ဘာလီကျွန်းက ယဉ်ကျေးမှုနဲ့ ဘာသာရေးကွန်ဖရင့်

“သီရိလင်္ကာနိုင်ငံက ဘုန်းတော်ကြီးများနှင့်စာရေးသူ”

ရောက်တဲ့နေ့ ဟိုချီမင်းစီတီက အရှေ့တောင်အာရှ ဘာသာစကားစာတမ်းဖတ်ပွဲအပြီး ၃၁ ရက်နေ့မှာ ဘန်ကောက်ကိုပြန်ခဲ့လိုက်တယ်။ ဒါပြီးတာနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇွန် ၃ ရက်နေ့မှာစမဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးကွန်ဖရင့်ကို ဆက်တက်ရမှာပါ။ အခြေအနေအရ ကြားထဲက ၂ ရက်ကို ဘန်ကောက်မှာပဲ နေလိုက်ရတယ်။ ဘာလီကျွန်းကိုကူးဖို့ ဇွန်လ ၂ ရက် မနက်စောစော သုဝဏ္ဏဘူမိ လေဆိပ်ကို အပြေးအလွှားသွားခဲ့ရတယ်။ မှတ်မှတ်ရရ လေယာဉ်ပေါ်ကို နောက်အကျ ဆုံးတက်တဲ့ခရီးသည်ဖြစ်ခဲ့တယ်။ နာရီမှားကြည့်မိ လိုက်တာလေ။ ကံကောင်းလို့ မကျန်ခဲ့တာပါ။

ဘန်ကောက်မှာ ခဏတာ

ဘန်ကောက်ကနေ ဘာလီကျွန်းရဲ့မြို့တော် ဒန်ပါဆာ [Denpasar] နိုင်ငံတကာလေဆိပ်ကို ၅ နာရီလောက်စီးခဲ့ရတယ်။ အင်ဒိုနီးရှားကျွန်းဆွယ်က ဘာလီကျွန်းလေးဟာ ကမ္ဘာ့အကောင်းဆုံးကျွန်းသုံးခုထဲက တစ်ခုအပါအ၀င်ပါ။ ဂျာဗားကျွန်းဆွယ်ရဲ့

“ဘာလီကျွန်း(လေယာဉ်ပေါ်မှမြင်ကွင်း)”

အရှေ့ဖက်အစွန်းဆုံးမှာရှိတဲ့ ဘာလီကျွန်းက မြို့တော် ဒန်ပါဆာကို ရောက်တယ်ဆိုရင်ပဲ ထုံးစံအတိုင်း အိတ်ထွက်အလာကို စောင့်ရပါတယ်။ အိတ်တွေကို တခြားနိုင်ငံတကာ လေဆိပ်တွေကလို X Ray နဲ့ဖြတ်သန်းစစ်ဆေးရုံ သာမကဘူး အနံ့ခံစစ်ခွေးအမည်းကြီးတွေနဲ့ပါ ထွက်လာတဲ့ အိတ်တွေကို ထပ်မံ စစ်ဆေးစေတာက ထူးထူးခြားခြားအတွေ့အကြုံပါ။ ၂၀၀၂ က လူနှစ်ရာကျော် သေဆုံးခဲ့ရတဲ့ ဘာလီကျွန်းဗုံးပေါက်ကွဲမှုဖြစ်ပြီးကတည်းက အခုလိုစစ်တာနေမှာပါ။ ခွေးကြီးတွေက အိတ်နားရပ်နေတဲ့ လူတွေကိုပါ လိုက်နမ်းနေလို့ ကြားဖူးနားဝရှိခဲ့တဲ့ လက်မနှစ်ချောင်းကို လက်သီးဆုပ်ထဲထည့်ဝှက်ထားမိပြီး လှုပ်တောင်မလှုပ်ရဲခဲ့ဘူး။ အိတ်ရွေးပြီးထွက်လိုက်တာနဲ့ လေဆိပ်မှာသူ့အဖွဲ့နဲ့သူလာကြိုတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။

3rd SSEASR Conference [South and Southeast Asian Association for the Study of Culture and Religion] ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကိုင်ဆောင်ထားတဲ့ လူနှစ်ယောက်သုံးယောက်လောက် တွေ့ရတော့ အနီးဆုံးတစ်ယောက်ကို နာမည်နဲ့စာတမ်းခေါင်းစဉ်ကို ပြောပြီးအသိပေးလိုက်ပါတယ်။ ကိုယ့်လိုပဲ ဒီကွန်ဖရင့်အတွက TG 431 နဲ့လိုက်ခဲ့တဲ့လူတွေ စာရင်းပေးမှ အတော်များတာတွေ့လာ ရတယ်။ အိန္ဒိယ၊ ထိုင်း၊ ဥရောပ၊ အမေရိကန် စတဲ့လူမျိုးပေါင်းဆုံတွေလည်း တွေ့ရတယ်။ တခြားအဖွဲ့တွေကိုကြည့်လိုက်တော့ Tour အဖွဲ့တွေကများပါတယ်။ ကမ္ဘာကျော် အပန်းဖြေကမ်းခြေကြီးတစ်ခုကိုး။ တချို့ဆိုလှိုင်းစီးဖို့အတွက် လူတစ်ရပ် ကျော်အရှည်ရှိတဲ့ ကိုယ်ပိုင် Surf ကြီးတွေကို အပင်ပန်းခံသယ်လာကြတာ ကိုလည်း တွေ့ရပါတယ်။ နေ့လည်တစ်နာရီခွဲမှာ လေယာဉ်ဆိုက်ပေမဲ့ လူစုံအောင်စောင့် နေရ၊ စာရင်းပေးနေကြရနဲ့ လေဆိပ်ထဲမှာ နောက်ထပ်တစ်နာရီကျော်လောက် ထပ်စောင့်ကြရတယ်။ ဒီကွန်ဖရင့်ကတော့ တည်းမဲ့ဟိုတယ်တွေကို ကျောင်း အစီအစဉ်နဲ့ အရောက်ပို့ပေးပါတယ်။ အငှားကားစရိတ်မကုန်တော့တာပေါ့။ တည်းတာကတော့ သူတို့စပွန်ဆာ ပေးထားတဲ့ ဟိုတယ်တွေမှာပဲ တည်းခွင့်ရှိပါတယ်။ စောင့်နေကြတုန်း တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြ၊ တင်ပြမဲ့စာတမ်းတွေ အကြောင်း ရှင်းပြကြ၊ ကိုယ့်နိုင်ငံ သူ့နိုင်ငံအကြောင်းဖလှယ်ကြနဲ့ပေါ့။ အချင်းချင်းအဖွဲ့ကျ သွားတော့လည်း စောင့်ရတာတောင်မေ့တေ့တေ့ဖြစ်သွားတယ်။

“ဘာလီကျွန်းမှအနုပညာလက်ရာတစ်ခု”

လူစုံတာနဲ့ ဘတ်စ်ကားကြီးတွေနဲ့ တည်းမဲ့ဟိုတယ်တွေဆီ စထွက်ခဲ့ကြတယ်။ ဘာလီစံတော်ချိန် ညနေ ၃ နာရီလောက်မှာပေါ့။ ကွန်ဖရင့်ကစီစဉ်ပေးထားတဲ့ ဟိုတယ်တွေက လေဆိပ်နဲ့သိပ်မဝေးလှတဲ့ Sanur Beach တ၀ိုက်မှာပဲ။ စာရေး သူက Inna Shindu Five Hotel မှာတည်းရတယ်။ တည်းမဲ့ဟိုတယ်ကို ညနေ ၅ နာရီခွဲမှရောက်တော့တယ်။ ကိုယ့်ရှေ့က ဟိုတယ်နှစ်ခုကို သက်ဆိုင်ရာလူတွေကို အရင်ဝင်ချပေးနေလို့ပါ။ ဒီတော့ ညနေ ၆ နာရီမှာစမယ့် ညစာစားပွဲကို လိုက်ဖို့မမှီတော့တာနဲ့ ဟိုတယ်အထွက်ကမ်းခြေဘေးက ဆိုင်လေးတွေမှာဘဲ ညနေစာ စားလိုက်ရတယ်။ ဘာလီကျွန်းရဲ့ လေကိုစတင်ရှုရှိုက်ရင်း ဖြူဖြူဖွေးဖွေးနဲ့ တလိတ်လိတ်တက်လာတဲ့ လှိုင်းလုံးကြီးတွေကိုကြည့်ရင်း၊ လေတဖြူးဖြူးတိုက်တာကို ခံစားရင်း၊ လှိုင်းသံကို နားစွင့်ရင်းက ချဉ်ချဉ်စပ်စပ် ပင်လယ်စာထမင်းကြော်ကိုစားပြီး ၀ိုင်နီတစ်ခွက်သောက်ခဲ့တဲ့ အရသာကတော့ မမေ့နိုင်စရာပါ။ ဈေးကတော့ အကြီးသား။ ပြီးတာနဲ့မှောင်ရီပျိုးလာတဲ့ ညနေခင်းမှာ ကမ်းခြေနားခဏတဖြုတ် လျှောက်ကြည့်ပြီး အခန်းမှာပဲပြန်နားလိုက်တော့တယ်။

ယဉ်ကျေးမှုနဲ့ ဘာသာရေးကွန်ဖရင့်အစီအစဉ်
3rd SSEASR Conference ကို ဟိန္ဒူအင်ဒိုနီးရှားတက္ကသိုလ် [University of Hindu Indonesia, UNHI] ခြံဝင်းကြီးထဲမှာကျင်းပခဲ့ပါတယ်။ အခမ်းအနားက မနက် ၈နာရီခွဲမှာစမှာမို့ နံနက်စာစား အပြီးအစီး ခုနှစ်နာရီခွဲမှာ အဆင်သင့်လုပ်ထားရမှာပါ။ မပြီးရင်တော့ ကျောင်းကလာခေါ်ပေးမဲ့ ကြိုပို့ ကားကြီးတွေလွတ်သွားမှာဖြစ်ပြီး ကိုယ့်စရိတ်နဲ့ကိုယ်လာရတော့မှာ။ ဒီတော့အချိန်မှီအောင်လို့ မနက် ၆ နာရီ ကတည်းက ထပြင်ဆင်ရတာပေါ့။ ၇ နာရီ ၂၀ ယောက်မှာကွက်တိပြီးနေလို့ ဟိုတယ် Lobby ထဲမှာ ကားအလာကို စောင့်နေလိုက်တယ်။ အိမ်နီးချင်း လာအိုနိုင်ငံက ညီအစ်မနှစ်ယောက်နဲ့ စကားကောင်းနေတုန်း ခဏနေတော့ ကားကြီးနှစ်စီး တပြိုင်တည်းရောက်လာတယ်။ တခြားဟိုတယ်ကလူတွေရောပါလာကြလေရဲ့။ ကားပေါ်မှာ ၁၅ မိနစ်လောက်ထပ်စောင့်လိုက်ရသေးတယ်။ အိန္ဒိယနိုင်ငံက အမျိုးသမီးတချို့ကို စောင့်နေရလို့ပါ။ သူတို့က ကားပေါ်ရောက်တာနဲ့ စောင့်နေကြရလို့တောင်းပန်တယ်။ သူတို့ရိုးရာဝတ်စုံ ဆာရီက ၀တ်ရတာအလုပ်ရှုပ်လို့ ပါတဲ့။ ဒီကွန်ဖရင့်က ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ကွန်ဖရင့်ဆိုတော့ အားလုံးက ကိုယ်နဲ့သက်ဆိုင်တဲ့ ရိုးရာဝတ်စုံတွေပဲ ၀တ်ကြတာကိုတွေ့ရတယ်။ ဒီတော့ အရှေ့အနောက်ခွဲခြားသိနိုင်တာပေါ့။ စာရေးသူကလည်း ကိုယ့်ရိုးရာဒေသထွက် ချိတ်လုံချည်ပဲဝတ်ခဲ့လိုက်တယ်။ ကျောင်းဝင်းကြီးထဲရောက်တော့ ၈ နာရီခွဲကွက်တိ။ ဘွဲ့လွန်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေက ကြိုဆိုရေးတာဝန်ကျပြီး ကျင်းပမဲ့ ဟောကြီးထဲကို ဦးဆောင်ခေါ်သွားပေးတယ်။ ဒီကွန်ဖရင့်ရဲ့ ထူးခြားချက်တစ်ခုက အ၀င်ဝမှာ Metal detector နဲ့စစ်သလို အိတ်တွေကိုလည်းဖွင့်စစ်တယ်။ အင်ဒိုနီးရှားနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး၊ ဘာလီကျွန်းရဲ့ အုပ်ချုပ်ရေးမှူးနဲ့ အိန္ဒိယနိုင်ငံသံအမတ်ကြီး ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်မဲ့ ကွန်ဖရင့်ဖြစ်လို့ပါတဲ့။ တက်ရောက်လာကြတဲ့သူတွေ အများစုကို ခြုံကြည့်တော့ အိန္ဒိယလူမျိုးတွေများတာကိုတွေ့ရပါတယ်။

“Ubud က ဟိန္ဒူဘာသာရေးပွဲတော်နောက်ခံနှင့်စာရေးသူ”

အခမ်းအနားကျင်းပတဲ့ ဟောကြီးထဲကို ၀င်လိုက်တာနဲက ယဉ်ကျေးမှုတက္ကသိုလ်မှာတက်နေတဲ့ အတီးသင်တန်းသားတွေရဲ့ “ဘာလီကျွန်းကကြိုဆိုပါတယ်” တေးသွားတချွင်ချွင်သံကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး စကြားလိုက်ရတယ်။ သူတို့ရှေ့မှာတော့ ကမ္ဘာအနှံ့က တက်ရောက်လာကြတဲ့ စာတမ်းရှင်တွေက ကင်မရာကိုယ်စီကိုင်လို့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေကြတယ်။ အတီး သီဆိုဖျော်ဖြေမှုတွေနဲ့ ဧည့်ခံဖျော်ဖြေ ပေးနေပြီး အခမ်းအနားမစသေးတာကိုတွေ့ရတယ်။ တချို့လူတွေကအခုမှ ၀င်လာကြတုန်း။ နံနက် ၉ နာရီ မတ်တင်းမှာတော့ အခမ်းအနားမှူးက အခမ်းအနားစတင်တော့မှာမို့ နေရာယူပေးကြဖို့ နှိုးဆော်ပါတယ်။ အားလုံးကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်ကြပြီးတာနဲ့ အဖွင့်အမှာစကားပြောကြားပေးဖို့ ဒီတက္ကသိုလ်ရဲ့ ပါမောက္ခ ချုပ် ဒေါက်တာ အိုင်ဝေရန်ရွိုင်း [Prof. I Wayan Rai] ကိုဖိတ်ခေါ်လိုက်ပါတယ်။ ပါမောက္ခချုပ်ရဲ့ ဆယ်မိနစ် အကြာနှုတ်ခွန်းဆက်မိန့်ခွန်းအပြီးမှာ ဒီကွန်ဖရင့်ရဲ့ဥက္ကဋ္ဌကြီး ပါမောက္ခယုဒထရီဂုနာ [Prof. Yuda Triguna] ရဲ့ ငါးမိနစ်ကြာတဲ့ ကျေးဇူးတင်မှတ်တမ်းစကား၊ ယူနက်စကိုအဖွIAHR (International Association for the History of Religions) ရဲ့ President Prof. Ms Rosalind Hackett ရဲ့ ငါးမိနစ်ကြာတဲ့ စာတမ်းဖတ်ပွဲ ကျင်းပရခြင်း အကျဉ်းမိန့်ခွန်း၊ အခုနှစ် တတိယအကြိမ်မြောက် ကွန်ဖရင့်ကော်မတီ ဥက္ကဋ္ဌဒေါက်တာ အမာဂျီးဗလိုဟန် [Prof. Amarjiva Lochan] ရဲ့ ဒီနှစ်ရဲ့ အခမ်းအနားအစီအစဉ် အသေးစိတ်ကိုပြောပြတဲ့ ၁၀မိနစ်ကြာမိန့်ခွန်း၊ နောက် ဘာလီကျွန်းအုပ်ချုပ်ရေးမှူး မစ္စတာအိုင်မန်ဂူပါစတီကာ Mr. I Mangu Pastika ရဲ့ ဘာလီကျွန်းမှာ ဒီကွန်ဖရင့်ကြီးကို လာရောက်ကျင်းပတဲ့အတွက် ဂုဏ်ယူကြိုဆိုဝမ်းမြောက်တဲ့အကြောင်း ပြောကြားချက်၊ ဒီကွန်ဖရင့်ကြီးဖြစ်မြောက်ဖို့ အဓိကစပွန်ဆာအဖြစ်ထောက့်ပံ့ပေးတဲ့ အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယ နိုင်ငံသံအမတ်ကြီး ဘီရန်နန္ဒာ[Mr. Biren Nanda] ရဲ့မိန့်ခွန်း အသီးသီးမိန့်ခွန်း အသီးသီးမိန့်ခွန်းတွေခြွေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပါတယ်။ သူတို့တစ်တွေပြောကြားအပြီးမှာ နောက်ဆုံးမိန့်ခွန်းခြွေသူကတော့ အခမ်းအနားကို တက်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီး မစ္စတာဂျီရိုဝါဆစ် [Mr. Jero Wacik] ရဲ့အပိတ်မိန့်ခွန်းလေးပါ။ ဒီအခမ်းအနားကိုတက်ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေထဲမှာ ရာထူးအမြင့်ဆုံး ဖြစ်တဲ့ ၀န်ကြီးကိုအဖွင့်မိန့်ခွန်းအဖြစ် ပထမဆုံးမှာမထားပဲ ဒီကွန်ဖရင့်ဖြစ်မြောက်အောင်အမှန်တကယ် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့သူတွေကို ဦးစားပေးမိန့်ခွန်းခြွေခိုင်းပြီးမှ ၀န်ကြီးက နောက်ဆုံးမှ ကျေးဇူးတင်ကြောင်း၊ ဂုဏ်ယူကြောင်း၊ နိုင်ငံတကာကတက်ရောက်လာတဲ့ စာတမ်းရှင်ပညာရှင်တွေကို ကြိုဆိုကြောင်း၊ လိုအပ်တာရှိခဲ့ရင်လည်း ဘာလီအုပ်ချုပ်ရေးမှူးကို ပြောဆိုဆွေးနွေးနိုင်ကြောင်းစတဲ့ အခမ်းအနားနဲ့ သက်ဆိုင်တာတွေကိုပဲ ဆယ်မိနစ်ကြာမိန့်ခွန်းခြွေခဲ့ပါတယ်။ ဒါတွေအပြီး ဓာတ်ပုံတွေရိုက်ပြီးတာနဲ့ ဒီတက္ကသိုလ် ကကျောင်းသူကျောင်းသားတွေက ဘာလီကျွန်းအကနဲ့ ဖျော်ဖြေ တင်ဆက်ပါတယ်။

“ဘာလီကျွန်းမှကြိုဆိုပါတယ်”

အကနဲ့ တင်ဆက်အပြီးမှာ နံနက်ဆယ်နာရီဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပြီးတာနဲ့ Keynote Presentation အစီအစဉ်ကို စင်ကာပူအမျိုးသား တက္ကသိုလ်ပါမောက္ခ ၀မ်ဂေါင်ဝူး [Prof. Wang Gungwu] ရဲ့ ''Cultral Diffusion and Inter Ocean Exchange: Past and Present''ဆိုတဲ့ စာတမ်းနဲ့စာတမ်းဖတ်ပွဲကို အစပျိုးခဲ့ကြပါတယ်။ ဆယ်နာရီခွဲမှာတော့ တက်ရောက်လာကြတဲ့ လူကြီးတွေက ပြန်ကြပြီး Tea Break မိနစ်နှစ်ဆယ် ပေးပါတယ်။ အချင်းချင်းဓာတ်ပုံတွေရိုက်ကြ၊ ကော်ဖီ လက်ဖက်ရည် သောက်ရင်းစကားပြောကြပေါ့။ စာရေးသူရဲ့ ချိတ်လုံချည်ကိုကြိုက်လို့ဆိုပြီး ဥရောပသူလေးယောက်လောက်နဲ့ ဘာလီကျွန်းက ကျောင်းသားတချို့က ဓာတ်ပုံတွဲပြီးလာရိုက်သွားကြပါသေးတယ်။ စာတမ်းဖတ်ပွဲအစီအစဉ်ကို အခန်း ၆ ခန်းခွဲပြီး သက်ဆိုင်ရာခေါင်းစဉ်ခွဲတွေအလိုက် နံနက် ၁၁ နာရီကနေ ညနေ ၅ နာရီခွဲအထိ ကျင်းပခဲ့ ကြပါတယ်။ နေ့လည်စာနားချိန်က ၁ နာရီ ၁၅ ကနေ ၂ နာရီ ၁၅ အထိပါ။ အဲဒီနေ့ ညနေ ၄ နာရီခွဲမှာ စာရေးသူနဲ့စာတမ်း ''Kamawasa Usage and Change Its Style among Buddhist Monks" ဆိုတဲ့ ခေါင်းစဉ်ခွဲအောက်၊ အခန်း ၅ မှာစတင်ဖတ်ကြားတင်သွင်းခဲ့ပါတယ်။ အခန်း ၅ ရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူသူ က ဘူတန်နိုင်ငံက ပါမောက္ခဘုန်းတော်ကြီး Prof. Lungtaen Gyatso ဖြစ်ပါတယ်။

ဒီစာတမ်းဖတ်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးအကဲတွေပါ တက်ရောက်ကြပြီး ခေါင်းစဉ်က ယဉ်ကျေးမှုနဲ့ ဘာသာရေးဖြစ်နေတာရော၊ ဒန်ပါဆာမြို့က ဟိန္ဒူဘာသာရေးနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ဝန်းကြီး ထဲမှာ ကျင်းပတာရော၊ UNESCO တို့လို အိန္ဒိယနိုင်ငံသံရုံးတို့လိုတွေက စပွန်ဆာပေးကျင်းပစေတာရောကြောင့် ခါတိုင်းတက်ဖူးခဲ့တဲ့ စာတမ်းဖတ်ပွဲတွေထက် ခမ်းနားကြီးကျယ်ပြီး စာတမ်းတွေကလည်း ကျယ်ပြန့်တာကို တွေ့ရပါတယ်။ ကျင်းပတဲ့ရက် ဇွန် ၃ ရက်ကနေ ၆ ရက်အထိ လေးရက်အတွင်းကို စာတမ်းပေါင်း ၄၂၀ တင်သွင်းဖတ်ကြားကြပါတယ်။ စာတမ်းဖတ်ပွဲပြီးတဲ့ ညနေတိုင်းမှာလည်း ဒီကျောင်းက ကျောင်းသူကျောင်းသား တွေရဲ့ အကအလှတွေ သီဆိုဖျော်ဖြေမှုတွေကလည်း ညနေတိုင်းပါဝင်တာကိုတွေ့ရပါတယ်။ နိုင်ငံတကာက ဧည့်သည်တွေစိတ်ဝင်စားစေမဲ့ အင်ဒိုနီးရှားရိုးရာအပေါ် အခြေခံထားတဲ့ဖျော်ဖြေရေးတွေပါ။ တက်ရောက်လာကြ တဲ့စာတမ်းရှင်တွေကတော့ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဟန်ဂေရီ၊ ဆော်ဒီအာရေဗျ၊ ယူကရိန်း၊ ကနေဒါ၊ တောင်အာဖရိက၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဂျပန်၊ အီရန်၊ ချက်၊ သြစတြေးလျား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ နယ်သာလန်၊ မက္ကဆီကို၊ ဂရိ၊ ကိုရီးယား၊ သီရိလင်္ကာ၊ ဘာလီမြို့ခံတွေနဲ့ မြန်မာတို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့စာတမ်းနှစ်စောင်ဖတ်ကြားဖို့ဖိတ်ကြားခံခဲ့ရပေမဲ့ စာတမ်းရှင်တစ်ယောက်က အချိန်မီရောက်မလာနိုင်ခဲ့လို့တစ်ယောက်သာ တက်ရောက်နိုင်ခဲ့ပါတယ်။ အီရန်နိုင်ငံ က စာတမ်း ၄စောင်၊ လာအိုက တစ်စောင်၊ ထရီနီဒတ်တိုဘားဂိုးနိုင်ငံက တစ်စောင်နဲ့ တောင်အာဖရိကနိုင်ငံက တစ်စောင် ဖတ်ကြားတာကိုလည်းတွေ့ရပါတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာစာတမ်းတွေဖြစ်လို့ နိုင်ငံစုံ လူမျိုးစုံ ပိုတွေ့ရတဲ့ ပွဲတစ်ခုပါ။ ။


ဖြူဖြူဝင်း(မြန်မာစာ)

No comments:

Post a Comment