစားလာတာက ရရာအလုပ်ကိုဝင်လုပ်၊ပိုက်ဆံစု၊ အင်္ဂလိပ်
စာလေးပြန်လေ့လာပြီး ကိုယ့်တက်လမ်းကို ကြိုးစားရှာတော့ဖို့။ ဘယ်သူ့အနှောင်အဖွဲ့
နဲ့မှ ကျနော်မနေချင်တော့ဘူး။ ကိုယ့်ဆန္ဒအတိုင်း ကိုယ်လုပ်ချင်စိတ်ရှိရင်လုပ်မယ်။
မလုပ်ချင်စိတ်ဖြစ်ရင်မလုပ်ဘူး။ သူများနှာခေါင်းနဲ့အသက်မရှူချင်တော့ဘူးလေ။ အခု
ကျနော့်အပိုင်မဟုတ်တဲ့ လက်ကိုင်ဖုန်းဆိုင်ကယ် တခြားတိုလီမုတ်စစက်ကိရိယာပစ္စည်း
စတာတွေလဲဘာတစ်ခုမှမရှိတော့ဘူး။ သူတို့တွေစွန့်ကြဲထားတဲ့ အင်္ကျီဘောင်းဘီတွေ
တော့ အိမ်မှာရှိသေးတယ်။ အမေဆင်ထားတာကလွဲလို့ဒါတွေကိုလည်း ကျနော် လူငယ်
သင်တန်းကျောင်းတို့ ဘာတို့လှူပစ်လိုက်မလားလို့။
"တီ...တီ.."
နောက်နားက ဟွန်းသံကြားလို့ ကျနော်အတွေးနဲ့လမ်းလျှောက်နေရင်းရပ်လှည့်ကြည့်လိုက်
တယ်။ အစ်ကိုကြီးနဲ့ သူ့သူငယ်ချင်းကိုမိုးမြင့်။ ကျနော်သူ့စာဖတ်ဝိုင်းလေးက စားပွဲကို တစစီ
ဖြစ်သွားအောင် ကားနဲ့ဝင်အောင်းဖူးတာကို သတိရမိပြီး မျက်နှာပူလို့ ချက်ခြင်းခေါင်းငုံ့မိရက်
သားဖြစ်သွားတယ်။ ကိုမိုးမြင့်က ကျနော့်ပုခုံးကိုဖက်ပြီး......
"ရင့်ကျက်သွားပြီဖြစ်တဲ့ ငါညီပင်ပန်းမှာစိုးလို့ လာကြိုတာရှေ့လျှောက်ဘဝကိုရင်ဆိုင်ဖို့
အလုပ်တွေလုပ်ရဖို့ အားမွေးထားရအုံးမယ်လေ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပင်ပန်းခံ အချိန်
ဖြုန်းတာမျိုးတွေမလိုအပ်ဘဲ မလုပ်နဲ့တော့ကွာ။ လာ.....တက်"

ကျနော်ဘာပြောရမှန်းမသိဘူး။ ရှက်ရှက်နဲ့ဝန်ခံရရင် ကျနော်ငိုချင်လာတာပါ။
"အစ်ကိုကြီး.၊ကိုမိုးမြင့်...........ကျွန်တော်လွတ်မြောက်ပါပြီနော်ကျ
နော်တကယ်ပဲလွတ်မြောက်သွားပါပြီနော်........ဟုတ်တယ်နော်?"

ဒီလိုပြောရင်း အစ်ကိုကြီးကိုဖက်ပြီး ကျနော်ရှိုက်ကြီးတငင်ငိုလိုက်မိတော့တယ်။ ကျနော့်ခေါင်း
ပေါ်မှာတော့ ခုနက အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးက အခုတော့ တိမ်တွေကင်းစင်ပြီး လမင်း
ကြီးကထွက်လာပြီလေ။

ညလင်းဖြူ

No comments:

Post a Comment